ဒီချုပ်အား အနိုင်ရပါတီ အဖြစ် ရွေးကော်မှ တရားဝင်ကြေငြာ အမျိုးသား ညီညွတ်ရေး အစိုးရ ဖွဲ့မည်

by Hla Soewai - Nov 14 2020

(၁)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နေရာပေါင်း ၄၆၂ နေရာအနက် ၃၉၉ နေရာ အနိုင်ရရှိနေပြီ ဖြစ်သည်ဟု ရွေးကော်၏ သောကြာနေ့ည နောက်ဆုံးထုတ်ပြန်သော စာရင်းအရ သိရှိရကြောင်း ယူပီအိုင် သတင်းဌာနက ရေးသားလိုက်ပြီ ဖြစ်သည်။

 

ဒီချုပ်သည် ၂၀၁၅ တွင် ရရှိခဲ့သော ကိုယ်စားလှယ် ၃၉၀ ထက် သာလွန်သွားပြီး တပ်ကိုယ်စား လှယ်များ မပါဘဲ အစိုးရအဖွဲ့ကို လွတ်လွတ်ကျွတ်ကျွတ် ဖွဲ့နိုင်သည့် အရည်အတွက် ၃၂၂ နေရာထက် ကျော်လွန်သွားပြီ ဖြစ်သည်။

 

ထိုနေ့မှာပင် ဒီချုပ်ပါတီမှ မိမိတို့သည် အမျိုးသား ညီညွတ်ရေး အစိုးရ ဖွဲ့စည်းသွားနိုင်ရန် ကြိုးပမ်းသွားမည်ဟု ထုတ်ပြန်ကြေညာလာခဲ့သည်။ ဤသည်က တိုင်းရင်းသား ပါတီ ပေါင်း ၃၉ ပါတီနှင့်အတူ လက်တွဲလုပ် ဆောင်ပြီး ပြည်တွင်း ညီညွတ်မှုကို တည်ဆောက်သွားမည့် သဘောပင် ဖြစ်သည်။

 

သို့သော် ရခိုင်အရေးကား သီးခြား စဉ်းစားရမည် ဖြစ်သည်။ ယခုအခါ အေအေသည် ရခိုင်တွင် ယခင်က စိုးရိမ်နေသလို ဒီချုပ်ခြေကုပ်မယူ နိုင်တော့သည့် အဖြစ်ကို ကောင်းစွာ သိရှိလာကြပြီး ဖြစ်သဖြင့် ၎င်းတို့ ကြိုးဆွဲရာ ကမည့် လူများ ပြည်နယ် လွှတ်တော်ထဲတွင် များသထက် များလာစေရန် ရွေးကောက်ပွဲ ပြန်လည် ပြုလုပ်ပေးရန် အဆိုပြုလာခဲ့ခြင်းလည်း ဖြစ်သည်။

 

ရွေးကောက်ပွဲတွင် မဲပေးခွင့်ရရေးသည် နိုင်ငံသားတို့၏ အခွင့်အရေး တရပ်ဖြစ်နေပြန်၍ မည်သည့် အရာနှင့်မျှ အပေးအယူ လုပ်၍ မရစကောင်းပေ။

 

တကယ်တမ်းတွင် ရခိုင်မြောက်ပိုင်း၌ အေအေ သည် နယ်မြေအရ စိုးမိုးထားနိုင်ခြင်း မရှိသော်လည်း လူထု၏ စိတ်နှလုံးကို ကိုမူ ကောင်းစွာ သိမ်းကျုံး ယူနိုင်သွားခဲ့ပြီ ဆိုသည်က အထင်အရှားပင် ဖြစ်သည်။

 

(၂)

 

ဒီချုပ်အဖွဲ့မှ ယခုလို သောင်ပြိုကမ်းပြို အနိုင်ရရှိသွားခဲ့ခြင်းသည် လူထု မှ ခေါင်းဆောင် ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ မပြီးဆုံးသေးသော တိုက်ပွဲကို အပြီးသတ် နိုင်ရန် တခဲနက် တွန်းအားပေး ထောက်ခံလိုက်ခြင်းသာ ဖြစ်သည်။ ဤသည်ကား သူမအတွက် တိုက်ပွဲကို ဆင်နွှဲရန် လွန်စွာ အင်အား ကောင်းသော လက်နက်ကြီးများ အဖြစ် ရရှိလာခဲ့ပြီ ဖြစ်သည်။

 

ထိုသို့ လူထု၏ ဆန္ဒသဘောထားကိုပင် နိုင်ငံရေး ရေချိန် မမြင့်မှု ဟု ဆိုကာ အပြတ်အသတ် လဲပြိုသွားသော ပါတီငယ်လေးများက မိမိတို့ ၏ ဒဏ်ရာဒဏ်ချက်များကို ကုစားနေရင်းက ထပ်မံစော်ကားလိုက်ကြပြန်သည်။ နိုင်ငံရေး ရေချိန် မြင့်မှု ဆိုသည်မှာ ငါးနှစ်တာလောက်ကိုသာ ကွက်ကွက်ကလေး မကြည့်ဘဲ မိမိတို့ နိုင်ငံ အကျိုးအတွက် ရေရှည်ကို ကြည့်မြင်တတ်မှုကို ဆိုလိုခြင်းသာ ဖြစ်သဖြင့် မည်သူက နိုင်ငံရေး ရေချိန် မြင့်တက်နေပြီ ဆိုသည်ကို သိသာ ထင်ရှားစွာ ပြဆိုလိုက်ခြင်းပင် ဖြစ်သည်။ မြန်မာ အရေးကို သုံးသပ်ခဲ့ကြသော တွေးခေါ်ပညာရှင်ကြီးများအားလုံးလည်း အရှက်တကွဲ အကျိုးနည်း ဖြစ်ကုန်ကြရပေသည်။

 

နှစ်ဆယ့်တရာစု ၏ ငါးပုံတပုံပင် ဖြတ်သန်းခဲ့ပြီးဖြစ်သော်လည်း အမျိုး ဘာသာ သာသနာ ဟု ကြွေးကြော်ကာ လူထုကို လုပ်ကြံ လီဆယ်နိုင်ရန် ကြိုးပမ်နေသူများ၊ မိမိတို့ တတ်သမျှ မှတ်သမျှ ဗဟုသုတ များ နှင့် တွေးခေါ်ပြီး အဟုတ်ထင်ကာ တိုက်ခိုက်လာကြသူများ အဖို့က ကြီးမားခိုင်ခံ့လှသော အုတ်နံရံကြီးကို တဒိုင်းဒိုင်း ဝင်ဆောင့်နေသလို လဲပြို ကျဆင်းသွားကြပြီ ဖြစ်သည်။

 

မြန်မာ ပြည်သူများအဖို့က နှစ်ပေါင်း ၆၀ နည်းပါး စစ်အုပ်ချုပ်ရေး ကာလ အတွင်း ဖိနှိပ်ချုပ်ချယ်မှု မှန်သမျှ ကို အမျိုးမျိုးသော ဒဏ်ရာ ဒဏ်ချက်များ နှင့် ကျောကော့အောင် ခံထားခဲ့ရပြီး ယခုအခါ မိမိတို့အား မီးလောင်တိုက်ကြီး အတွင်းသို့ တကျော့ပြန်လည် သွတ်သွင်းရန် ကြိုးပမ်းခဲ့ကြသော လူများအား မည်သို့လျှင် ကြည်ဖြူနိုင်ကြပေမည်နည်း။ နှလုံးနာ စက်ဆုပ်လာကြသည်မှာလည်း အဆန်းတော့ မဟုတ်ပေ။ လူတို့သည် တိုးတက်မှု ဖြစ်စဉ်များကိုသာ လိုလားကြသူ ပီပီ စစ်အာဏာရှင် စနစ်အောက် ပြန်ရောက်ရမည့် အရေးကို လွန်စွာ စိုးရိမ်ထိတ်လန့်လာကြပြီး မိမိတို့အပေါ် ကျရောက်လာမည့် အန္တရာယ်ကြီးကို စည်းလုံးညီညွတ်စွာ စုပေါင်းတွန်းလှန်ကြမှသာ ဖြစ်ပေတော့မည် ဆိုကာ ကိုဗစ် ကူးစက်သူ ခြောက်သောင်း ကျော်လာနေသည့် အကြားမှပင် လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် ထွက်လာခဲ့ကြခြင်း ဖြစ်သည်။

 

၎င်းတို့အဖို့က မိမိတို့ အမြင်မကြည်လင်သူများ အာဏာရနေသည်ကို မရှုစိမ့်နိုင်ကြဘဲ အခြေအနေများ ယိုယွင်းလာပြီဆိုကာ ပတ်မကြီး ထိုးဖေါက် မည်၊ အဆင်မပြေလျှင် စစ်အာဏာရှင် လက်အောက် ပြန်ရောက်ရန် ကြံဆောင်မည် ဆိုသော မသိစိတ်တွင် ကိန်းအောင်းနေသော အတွေးအခေါ်များနှင့် လှုပ်ရှားလာခဲ့ကြခြင်း သာ ဖြစ်သည်ကို ပြည်သူများက ၎င်းတို့ဖာသာ ကောင်းစွာ သိမြင်လာခဲ့ကြပြီး ဖြစ်သည်။ ထိုသို့ သာ ဆက်သွားနေမည်၊ ဖွဲ့စည်းပုံကလည်း ပြောင်းလဲဦးမည် မဟုတ်ဆိုလျှင် နောင်အနှစ်တရာ ကြာလည်း ဒီအတိုင်းပင် အရှုံးနှင့် ရင်ဆိုင်နေကြရဦးမည် ဖြစ်သည်။

 

တပ်မတော် အဖို့က လက်ရှိ နိုင်ငံရေး အခင်းအကျင်း နှင့် နိုင်ငံတကာ တွင် မကြာမီက ဖြစ်ပေါ်ပြောင်းလဲလာမှုများကို ကောင်းစွာ သုံးသပ် နိုင်ခဲ့ကြပြီ ဖြစ်၍ လမ်းခွဲလိုက်ပေတော့သည်။

 

သို့သော် ၎င်းတို့ အာဏာရလိုရငြား တပ်မတော်ကို အားကိုးတကြီး ရှိခဲ့ကြသူများ၏ မဲအရည်အတွက်သည် USDP ကိုပင် မကျော်နိုင် ဖြစ်ခဲ့ကြသဖြင့်လည်း ထိုသို့ ရှုံးနိမ့်ရခြင်းသည် ၎င်းတို့၏ မှားယွင်းမှုကြီးကြောင့် ဖြစ်သည်ကိုလည်း မမြင်နိုင်ရှာပဲ မဟာမိတ်ဖြစ်သော တပ်ချုပ်ကြီး၏ အလွဲလွဲ အချော်ချော် လုပ်ရပ်များကြောင့်ဟု ဆိုကာ ကွယ်ရာတွင် ပြောဆိုနေကြလောက်ပြီ ဖြစ်သည်။

Image Credit - Nikkei Asia Review