ဟီလာရီ ပြောသည့် ဒေါ်အောင်ဆန်းစုကြည် (HARD CHOICE) (၅)

by Hla Soewai - Nov 23 2020

ဧရာဝတီ မြစ်မကြီးသည် မြန်မာပြည်ကို ဖြတ်ကာ မြောက်မှ တောင်သို့ ဖြတ်သန်းစီးဆင်းလျှက် ရှိပေသည်။ နိုင်ငံ၏ ယဉ်ကျေးမှု နှင့် ကူးသန်းရောင်းဝယ်ရေး အချက်အချာကျသော မြစ်ကြီးလည်း ဖြစ်၏။ ဘေးတဖက် တချက်တွင် တမျှော်တခေါ် ရှုမဆုံးအောင် ကျယ်ပြောလှသည့် စပါးကွင်းများက ဝိုင်းရံ၍ ရှိနေသော မြစ်မကြီးမှာတော့ စိန်ပွင့်ကလေးများ တလက်လက် တောက်ပကာ မျောပါ စီးဆင်းနေသလို ဟု ဂျော့ချ်အော်ဝဲလ် ကဖွဲ့ဆိုထားခဲ့ဖူးပေသည်။ ကုန်းတွင်းပိုင်းမှ ခုတ်ယူခဲ့ကြသော နိုင်ငံ၏ အဓိက ပို့ကုန်ဖြစ်သည့် ကျွန်းသစ်လုံးကြီးများ သည် မြစ်တလျှောက် တောင်ဖက်သို့ စီးမျောလျှက် ရှိသည်။

ဟိမဝန္တာ ‌အရှေ့ခြမ်းရှိ ရေခဲတောင်ကြီးများမှ အရည်ပျော် စီးဆင်းလာသည့် ရေများဖြင့် ရှင်သန်နေသော ဧရာဝတီ မြစ်ရေသည် ချောင်းမြောင်းအသွယ်သွယ်ကို ဖြတ်လာသည့် အဓိက ဆည်ရေသောက် မြစ်ကြီးဖြစ်သည်။ မြစ်တလျှောက်ရှိ ကျေးရွာများနှင့် လယ်ယာလုပ်ငန်းများအတွက် အဓိကအားထားရာလည်း ဖြစ်ပြီး မြေဆီဩဇာ ပေါများကြွယ်ဝသည့် မြစ်ဝကျွန်းပေါ်ရှိ အရပ်ရှိ မြစ်ချောင်းများသို့ ခွဲဖြာစီးဆင်းသွားခဲ့သည်။

 

အိန္ဒိယရှိ ဂင်္ဂါ မြစ်၊ ဗီယက်နမ်ရှိ မဲခေါင်မြစ်ကြီးများကဲ့သို့ ဧရာဝတီ သည် မြန်မာလူ့အစည်းအရုံးကြီး၏ အထွတ်အမြတ်ထားရာ နှလုံးသည်းပွတ်လည်း ဖြစ်ပေ၏။ အောင်ဆန်းစုကြည်၏ စကားကို ပြန်လည် ကိုးကား ရမည်ဆိုလျှင်..

 

"သဘာဝကပေးအပ်ခဲ့သည့် ခမ်းနားကြီးကျယ် လှသော အဝေးပြေးလမ်းမကြီး၊ စားသုံးမကုန်အောင် လှိုင်လှိုင်ထွက်သည့် ရိက္ခာအဟာရတို့ဖြင့် ပေါကြွယ်ရာ၊ အမျိုးမျိုး အဖုံဖုံ ရှုမငြီးအောင် ပေါက်ရောက်နေသည့် သဘာဝ ပန်းအလှများနှင့် သားရဲတရိစ္ဆာန်တို့ မြူးတူးကျက်စားရာ၊ မြန်မာလူ‌နေမှု ဘဝ၏ အစဉ်အလာ အားကိုးအားထားပြုရာ၊ က‌ဗျာစာဆို၊ စာရေးဆရာ ကြီးများ၏ ဉာဏ်ကွန့်မြူးခဲ့ရာ မှ မရေတွက်နိုင်အောင် ထွက်ပေါ်လာသော စာပေအနုပညာ များ ပေါက်ဖွားရာ" ဟူ၍ ပင် ဆိုရမည် ဖြစ်သည်။

 

ထိုသို့သော အခြင်းအရာ တခုတလေကိုမျှ အလေးထားရကောင်းမှန်းမသိသော တရုတ်အစိုးရပိုင် လျှပ်စစ်ဓါတ် အားပေး ကုမ္ပဏီကြီးသည် ၎င်းတို့နှင့် ကာလကြာမြင့်စွာ တည်ရှိခဲ့သော ဗိုလ်ချုပ်ကြီးများနှင့်ဆက်ဆံရေးကို အခွင့်ကောင်းယူကာ ဧရာဝတီမြစ်မကြီး၏ အထက်ပိုင်းကို ဖြတ်ပြီး ရေအားလျှပ်စစ်ဓါတ်အား ထုတ်ပေးနိုင်မည့် ဆည်ကြီးတခုကို တည်ဆောက်နိုင်ရန် ကြိုးပမ်းလာခဲ့ကြပေသည်။ ကြီးမားကျယ်ပြန့်လှသည့် အဆိုပါ စီမံကိန်းကြီးကြောင့် ဒေသတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ဂေဟ စနစ်ကို ထိခိုက်ပျက်စီးဖို့ ဖြစ်လာရပေသည်။ သို့သော် တရုတ်နိုင်ငံအတွက်တော့ လွန်စွာ အကျိုးများနိုင်စရာ ရှိနေသည်။

 

နိုင်ငံ မြောက်ပိုင်းရှိ တရုတ် ဆောက်လုပ်ထားသော ဆည် ၆ ခု နှင့် အတူ ယခု တည်ဆောက်ရန် ရှိလာသည့် မြစ်ဆုံဆည်ကြီးမှ ထုတ်လုပ်ရရှိသော လျပ်စစ်ဓါတ်အားကို စွမ်းအင်များ ဆာလောင်ငတ်မွတ်နေသည့် တရုတ်တောင်ပိုင်းရှိ မြို့ကြီးများကို ပေးပို့ဖြန့်ဖြူးမည်လည်း ဖြစ်သည်။

 

၂၀၁၁ တွင်တော့ ဝေးလံခေါင်ဖျားသည့် ဧရာဝတီ မြစ်မကြီး၏ အထက်ပိုင်း ကချင်တိုင်းရင်းသားများ‌ နေထိုင်ရာ မြစ် ကမ်းပါးသို့ တရုတ် ဆောက်လုပ်ရေး အလုပ်သမားများ စတင် ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။ ၎င်းတို့က မြေသားများကို ဖြိုခွဲခြင်း၊ လိုဏ်ခေါင်းများ ဖေါ်ခြင်း အစရှိသည့် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်လာ ခဲ့ကြသည်။ အနီးအနားရှိ ကျေးရွာသားများ ရွှေ့ပြောင်းပေးခဲ့ရသည်။

 

စိတ်အပြောင်းအလဲ မြန်သည့် ဗိုလ်ချုပ်ကြီးများမှ တသွေးတသံ တမိန့်ဖြင့် အုပ်ချုပ်နေသော နိုင်ငံတွင် ထိုကဲ့သို့ အပျက်သဘောဆောင်မည့် စီမံကိန်းကြီး ပေါ်ပေါက်လာခြင်းမှာလည်း အံ့ဩစရာတော့ မဟုတ်ပေ။ သို့သော် အံ့ဩစရာ ဖြစ်လာရသည်မှာ လူထု၏ တုန့်ပြန်မှု ပင် ဖြစ်သည်။ ဒေသခံ ကချင်တိုင်းရင်းသားများက စတင် ဆန့်ကျင်လာခဲ့ကြပြီး မကြာမီ မှာ နိုင်ငံတဝှမ်းလုံးတွင် ဆန့်ကျင်ကန့်ကွက်သံများ ဆူညံစွာ ထွက်ပေါ်လာခဲ့ပေတော့သည်။ ဆင်ဆာ လုပ်ခံနေကြ ရသည့် သတင်းစာများကပင် ရေးသား ဖေါ်ပြလာကြသည်။

 

တက်ကြွ လှုပ်ရှားသူများသည် တရုတ် သိပ္ပံပညာ ရှင်များ တိုင်းတာ ဆန်းစစ်ခဲ့သည့် စာမျက်နှာ ၉၀၀ ပါ အစီရင်ခံစာကို လက်ဝယ်ရရှိလာခဲ့ကြသည်။ ထိုအစီရင်ခံစာထဲတွင် မြစ်အောက်ပိုင်းရှိ ရေချိုငါးများနှင့် တောရိုင်းတရိစ္ဆာန်များ သေ‌ကြေပျက်စီးနိုင်မှု အပါအဝင် မြေငလျင် ကြောကြီးနှင့် ထိစပ်နေမှုများကို ထောက်ပြထားခဲ့သဖြင့် တက်ကြွလှုပ်ရှားသူများက အဆိုပါ စီမံကိန်းကြီးသည် မရှိမဖြစ် လိုအပ်နေပြီလား ဆိုသည့်အပြင် သဘောတူခဲ့သူများ၏ ဉာဏ်ပညာ အတိမ်အနက်ကို မေးခွန်းထုတ်လာခဲ့ကြ‌တော့သည်။

 

ထိုကဲ့သို့ ၎င်းတို့၏ နှလုံးသည်းပွတ်ဖြစ်သည့်ဧရာဝတီ မြစ်ကြီး၏ ဂေဟ စနစ် အကြီးအကျယ် ပျက်စီးထိခိုက် လာမည့် အရေးကြောင့် စစ်အုပ်ချုပ်ရေးသမားများအား ထောက်ခံနေသည့်၊ ပြည်ပမှ ဆရာတဆူ အဖြစ် ရပ်တည်နေသည့်၊ တရုတ်အပေါ် လူထု၏ ဒေါသမှာ နက်ရှိုင်းစွာ အမြစ်တွယ်လာခဲ့ရပြီ ဖြစ်သည်။ အခြားသော အာဏာရှင် နိုင်ငံများကဲ့သို့ပင် အမျိုးသားရေး စိတ်ဓါတ်သည် အစိုးရ ဆန့်ကျင်ရေး အတွေးအခေါ်များထက် ပို၍ပင် တားဆီးရ ခက်ခဲလာသည်ကို ကျမတို့တွေ့လာခဲ့ရပေသည်။

 

မကြုံစဘူးလောက်အောင် တနိုင်ငံလုံး ဒေါသများ ဆူပွက်လာခဲ့သည်။ အောင်ဆန်းစုကြည် သည် သူမ ပြန်လည် လွတ်မြောက်ခဲ့ပြီးချိန်မှစ၍ သိသိသာသာ ငြိမ်သက်နေခဲ့ရာမှ ၂၀၁၁ ဩဂုတ်လထဲတွင် ဆည်တည်ဆောက်မှုအား ဝေဖန်လိုက်သည့် စာတစောင်ကို လူသိရှင်ကြား ထုတ်ပြန်လာခဲ့သည်။ အရပ်သား အမည်ခံ အစိုးရသစ် အကြားတွင်လည်း အယူအဆ အမျိုးမျိုး ကွဲပြားလာနေပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားရလောက်အောင် အငိုက်မိသွားခဲ့ပေသည်။

 

အငြိမ်းစား ဗိုလ်ချုပ်ကြီး တဦးလည်း ဖြစ်သည့် ပြန်ကြားရေး ဝန်ကြီးသည် စာနယ်ဇင်းများကို ဖိတ်ကြားပြီး ဧရာဝတီကို ကာကွယ်ပေးပါမည်ဟု မျက်ရည်လည်ရွှဲ ဖြင့် ကတိပေးခဲ့သည်။ သို့သော် အခြားသော အစိုးရ ဝန်ကြီးများကမူ လူထု၏ စိုးရိမ်ကြောင့်ကြ ဖြစ်နေမှုကို အလေးဂရုမပြုကြဘဲ စီစဉ်ထားသည့် အတိုင်း ဆက်လုပ်သွားမည်ဟု ပြောလာခဲ့ကြသည်။ နောက်ဆုံးတွင်တော့ သိန်းစိန်သည် အဆိုပါ ပြဿနာကို လွှတ်တော်တွင် ထုတ်ပြောလာခဲ့ရပေသည်။ အစိုးရသည် ပြည်သူများက ရွေးချယ်တင်မြှောက်ထားခြင်း ဖြစ်၍ ပြည်သူများ၏ စိုးရိမ်မကင်း ဖြစ်နေမှု ကို အဖြေရှာရန် တာဝန်ရှိကြောင်း ပြောခဲ့သည်။ ဤသို့ဖြင့် အငြင်းပွားစရာ ဖြစ်လာနေသော မြစ်ဆုံဆည် တည်ဆောက်ရေး လုပ်ငန်းများသည် ရပ်တန့်သွားခဲ့ရပေတော့သည်။

 

ဤသည်ကပင် အစိုးရ အသစ်သည် ပြုပြင် ပြောင်းလဲရေး ဖေါ်ဆောင်ရန် အလေးအနက် ရှိနေကြောင်း ပြဆိုလာသည့် လက်ခံနိုင်ဖွယ်ရှိသော သက်သေအထောက်အထားများ ဖြစ်လာခဲ့ရသည်။ ထို့အပြင် တရုတ်ကိုလည်း တရားဝင် လက်တွဲဖြုတ်လိုက်သည့် သဘောလည်း ဖြစ်သဖြင့် အဆိုပါ သတင်းကို ကြားရသူအပေါင်း အံ့ဩတုန်လှုပ်သွားခဲ့ရသည်။

 

ကျမအဖို့ကတော့ နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ချယ်မှု အောက်တွင် နေခဲ့ရသော်ငြားလည်း လျှင်မြန်စွာ ရုန်းထလာနေနိုင်သည့် မြန်မာမြို့ပြ အဖွဲ့အစည်းများ ကို ကြည့်၍ အံ့အားတသင့် ဖြစ်ခဲ့ရသည်။ မြစ်ဆုံဆည် အရေးကို အကြောင်းပြု၍ လူထုကို နှိုးဆွ ပေးနိုင်ခဲ့မှုကို ကြည့်ကာ ကျမသည် အယ်လီနာ ရုစဘဲလ်၏ အတွေးအမြင်တခုကို အမှတ်ရမိသွားခဲ့သည်။ သူမက "နောက်ဆုံးကျတော့ ကမ္ဘာတဝှမ်း လူတွေအားလုံးနဲ့ သက်ဆိုင်တဲ့ လူအခွင့်အရေးတွေ ဆိုတာ ဘယ်က စလာတာလဲ" ဟု ၁၉၅၈ ခုနှစ် ကုလသမဂ္ဂ၌ ပြောခဲ့သည့် မိန့်ခွန်းတွင် မေးမြန်းလိုက်ပြီး သူ့ဖာသာပဲ အခုလို ဖြေသွားခဲ့သည်။

 

"သူ့အနီးအနားက နေရာတွေ ဖြစ်တဲ့ သူကျင်လည်ရာ အသိုက်အဝန်း၊ သူနေတဲ့ ရပ်ကွက်၊ သူတက်ခဲ့တဲ့ ကျောင်း၊ သူ အလုပ်လုပ်နေတဲ့ ရုံး၊ စက်ရုံ၊ လယ်တော တွေက စခဲ့တာပဲ၊ ဒီလို မိမိတို့ အခွင့်အရေးကို စွဲကိုင်ထားနိုင်ဖို့ နိုင်ငံသားတဦးစီရဲ့ မဆုပ်မနစ် ကြိုးပမ်းမှုမျိုးသာ မရှိခဲ့ဘူးဆိုရင် ပိုမို ကျယ်ပြောတဲ့ ကမ္ဘာကြီးမှာ ကျမတို့ ဘာတွေ တိုးတက်လာသလဲ လို့ လိုက်ကြည့်နေလဲအချည်းနှီးပဲ"

 

မြန်မာပြည်ရှိ လူထုကြီး အဖို့ကား ကာလကြာ မြင့်စွာကတည်းကပင် အခြေခံ လွတ်လပ်ခွင့်များ ငြင်းပယ်ခံထားရသည့် ဘဝမျိုး ဖြင့် ရှင်သန်လာခဲ့ရသော်ငြားလည်း ယခုလို မိမိတို့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့်ပတ်ဝန်းကျင်ကို တိုက်ရိုက်ထိခိုက်လာတော့မည့် အရေးကြောင့် ဆန့်ကျင် အုံကြွမှုများအစပျိုးလာခဲ့ရခြင်းလည်း ဖြစ်သည်။ တရုတ်ပြည်တွင်းရှိ လူများသည် ပတ်ဝန်းကျင် လေထု ညစ်ညမ်း လာနေသည့် အဖြစ်ကိုဆန့်ကျင်နေကြပြီ ဖြစ်သည်။ ထိုကဲ့သို့ စတင်လာခဲ့သော မကျေနပ်မှုများမှသည် ဒီထက်မက ပို၍ တောင်းဆိုလာနိုင်သည့် အဖြစ်သို့ ဦးတည်လာနိုင်ပေသည်။ နိုင်ငံသားများက ထိုကဲ့သို့ တောင်းဆိုမှုများ ရရှိလာကြသည့်အခါ မိမိတို့ နေ့တဓူဝ ရင်ဆိုင်နေရသည့် ကိစ္စများအပေါ် အစိုးရ၏ တုန့်ပြန်ဖြေရှင်းလာရန်အရေးဆိုလာကြတော့မည် ဖြစ်သည်။ ယင်းနှင့်အတူ အခြေခံကျကျ ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်သည်ဟူသော မျှော်လင့်စရာ ဖြစ်လာနိုင်သည်။ ဤသည်ကပင် ကျမတို့ ပြောနေသည့် "လူ့အခွင့်အရေးမှသည်လူသားတို့၏ စစ်မှန်သော အနေအထားကိုဖန်တီးနိုင်သည်" ဟူသော စကား၏ တစိတ်တဒေသလည်း ဖြစ်ပေသည်။

 

ဆည်တည်ဆောက်ရေး ရပ်ဆိုင်းခဲ့မှုမှသည် အသစ် အသစ်သော လှုပ်ရှားမှုများ ဖြစ်ပေါ်လာပုံ ရှိသည်။ အောက်တိုဘာ ၁၂ ရက်နေ့တွင် အစိုးရသည် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား နှစ်ထောင် ကျော်ထဲမှ ရာဂဏန်း အနည်းငယ်ကို စတင်လွှတ်ပေးလာသည်။ အောက်တိုဘာ ၁၄ ရက်နေ့တွင် ၁၉၆၀ နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် အလုပ်သမားသမဂ္ဂများကို စည်းရုံးဖွဲ့စည်းခွင့် ပေးလာခဲ့သည်။ ထိုမတိုင်မီကလည်း ဆင်ဆာ ကန့်သတ်မှုများ ဖြေလျော့ပေးခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပဋိပက္ခကို ပြေလည်ရန် ကြိုးပမ်းလာခြင်း အစရှိသည့် အသင့်အတင့်သော ခြေလှမ်းများကိုလှမ်းခဲ့ပြီးလည်း ဖြစ်သည်။

 

စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဖေါ်ဆောင်ရန် အစိုးရသည် နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့နှင့် ဆွေးနွေးမှုများ စတင်လာခဲ့သည်။ အောင်ဆန်းစုကြည်က ထိုလုပ်ရပ်များ အပေါ်သတိကြီးစွာဖြင့် အကောင်းဖက်က ရှုမြင်ခဲ့ပြီး ရန်ကုန်ရှိ သူမအား ထောက်ခံသူများကို ပြောကြားရာတွင် နိုင်ငံရေး အကျဉ်းသားများထပ်မံ လွှတ်ပေးရန် နှင့် ပြုပြင်ပြောင်းလဲရေးများ ထပ်မံ လုပ်ဆောင်ရန် ထည့်သွင်းတောင်းဆိုသွားခဲ့သည်။

 

ကျမတို့သည် ဝါရှင်တန်မှနေ၍ အဆိုပါအဖြစ်အပျက်များကို အနီးကပ် စောင့်ကြည့်လျှက် ရှိနေခဲ့သည်။ မည်မျှ အတိုင်းအတာအထိ ယုံကြည်မှု ပေးရမည်ကိုလည်း ချင့်ချိန်နေမိသည်။ တကယ်တမ်း နိုင်ငံအတွင်း ဖြစ်ပျက်လာနေသည်များကို ပို၍ တိတိကျကျ သိဖို့ လိုအပ်လာသည်။

 

ထို့အတွက် ကျမ က နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထိပ်တန်း လူ့အခွင့်အရေး အရာရှိ မိုက် ပေါစနာ အား ဒဲရက် မစ်ချယ်နှင့် အတူ မြန်မာပြည်သို့ လိုက်သွားပြီး အစိုးရသစ် တွင် ရည်ရွယ်ချက်များ ရှိက အတိအကျ သိနိုင်ရန် ဆန်းစစ်ကြည့်ရန် ညွှန်ကြားခဲ့သည်။

 

နိုဝင်ဘာလ တွင် မိုက် နှင့် ဒဲရက်တို့နှစ်ဦးသည် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြသည်။ ထိုဆွေးနွေးပွဲတွင် ရှေ့လျှောက် အားတက်ဖွယ်ကောင်းမည့် ပြုပြင်ပြောင်းလဲရေးများကို ဆွေးနွေးခဲ့ကြသည်။ ထိုအထဲတွင် လွတ်လပ်စွာ စုရုံးခွင့် နှင့် နိုင်ငံရေး ပါတီများ အား မှတ်ပုံတင်ခွင့် ပြုရန်တို့လည်း ပါဝင်ခဲ့သည်။

 

အောင်ဆန်းစုကြည်၏ ပါတီသည် ပိတ်ပင်ခံထားရဆဲ ဖြစ်ပြီး ဥပဒေကို အပြောင်းအလဲလုပ် မပေးပါက ၂၀၁၂ တွင် ပြုလုပ်ရန် ရှိနေသည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ရလိမ့်မည် မဟုတ်ပေ။ ထိုအကြောင်းသည်လည်း မိုက် နှင့် ဒဲရက်တို့ တွေ့ဆုံဖြစ်ခဲ့သည့် အတိုက်အခံ ပါတီ ခေါင်းဆောင်များ အစိုးရိမ်ဆုံး ကိစ္စ ဖြစ်နေသည်။ ၎င်းတို့အားလုံး က နိုင်ငံရေး အကျဉ်းသား အမြောက်အများ အဖမ်းခံနေရဆဲ ဖြစ်ပြီး တိုင်းရင်းသားများ နေထိုင်ရာ ဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှု များ အကြီးအကျယ် ဖြစ်နေဆဲဟု ပြောပြခဲ့ကြသည်။

 

အောင်ဆန်းစုကြည် အပါအဝင် အတော်များများက ပိတ်ဆို့ဒဏ်ခတ်ထားမှုများကို အလောသုံးဆယ် ဖြေလျော့မပေးရန်နှင့် ဒီမိုကရေစီ ပိုင်းတွင် တိုးတက်မှုများ အခိုင်အမာ ဖြစ်လာသည့်အထိ စောင့်ရန် တိုက်တွန်းခဲ့ကြသည်။ သူတို့ ပြောသည်က အဓိပ္ပါယ် ရှိသည်ဟု ကျမ ယူဆသည်။ လောလောဆယ်တွင်တော့ ကျမတို့က ခေါင်းဆောင်ပိုင်းနှင့် ဆက်လက် ထိတွေ့ ဆက်ဆံသွားပြီး စောစီးစွာ ဖြစ်ပေါ်လာသည့် တိုးတက်မှုများကို မြေတောင်မြှောက်ပေးသွားမည် ဖြစ်သည်။

 

Image credit - Kachin Development Networking Group (KDNG)