ဘဝ ၏ အတက် အကျများကို ဖြတ်သန်းခဲ့ရသော ဒီဂို မာရာဒိုနာ

by Hla Soewai - Nov 28 2020

၁၉၈၆ ခုနှစ် ဇွန်လ ၏ ညနေပိုင်း ပူပြင်းသော နေရောင်က မက္ကဆီကို စီတီး၏ အက်ဇ်တက် အားကစား ကွင်းကြီးထဲသို့ ကျရောက်လျှက်ရှိသည်။ ထိုနေ့သည် မာရာဒိုနာ အား ကမ္ဘာတည်သရွေ့ အသက်ရှင်ခွင့် ပေးလိုက်သည့် နေ့တနေ့လည်း ဖြစ်ပေသည်။

 

ထိုနေ့ကား အာဂျင်တီးနား နှင့် အင်္ဂလန်တို့ အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် ကွာတားဖိုင်နယ် ပွဲ ကျင်းပမည့် နေ့လည်း ဖြစ်သည်။ ပွဲစဉ်၏ ၅၅ မိနစ်တွင် ဒီဂို အာမန်ဒို မာရာဒိုနာသည် အာဂျင်တီးနား ကွင်းလယ်မှ ဘောလုံးကို ဆွဲယူကာ အင်္ဂလန်၏ နောက်တန်း ခံစစ်ကို ကွေ့ကာ ဝိုက်ကာနှင့် သယ်ယူလာပြီး ခပ်နိမ့်နိမ့် ခေါင်းတိုက် သွင်းယူသွားခဲ့သည်။ မာရာဒိုနာ သွင်းလိုက်သော ဂိုးသည် ကမ္ဘာဘောလုံး သမိုင်းတွင် အထင်ရှားဆုံး ဂိုးများစာရင်းတွင် ပါဝင်သွားခဲ့ရသည်။ အင်္ဂလန်အသင်း၏ ပင်နယ်တီ ဧရိယာထဲမှ လွတ်လွတ်ကျွတ်ကျွတ် သွင်းခွင့် မရခဲ့သဖြင့် ဘောကို ဖြစ်သလို လက်ကို ဆန့်ထုတ် ရိုက်သွင်းလိုက်ခြင်းသာ ဖြစ်သည်။

 

နောက်ပိုင်းတွင် “ကျွန်တော် ဘောလုံးကို ခေါင်းနှင့်တို့ ပြီး ဘုရားသခင် ပေးတဲ့လက်ကို နည်းနည်းသုံးကာ သွင်းခဲ့တာ ဖြစ်တယ်” ဟု ပြောခဲ့သည်။ ဗီဒီယို နှင့် ပြန်ကြည့်၍ ရသည့် အချိန် မဟုတ်သဖြင့်လည်း ဂိုးကို အတည်ပြုပေးခဲ့ရသည်။ မာရာဒိုနာသည် ပြီးခဲ့သည့် လေးနှစ်က ဖောက်ကလန် စစ်ပွဲတွင် အင်္ဂလိပ်များကို အရေးနိမ့်သွားခဲ့ရမှု အတွက် လက်စားချေနိုင်ခဲ့သည်ဟု ပြောခဲ့သည်။

 

မာရာဒိုနာသည် နိုဝင်ဘာ ၂၅ ရက်နေ့တွင် နှလုံးရောဂါ ဖေါက်ပြီး အသက် ၆၀ အရွယ်၌ ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။ ဘုရားသခင်က ကောင်းချီး ပေးခဲ့သော စွမ်းရည်ဖြင့် ကြွယ်ဝချမ်းသာမှုများ ရရှိခဲ့သော်လည်း ထိုအဆင့်အတန်းနှင့် လျှော်ညီစွာ နေထိုင်ရမည့် အရေးကို လုံးလုံးလျားလျား အရေးစိုက်ခဲ့သူ မဟုတ်သဖြင့် သူ့အဖို့ အမြဲလို ရုန်းကန်ရင်ဆိုင်နေခဲ့ရပေသည်။

 

မာရာဒိုနာသည် ကျွန်တော်တို့ အတွက် နှစ်ဖက်မြင် ကြည့်မှန်တချပ်လို ဖြစ်ခဲ့ပြီး တဖက်က ဂုဏ်ယူခဲ့ ရသလောက် ကျန်တဖက်က အရှက်ရစေခဲ့သည်ဟု အာဂျင်တီးနား သတင်းစာ တစောင်က ရေးသား ခဲ့ဖူးပေသည်။

 

မာရာဒိုနာ၏ ဖခင်သည် စက်ရုံ အလုပ်သမားတဦး ဖြစ်ပြီး မိခင်သည် အိမ်ဖေါ်တဦးသာ ဖြစ်သည်။ သူသည် ဗျူနိုအေရိစ် မြို့စွန်ရှိ ဗီလာ ဖီရောရီတို ရပ်ကွက်တွင် သံဖြူပြားများ၊ ကပ်ထူပြားများ ဖြင့် အိမ်လုပ်နေခဲ့ရသည့် မိသားစုမှ ဆင်းဆင်းရဲရဲ ကြီးပြင်းလာခဲ့ရသူ ဖြစ်သည်။

 

အရွယ်ရောက်လာပြန်တော့လည်း သူ၏ အရပ်အမောင်းသည် ငါးပေငါးလက္မသာ ရှိခဲ့ပေသည်။ ဂင်တိုတို ခန္ဓာကိုယ်နှင့် တုတ်ခိုင်သော ခြေသလုံးသားများကြောင့် လွန်စွာ အစွမ်းထက်သော ပါဝါများ ပိုင်ဆိုင်ခွင့် ရလာခဲ့သည်။

 

သူ၏ ထင်ရှားသော အမှတ်အသားသည်က တဟုန်ထိုး ပြေးနိုင်စွမ်း ရှိခြင်း၊ဘောလုံးကို ခြေထောက်တွင် ကော်နှင့် ကပ်ထားသလို သယ်ယူနိုင်စွမ်း ရှိနေခြင်း၊ စိတ်ထဲတွင် သူ့အလိုလို ပေါ်လာသော စိတ်ကူး စိတ်သန်းများဖြင့် ဖန်တီးနိုင်ခဲ့ခြင်း တို့ပင် ဖြစ်သည်။

 

သူသည် အသက် ၁၅ နှစ် အရွယ်ကပင် အစဉ်အလာရှိသော်လည်း နာမည် အသင့်အတင့်သာ ကျော်ကြား နေဆဲဖြစ်သည့် အာဂျင်တီနို ဂျူနီယာ ကလပ်တွင် စတင် ကစားခဲ့သည်။ အောင်မြင်လာခဲ့သည်နှင့် အမျှ ဘိုကာ ဂျူနီယာ သို့ ပြောင်းရွှေ့ခဲ့ပြီး ထို့နောက်တွင် ဘာစီလိုးနား နှင့် နာပိုလီ အသင်းများတွင် ကစားခဲ့သည်။

 

သို့သော် အောင်မြင်လာသည့် ကျော်ကြားမှု နှင့် ချမ်းသာကြွယ်ဝမှု တို့၏ ဒဏ်ကို မခံနိုင်ခဲ့ရှာပေ။ သူ့၏အနား လူအများ ဝိုင်းဝိုင်းလည်နေသည့် ဘဝကို မက်မောသူ ဖြစ်သည်။ ထို့အတွက် သူ့အနား တွင် ညာဝါး စားသောက်နေသူများနှင့် နိုက်ကလပ် ပေါင်းစုံတက်ပြီး လူဆိုးဂိုဏ်းဝင်များနှင့် ရောနှောခဲ့ရာမှ ကုတ်ကင်း စွဲသည့် ဘဝ ရောက်သွားခဲ့ရသည်။ သူ့ဘဝတွင် မိန်းမများစွာနှင့် ပတ်သက်ခဲ့ပြီး မွေးခဲ့သော ကလေးများကလည်း ဘော်လုံးတသင်းစာ ဖွဲ့လို့ရသည့်အထိ ရှိလာခဲ့သည်။

 

မာရာဒိုနာ ဘဝ၏ ဒုတိယ ပိုင်းသည် ကြေကွဲစရာ ကောင်းလောက်အောင် ဆိုးဆိုးရွားရွား ဖြစ်လာခဲ့ရသည်။ ခန္ဓာကိုယ်ကလည်း ဝဖိုင့်လာပြီး ယခင်က ဘော်လုံးပွဲများမှ ရသော ဒဏ်ရာဒဏ်ချက်များက ပြန်ပေါ်လာခဲ့သည်။ မာရာဒိုနာ ခေတ်တွင် ဒိုင်လူကြီးများက ဘော်လုံးသမားများကို ယခုလောက် အကာအကွယ် မပေးခဲ့ကြပေ။ ဘော်လုံးလောကသို့ နောက်တကြိမ် ဝင်ရောက်နိုင်ရန် ကြိုးပမ်းခဲ့မှုများက အောင်မြင်မှုမရှိခဲ့ပေ။

 

အာဂျင်တီးနား အမျိုးသား လက်ရွေးစင်အသင်း၏ နည်းပြဘဝဖြင့်လည်း မအောင်မြင်ခဲ့ရှာပေ။ အရင်းရှင် စနစ်၏ အသီးအပွင့်များကြောင့် ချမ်းသာကြွယ်ဝခဲ့သော်လည်း အရင်းရှင် ဝါဒ ဆန့်ကျင်ရေးသမားများ ဖြစ်သော ဖီဒယ် ကက်စထရို ၊ ဟူဂို ချေးဗက်ဇ် တို့နှင့်လည်း သိကျွမ်းရင်းနှီးခဲ့ပြန်သည်။

 

မာရာဒိုနာသည် သူ့နောက်ရှိ လီယို မက်ဆီ၊ ဘရာဇီး က ပီလီတို့ထက် ပို၍ ထင်ရှား ကျော်ကြားသူ ဖြစ်မဖြစ်ကိုက ငြင်းခုံပြောဆိုနေကြဆဲပင် ဖြစ်သည်။ သို့သော် ထိုအရေးအတွက်လည်း အဖြေထုတ်စရာ မလိုပေ။ အာဂျင်တီနား သမ္မတ အယ်ဘတ်တို ဖာနန်းဒက်ဇ် က သုံးရက်ကြာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ကြေညာပေးခဲ့သည်။

 

၂၀၂၀ နိုဝင်ဘာ ၂၅ ရက်နေ့ အီကော်နော်မစ် မဂ္ဂဇင်းပါ The blessed and cursed life of Diego Maradona ကို ပြန်လည် တင်ပြသည်။

 

၁၉၈၆ တွင် နိုင်ငံပေါင်း ၁၆၆ နိုင်ငံက ကမ္ဘာဖလား ဘော်လုံးပွဲကို တိုက်ရိုက် ကြည့်ရှုခွင့် ရခဲ့သော်လည်း ထိုသို့ အခွင့်အရေး မရရှာသော မြန်မာနိုင်ငံရှိ တတိယနှစ် စက်မှုတက္ကသိုလ် ကျောင်းသား ဖြစ်သည့် ကျွန်တော်အဖို့ သူငယ်ချင်းများနဲ့ အတူ အတန်းလစ်ပြီး မြောက်ဥက္ကလာ၊ အင်းစိန် မြို့နယ်များရှိ ရပ်ကွက် ဗီဒီယို ရုံများမှ ပြသသည့် မက္ကဆီကို ကမ္ဘာဖလား ဘော်လုံးပွဲ စဉ် ဟောင်းများကိုသာ ရက်ခြားမှ သွားကြည့်နိုင်ခဲ့ပါတယ်၊ ကျွန်တော် ပထမဆုံး ကြည်ခဲ့ဖူးတဲ့ ကမ္ဘာဖလားပွဲသည် မာရာဒိုနာ နဲ့ စတင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

(ပုံတွင် တကမ္ဘာလုံး ရင်သပ် ရှုမော ဖြစ်ခဲ့ရသည့် Goal of the Century ကို သွင်းကာနီး ဂိုးတိုင် အနီး ချည်းကပ်လာသော မာရာဒိုနာ အား တွေ့ရစဉ်။)