ကမ္ဘာနိုင်ငံရေး ဇာတ်ခုံပေါ်က ဂရိုမီကို၏ နေ့ရက်များ(17)

by Hla Soewai - Dec 02 2020

အခန်း (၄)

 

စစ်ကြီး အတွင်း မှောက်မိုက်သော နေ့ရက်များ၏ သံအမတ် ဘဝ

 

ဒုတိယ ကမ္ဘာစစ်ကြီး မတိုင်မီ နှင့် ဖြစ်ပွားနေစဉ်အတွင်း အမေရိကန် နိုင်ငံခြားရေး မူဝါဒအတွက် တာဝန်ရှိသူ တဦးတလေကမျှ တိကျစွာ ဖြေဆိုနိုင်ခဲ့ခြင်း မရှိသော မေးခွန်းတခု ရှိခဲ့ဖူးသည်။ ဤသည်ကား စစ်ကြီး မဖြစ်အောင် ကာကွယ်ဖို့ အမေရိကန်က မည်သို့မည်ပုံ ကြိုးပမ်းခဲ့ဖူးသနည်း ဆိုသော အမေးပင် ဖြစ်သည်။

 

ထိုအမေးအတွက် သမိုင်းပညာရှင်များနှင့် နိုင်ငံရေး သမားများက အမျိုးမျိုး အဖုံဖုံ အဖြေထုတ်ခဲ့ကြသည်။ အမေရိကန် ပြည်ထောင်စုသည် စစ်ကြီး မဖြစ်မီက ဟစ်တလာ နှင့် သူ၏ မဟာမိတ်များ၏ နယ်မြေချဲ့ထွင်ရေး မူဝါဒကို ပြစ်တင် ရှုတ်ချခဲ့ပြီး ဖြစ်သည်ဟု ပြောဆိုလာကြသည်။ သို့သော် ထိုသို့ ပြောဆိုနေသူ တဦးတလေကမျှ အမေရိကန်သည် ငြိမ်းချမ်းရေး ကို တောင်းဆိုနေကြသော ဆိုဗီယက် ပြည်ထောင်စု အပါအဝင် နိုင်ငံများဖက်က အဘယ်ကြောင့် မရပ်တည်ခဲ့သနည်း၊ ကျူးကျော်သူများကို ဆန့်ကျင်ရန် သံဓိဌာန်ဖြင့် အင်အား တောင့်တင်ပြီး စည်းလုံးညီညွတ်သော တပ်ဦး ကြီး ဖွဲ့စည်းနိုင်ရန် အဘယ်ကြောင့် မလုံးပမ်းခဲ့ပေသနည်း ဆိုသည်ကို မည်သူမျှ ဖြေဆိုနိုင်ခဲ့ခြင်း မရှိပေ။ ဤသည်ကလည်း ကျူးကျော်နေသူများကို ဟန့်တားနိုင်ရေး အတွက် မည်သည့်အစီအစဉ် မှ နဂိုကတည်းက မရှိခဲ့သောကြောင့်ပင် ဖြစ်သည်။ အစိုးရ အဖွဲ့ဝင်များမှ ပြစ်တင် ရှုတ်ချခြင်း၊ မိန့်ခွန်းများတွင် ထည့်သွင်းပြောဆိုနေရုံလောက်နှင့် ဟစ်တလာကို မည်သို့များ တင်းတင်းမာမာ ဟန့်တားနိုင်ပေမည်နည်း။

 

အမေရိကန်တို့ဖက်က စစ်ပွဲ၏ အရိပ်အငွေ့များ ရိုက်ခတ်ခြင်း ခံလာရမှသာ ဝါရှင်တန်၏ သဘောထားသည် ပြောင်းလဲလာခဲ့ရသည်။ ၁၉၄၁ ဒီဇင်ဘာလ အတွင်း ပုလဲဆိပ်ကမ်းရှိ အမေရိကန် ရေတပ်စခန်းကို ဂျာမဏီ ၏ မဟာမိတ်နိုင်ငံ ဖြစ်သော ဂျပန်တို့ စတင်တိုက်ခိုက်လာချိန်အထိ ဂျာမဏီ နှင့် ယင်း၏ အရှေ့ခြမ်း မဟာမိတ် နိုင်ငံ မှ ကမ္ဘာငြိမ်းချမ်းရေး နှင့် လွတ်လပ်ခွင့်များကို ခြိမ်းခြောက်လာနေသည့် အန္တရာယ်ကြီးကို အမေရိကန် ပြည်သူများ သည် မရိပ်စား မိနိုင်လောက်အောင် မျက်စိကန်း နားကန်း ဘဝနှင့်ပင် ရှိနေခဲ့ကြသေးသည်။ ထိုအချိန်အထိ အမေရိကန် နိုင်ငံရေးသမား အချို့က ဆိုဗီယက်နှင့် ဂျာမဏီတို့ တဦးနှင့် တဦး ခြေကုန်လက်ပန်းကျသည်အထိ တိုက်ကြပြီး ပျက်ဆီးကုန်ရန် လိုလားလျှက် ရှိနေဆဲပင် ဖြစ်သည်။ သို့မှသာ နောက်ဆုံးတွင် အမေရိကန်က ဖြန်ဖြေသူ အနေဖြင့် ထွက်ပေါ်လာမည် ဖြစ်ကာ ၎င်းတို့ ပြဌာန်းပေးလာမည့် စည်းကမ်းချက်များကို လိုက်နာပြီး နှစ်ဖက်စလုံး ငြိမ်ကုပ်သွားကြလိမ့်မည်ဟု လည်း မျှော်လင့်နေကြသည်။

 

ဤသည်တို့ကို မိမိတို့ မေလျော့ထား၍ မဖြစ်ပေ။ သို့သော် ဆိုဗီယက် ပြည်သူများက ဂျာမဏီနှင့် ဂျပန်တို့ အပေါ် အောင်ပွဲခံနိုင်ခဲ့မှုများတွင် အမေရိကန်တို့ ပါဝင် လုပ်ဆောင်ခဲ့မှုများကို အမှတ်တရ ရှိနေကြဆဲ ဖြစ်သည်ဟု မိမိတို့ ခေါင်းဆောင်များက ကြိမ်ဖန်များစွာ ထုတ်ဖေါ်ပြောဆိုခဲ့ကြသည်။ မိမိတို့ ပြောလိုသည်မှာ စစ်ပွဲကြီးကို ရှောင်ရှားနိုင်ရန် လုပ်သင့်သည်များ၊ လုပ်နိုင်သည်များ ရှိပါလျှက် မလုပ်ခဲ့သည်ကို ပြောလိုခြင်းသာ ဖြစ်သည်။

 

                                                ************

 

၁၉၄၁ ခုနှစ် နွေရာသီ အတွင်း ဖြစ်ပြီး ပုလဲဆိပ်ကမ်း အား တိုက်ခိုက်ခြင်း မခံရမီ ခြောက်လ ခန့် အလိုတွင် ဖြစ်သည်။ ဝါရှင်တန် မြို့ကြီးက ပုံမှန်အတိုင်း အသွားအလာ မပျက် ငြိမ်သက်အေးချမ်းစွာ ရှိနေခဲ့သည်။ ကွန်ဂရက်လည်း အနားပေးထားသည့် ကာလဖြစ်နေပြန်သဖြင့် အစိုးရအဖွဲ့လည်း လုပ်စရာ မရှိ ငိုက်မြည်းလျှက် ရှိနေသည်။ အစိုးရဝန်ထမ်းများက ရက်သတ္တပတ်ကုန် ရုံးပိတ်ရက်များအတွင်း မိသားစုနှင့် အတူ အပန်းဖြေ ခရီးထွက် နေကြပြီး ပျော်ရွှင်လန်းဆန်းနေကြသည်။

 

သို့သော် မိမိတို့၏ ဆိုဗီယက် သံရုံးအတွင်းတွင်မူ မော်စကို နှင့် အမေရိကန် အစိုးရထံမှ ဝင်ရောက်လာနေသော သတင်းများ ကြောင့် အားလုံး ရတက်မအေး ဖြစ်နေကြပြီး အခြေအနေမှာ တင်းမာလျှက် ရှိနေသည်။

 

ဇွန်လ ၂၂ ရက်နေ့ မော်စကို စံတော်ချိန် မနက် ၄ နာရီ ထိုးချိန်တွင် မင့်စ်၊ ကိယက်၊ ကာအူနာစ် အပါအဝင် ဆိုဗီယက် မြို့ကြီးများအား ဟစ်တလာမှ စတင် ဗုံးကြဲတိုက်ခိုက်လာခဲ့သည်။ ဗုံးဆံများသည် ဘရက်စ် ခံတပ်ကြီး အတွင်း ထိုးဖေါက် ဝင်ရောက်လာခဲ့သည်။ ဝါရှင်တန်တွင်မူ ဇွန်လ ၂၁ ရက် ညနေပိုင်းသာ ရှိပေသေးသည်။ အမေရိကန် အသံလွှင့် ဌာနများက ဥရောပ သတင်းရပ်ကွက်များကို ကိုးကား၍ “ဂျာမန်တပ်များသည် ဆိုဗီယက်နယ်ခြားကို ဖြတ်ကျော်ဝင်ရောက်‌နေကြပြီ” ဟု သတင်းထုတ်လွှင့်ခဲ့ကြသည်။ နောက်တနေ့ မနက်‌စောစော ရောက်မှသာ မော်စကို ရေဒီယိုမှ ကြေညာချက်ကို မိမိတို့ ကြားခဲ့ရသည်။ ထိုကြေညာချက်ထဲတွင် ၁၉၃၉ ဩဂုတ်လ အတွင်း USSR နှင့် လက်မှတ်ရေးထိုးခဲ့သော မကျူးကျော်ရေး စာချုပ်အား ဂျာမန်တို့ ချိုးဖောက်ကာ ဆိုဗီယက် ယူနီယံအား စတင်တိုက်ခိုက်ခဲ့ပြီ ဖြစ်ကြောင်း ပါရှိခဲ့သည်။ စစ်ပွဲကြီးက စတင်ခဲ့လေသည်။

 

တင်စား၍ ပြောရလျှင် ဟစ်တလာ နှင့် သူ၏ နောက်လိုက်နောက်ပါများအား ၎င်းတို့ကျူးလွန်ခဲ့ကြသော ကြောက်မက်ဖွယ် ကောင်းလှသည့် ရာဇဝတ်မှုများ အတွက် သမိုင်းက စီရင်ချက် ချမှတ်ခဲ့ပြီ ဖြစ်သည်။ သူတို့ နင်းခြေဖျက်ဆီးခဲ့ကြသည့် ဘာသာတိုင်း အတွက် လက်ဝါးကပ်တိုင်ပေါ် တွင်တော့မဟုတ်၊ သူတို့ အားလုံးထဲက အဓိက စစ်ရာဇဝတ်ကောင်ကြီး နောက်ဆုံး ထွက်သက်ကို ရှူထုတ်သွားခဲ့သည့် ဘန်ကာကြီး အတွင်းတွင်ပင် ဖြစ်သည်။ သို့သော် သမိုင်း၏ အမှိုက်ပုံကြီး အတွင်းသို့ မွှေနှောက် ရှာဖွေရန် လုံ့လ ထုတ်ခဲ့သူများကမူ အများပြည်သူအား သံသယ ဖြစ်ဖွယ်ကောင်းသည့် အချက်အလက်များ ထုတ်ပြကောင်း ထုတ်ပြကြ ပေလိမ့်မည်။

 

၁၉၃၉ ဆိုဗီယက်-ဂျာမန် မကျူးကျော်ရေး စာချုပ်သည် နာဇီများက စစ်ပွဲကို စတင်နိုင်ရန် နည်းလမ်း အဖြစ် အသုံးချခဲ့ကြခြင်း ဖြစ်သည်ဟု ကျွနုပ်တို့်အဖို့ အခါအားလျှော်စွာ အပြောခံခဲ့ကြရသည်။ ဆိုဗီယက်တို့ကမူ ယခုလို စာချုပ် ချုပ်ဆိုခဲ့ရခြင်းသည် ဟစ်တလာ၏ ကျူးကျော်ရေး လမ်းစဉ်နှင့် စစ်ပွဲကြီး စတင်ရန် အခွင့်ကောင်း ချောင်းနေမှုကို ဟန့်တားနိုင်ရန် အရေးတွင် ဆိုဗီယက် ပြည်ထောင်စုနှင့် ပူးပေါင်းရန် ဆန္ဒ မရှိကြသည့် အနောက်တိုင်း အင်အားကြီး နိုင်ငံများ၏ ကျင့်သုံးနေသော မူဝါဒ၏ ရလဒ်အဖြစ် ထွက်ပေါ်လာခဲ့ရခြင်းသာ ဖြစ်သည်ဟု ချေပခဲ့ကြသည်။

 

ဂျာမဏီသည် နာဇီ ဂိုဏ်းသားတို့၏ ရာဇဝတ်မှု လုပ်ရပ်များကို သက်သေပြခဲ့ရုံသာမက ကမ္ဘာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် ကြိုးပမ်းနေကြသည့် နိုင်ငံများ၏ အားထုတ်မှုများတွင် ပူးပေါင်းလိုစိတ် မရှိခဲ့ကြသည့် အနောက်တိုင်း ရှိ နိုင်ငံရေး သမားများ၏ အပြစ်ကိုပါ ထင်းကနဲ ပေါ်လွင်သွားစေခဲ့သည်။

 

ဟစ်တလာ၏ ဂျာမဏီသည် လိမ်ညာလှည့်ဖျားတတ်ရုံသာမက ရာဇဝတ်ကောင်များ သာ အုပ်ချုပ်နေကြသည့် အဖြစ်ကို လူတိုင်း ရှင်းလင်းစွာ သိမြင်ထားခဲ့ကြပြီး ဖြစ်သည်။ သို့သော် စတာလင်သည် ဟစ်တလာ အနေဖြင့် ၎င်းနှင့် ချုပ်ဆိုခဲ့သော စာချုပ်ကိုမူ လေးစားလိုက်နာမှု ရှိလိမ့်မည်၊ ထို့အတွက် ဂျာမန်တို့ တိုက်ခိုက်ခံရခြင်းမျိုးဖြင့် ဆိုဗီယက်တို့အား စစ်ပွဲကြီး အတွင်းသို့ ဆွဲသွင်းခံရမည့် အရေးမှ ရှောင်ရှားနိုင်မည်ဟု ခံယူထားခဲ့သည်ကိုလည်း သိရှိထားရန် အရေးကြီးပေသည်။

 

စတာလင်သည် သူ၏ ထိုသို့သော ယုံကြည်ထားချက်ကို အသေဆုပ်ကိုင်လာသည်နှင့်အမျှ ဂျာမန်တို့ တိုက်ခိုက်လာလိမ့်မည်ဟု သတိပေးချက်များ၊ လန်ဒန် နှင့် တိုကျိုမှ ဝင်ရောက်လာနေသော မက်ဆေ့ချ်များကို လုံးဝ လက်ခံစဉ်းစားခဲ့ခြင်း မရှိတော့ပေ။ ထိုသို့ ဖြစ်ခဲ့မှုများ ရှိနေသော်ငြားလည်း စစ်ကြီးမတိုင်မီ အနောက် နိုင်ငံများ၏ မူဝါဒများ နှင့် ဆိုဗီယက် အား မျက်နှာ အိုးမဲသုတ်ရန် ကြံစည်မှုများကို မသိကျိုးကျွံပြုကာ ခွင့်လွှတ်ရန် အကြောင်းမရှိပေ။ ထိုစစ်ပွဲကြီး ဖြစ်ပေါ်ခဲ့ရသော အကြောင်းနှင့် အကျိုးဆက်များကို ဓမ္မဓိဌာန်ကျကျ လေ့လာ ဆန်းစစ်မည်ဆိုက ထိုကဲ့သို့ အမြင်ကို မည်သူမျှ ငြင်းနိုင်ကြမည် မဟုတ်ပေ။

 

အနောက်တိုင်းမှ မကျူးကျော်ရေး စာချုပ်အပေါ် ဆွေးနွေးကြသည့်အခါတိုင်း မိုလိုတော့ နှင့် ရစ်ဘင်ထရော့တို့ အကြား လျို့ဝှက် သဘောတူညီခဲ့ကြသည့် အပေးအယူတခု ရှိခဲ့သည်ဟု အမြဲလို စွပ်စွဲ ပြောဆိုလေ့ရှိသည်။ ၎င်းတို့ ပြောသည့် အပေးအယူဆိုသည်ကား ဂျာမဏီ နှင့် USSR အကြားရှိ နိုင်ငံများ တွင် နယ်နမိတ်ဆိုင်ရာ အပြောင်းအလဲများ လုပ်ရန် လိုအပ်သည် ဆိုသည်ကို နားလည်မှု ရှိကြောင်း မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။

 

ထိုအကြောင်းသည် အသစ်အဆန်း အဖြစ် ထွက်ပေါ်လာခဲ့ခြင်းမျိုးတော့ မဟုတ်၊ နာဇီ စစ်ခုံရုံး ရှေ့တွင်ပင် တင်သွင်းလာခဲ့ကြသည်။ နုရင်ဘတ် တွင် ဆိုဗီယက် ဖက်မှ တရားလို အဖြစ် လိုက်ပါ ဆောင်ရွက်ခဲ့သည့် ရှေ့နေ အဖွဲ့ ခေါင်းဆောင် က ယင်းအား အတုအယောင်သာ ဖြစ်သည်ဟု မှန်ကန်စွာ ထောက်ပြနိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော သဘောတူညီချက်ကို ဆိုဗီယက်တွင်၎င်း၊ အခြားနိုင်ငံတခုခုတွင် ၎င်း မှတ်တမ်း မှတ်ရာ အဖြစ် မတွေ့ခဲ့ကြသောကြောင့်ပင် ဖြစ်သည်။

 

ဆိုဗီယက် ရှေ့နေချုပ်၏ ‌ကြေညာချက်သည် အဆိုပါ အတုအယောင်ကို ယုံကြည်လိုသူများအား စိန်ခေါ် လိုက်ခြင်းသာ ဖြစ်သည်။ ထိုကြေညာချက်ကို တရားခွင် တွင် ငုတ်တုတ် ထိုင်နေသော ဟစ်တလာ၏ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်ခဲ့သူ ရစ်ဘင်ထရော့ ကို ရှေ့တည့်တည့်ထားပြီး ထုတ်ဖေါ်ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

 

သို့သော် လိမ်ညာမှုကြီး သည် လုပ်ကြံဖန်တီးခြင်း သက်သက်သာ ဖြစ်သည်ဆိုသည့် အချက်ကို မည်သူမျှ အလေးဂရုပြု ပြောဆိုခြင်း မရှိတော့ဘဲ တောမီးပမာ ပျံ့နှံ့သွားခဲ့ရ‌ပေတော့သည်။

 

 


Quote of The Day

There comes a time when one must take a position that is neither safe, nor politic, nor popular, but he must take it because conscience tell him it is right.


Martin Luther King Jr

Subscribe