ကိုဗစ် ကာကွယ်ဆေး လုပွဲကြီး

by Hla Soewai - Dec 08 2020

ကိုဗစ်-၁၉ ကာကွယ်ဆေးအား ကမ္ဘာတဝှမ်း ပျံ့နှံ့လာအောင် ထုတ်လုပ်မည့် ပြိုင်ပွဲကြီးမှာ အရှိန်အဟုန် မြှင့်လာနေပြီ ဖြစ်သည်။ အစိုးရများသည် အနောက်နိုင်ငံ ဆေးကုမ္ပဏီများမှ ထုတ်လုပ်နိုင်ဆဲ ဖြစ်သော မပြောပလောက်သည့် အရည်အတွက် ကို အလုအယက် တိုးဝှေ့ ဝယ်ယူနေချိန်တွင် တရုတ် နှင့် ရုရှားဖက်ကလည်း ဈေးကွက် လိုအပ်ချက်ကို ဖြည့်တင်းနိုင်ရန် ကြိုးစားနေကြပြီ ဖြစ်သည်။

 

လက်ရှိ အနေအထားအရ ကမ္ဘာတဝှမ်း ကာကွယ်ဆေး ထိုးနိုင်ဖို့က မည်သို့မျှ တပြေးညီ ဖြစ်မလာနိုင်တော့ဘဲ အချို့နိုင်ငံများ အဖို့ လပေါင်းများစွာ ကြာနိုင်ပြီး၊ အဆင်းရဲဆုံး နိုင်ငံများ အဖို့ နှစ်နှင့်ချီ ပြီးစောင့်ရဖို့ ရှိနေပေသည်။

 

ဥရောပ နှင့် အမေရိကား တို့သည် ဆေးကုမ္ပဏီများ နှင့် အပြိုင်အဆိုင် ကန်ထရိုက် စာချုပ်များ ချုပ်ဆိုထားခဲ့ပြီး ဖြစ်သော်လည်း ထွက်ရှိလာသော ဆေး အရေအတွက်က အကန့်အသတ်နှင့် ဖြစ်နေပြန်၍ လာမည့်နှစ် ပထမ လေးလပတ်အတွင်း မည်သူတွေ ဦးစားပေး ထိုးရမည်လဲ ဆိုသည်အား ခက်ခက်ခဲခဲ ဆုံးဖြတ်ရဖို့ ရှိလာနေသည်။

 

ယခုပတ်အတွင်း အနောက်တိုင်းတွင် ယူကေ မှ ပထမဆုံး အဖြစ် ကာကွယ်ဆေး စတင်ထိုးပေးရန် ခွင့်ပြု လိုက်ပြီဖြစ်၍ ကျန်ရှိနေသော ဆေးကုမ္ပဏီများလည်း အမြန် အပြီးသတ်နိုင်ရန် မျှော်လင့်နေကြသည်။ ထိုကဲ့သို့ ကာကွယ်ဆေး ထုတ်လုပ်ရာတွင် ထိပ်မှ ပြေးနေသည့် ဆေးကုမ္ပဏီများသည် RNA နည်းပညာကို အသုံးပြု နေကြ၍ ကုန်ကြမ်း နောက်ကလိုက်နိုင်ဖို့ မလွယ်ကူလှသည့် အနေအထား ဖြစ်နေသည်။ ထို့အတွက် အမေရိကန် နှင့် ဥရောပ နိုင်ငံများ အဖို့ ၎င်းတို့ နိုင်ငံသား အများစုကို ထိုးပေးနိုင်ရန်သည် သမားရိုးကျ နည်းလမ်းများ သုံးကာ စိတ်ချပြီး ထိရောက်မှုရှိမည့် ကာကွယ်ဆေးများ ထွက်လာနိုင်ဖို့ မျှော်လင့်ကြရပြန်သည်။

 

ဆင်းရဲသော နိုင်ငံများ အတွက်မှာ မော်စကို၊ ဘီဂျင်း နှင့် ကမ္ဘာကျန်းမာရေး အဖွဲ့ကြီး တို့၏ သဘော တူညီချက်ရရန်သာ အားကိုးရပေမည်။

 

ရုရှားနှင့် တရုတ်တို့သည် အရှေ့အလယ်ပိုင်း၊ လက်တင်အမေရိကား နှင့် အခြားဒေသများတွင် ကာကွယ်ဆေး ဖြန့်ချီရန် နိုင်ငံချင်း အလိုက် သဘောတူညီချက်များ ချုပ်ဆိုထားပြီး ဖြစ်သော်လည်း အဆိုပါ နှစ်နိုင်ငံ မှ ဆေးများသည် ထိရောက်မှု ရှိမရှိ သက်သေမပြနိုင်သည့် အဆင့်တွင် ရှိနေဆဲပင် ဖြစ်သည်။

 

ကမ္ဘာလိုအပ်ချက်ကို နှစ်နိုင်ငံစလုံး မဖြည့်ဆည်းနိုင်သေးဘဲ ရှိနေချိန်တွင် ရုရှား၏ Sputnik V ကာကွယ်ဆေး ထုတ်လုပ်မှု မြင့်တင်နိုင်ဖို့ ရုန်းကန်နေရဆဲ ပင် ဖြစ်သည်။ တရုတ်သည် နှစ်စဉ် ကာကွယ်ဆေး တစ်ဘီလီယံ အထိ ထုတ်လုပ်ရန် ရည်ရွယ်ထားသည်ဟု ဆိုသော်လည်း အရေအတွက်မည်မျှ ကို ပြည်ပသို့ တင်ပို့မည် ဆိုသည်ကို ပြောဆိုခဲ့ခြင်း မရှိသေးပေ။

 

လက်ရှိ အနေအထားအရ လူတဦးလျှင် နှစ်ကြိမ်ထိုးဖို့ လိုအပ်နေ၍ ဆေးအရည်အတွက် ပမာဏကို နှစ် နှင့်စားရဖို့ ရှိသည်၊ ဥပမာ ဆေး ၂ သန်း ရသည် ဆိုက လူတသန်း အတွက်သာ လုံလောက်သည့် သဘောကို ဆိုလိုသည်။

 

ဥရောပ နှင့် အမေရိကန် တို့က ဗြိတိန် ကဲ့သို့ပင် ရက်သတ္တပတ် အနည်းငယ်အတွင်း Pfizer နှင့် ဂျာမဏီမှ BioNTech မှ ဆေးများကို ခွင့်ပြုရန် ဆုံးဖြတ်လာကြမည်ဟု မျှော်လင့်လျှက် ရှိနေသည်။ သို့သော် လိုအပ်ချက်ကို အနည်းငယ်သာ ဖြည့်ဆည်းပေးနိုင်ဦးမည်လည်း ဖြစ်သည်။

 

အီးယူမှ ၎င်းတို့ အုပ်စုဝင် နိုင်ငံများရှိ လူဦးရေ စုစုပေါင်း သန်း ၄၅၀ ထဲမှ သုံးပုံတပုံဖြစ်သော ထိုးပေးနိုင်မည့် ပမာဏ ကိုသာ Pfizer နှင့် BioNTech မှ ကြိုတင်မှာယူ နိုင်ခဲ့သည်။ အမေရိကန်က သန်း ငါးဆယ်အတွက်သာ ကြိုတင် ဝယ်ယူခဲ့သည်။

 

ထိုအရေအတွက် အပြည့်အဝကို ထုတ်လုပ်နိုင်ဖို့ကလည်း လပေါင်းများစွာ စောင့်ရဦးမည် ဖြစ်သည်။ Pfizer သည် ယခုနှစ်ကုန်ပိုင်း အထိ ဆေးအရေအတွက် သန်း ငါးဆယ် ထုတ်လုပ်နိုင်ဖို့ပင် ကုန်ကြမ်းများ နှင့် နောက်ထပ် ထုတ်လုပ်မှု နည်းပညာ အသစ်များ ရရှိရေး ရုန်းကန်ရဦးမည် ဖြစ်သည်။ ဗြိတိန်သည်လည်း ယခုနှစ် အတွင်း ဆယ်သန်း ခန့်အထိ ရနိုင်မည်ဟု ယခင်က မျှော်လင့်ခဲ့သော်လည်း ယခုအခါ ထိုပမာဏ၏ တဝက်ကိုသာ ရဖို့ ရှိနေသည်။

 

နောက်ထပ် အဖြစ်နိုင်ဆုံး ဆေးသည်က Moderna ဖြစ်ပြီး ထိုဆေးကိုလည်း အီးယူက သန်း ၁၆၀၊ အမေရိကန်က သန်း ၂၀ ဝယ်ယူထားပြီး ဖြစ်သည်။ အမေရိကန်အတွက် နောက်ထပ် သန်း ၁၀၀ အား ၂၀၂၁ ပထမ လေးလပတ်အတွင်းသာ ရနိုင်ဖွယ်ရှိသည်။ Moderna နှင့် Pfizer ဆေးများသည် နှစ်ကြိမ်ထိုးရန် လိုအပ်နေပြီး mRNA နည်းပညာကိုပဲ သုံးနေဆဲ ဖြစ်သည်။

 

ထို့အတွက် ထုတ်လုပ်ရန် လွယ်ကူမည့် ဆေးဝါးများ ပေါ်ထွက်လာရေးကိုသာ ဥရောပ နှင့် အမေရိကန်တို့ အားထားလျှက် ရှိနေသည်။

 

Oxford နှင့် AstraZeneca ဆေးသည်လည်း နှစ်ကြိမ်ထိုးရန် လိုအပ်နေပြီး အီးယူမှ သန်း ၄၀၀ နှင့် အမေရိကန် မှ သန်း ၅၀၀ ဝယ်ယူထားပြီး ဖြစ်သည်။ အခြားကုမ္ပဏီများ ဖြစ်သည့် Sanofi S.A, Johnson & Johnson နှင့် Noravax တို့မှ ထွက်ရှိလာဖို့သည် လပေါင်းများစွာ ကြာဦးမည် ဖြစ်သည်။

 

လက်ရှိ တွင် ဆေးများ ထွက်ရှိနေသော်လည်း ထိရောက်မှု ရှိမရှိက ရာနှုန်းပြည့် အာမခံဖို့ မဖြစ်နိုင်သေးပေ။ ဆင်းရဲသော နိုင်ငံများသည် ဂျီနီဗာ အခြေစိုက် လူထု ကျန်းမာရေး အဖွဲ့ အစည်း ကြီး ဖြစ်သည့် GAVI မှ ဖွံ့ဖြိုးဆဲ ၉၂ နိုင်ငံရှိ လူဦးရေ၏ ၂၀% အတွက် ထုတ်လုပ်ပေးနိုင်ရန် ကြိုးပမ်းနေမှုကိုသာ အားထားရဖို့ ရှိနေသည်။ GAVI မှ အဓိက အားထား စောင့်စားနေသည့်ဆေးက AstraZeneca ဖြစ်ပြီး သန်း ၃၀၀ ခန့် ကြိုတင်မှာယူထားပြီး ဖြစ်သည်။ သန်း ၃၀၀ သည်လည်း ခဏလေးနှင့် ပြတ်သွားနိုင်သည်ဟု GAVI အကြီးအကဲ ဆက် ဘာကလီ က ပြောခဲ့ပြီး ဗိုင်းရပ်စ်အား အတားအဆီး မရှိ ဆင့်ပွား ကူးစက် မသွားစေရန် စစ်ဆေးရေး၊ ကုသရေး နှင့် ကျန်းမာရေး စနစ်များ တိုးတက်အောင် ပြုလုပ်ရန်လည်း အရေးကြီးသည်ဟု ဆိုသည်။

 

တရုတ်သည် ကမ္ဘာလိုအပ်ချက်ကို ဖြည့်ဆည်းရန် ဆေး သုံးမျိုး ထုတ်လုပ်နေပြီ ဖြစ်ပြီး ယူအေအီး ရှိ အစိုးရဝန်ထမ်းများ နှင့် စစ်သားများအတွက် ဆေးတမျိုးကို ရရှိလာခဲ့သည်။ Sinovac မှ ထုတ်လုပ်သော ဆေး တသန်းခန့်လည်း ဘရာဇီးသို့ ရောက်ရှိလာပြီး ဖြစ်သည်။ တရုတ်နိုင်ငံ တွင်း တွင် Sinopharm မှ ထုတ်လုပ်သော ဆေး တသန်းခန့်အား နိုင်ငံသားများကို ထိုးပေးခဲ့သည်။ သို့သော် ထိုဆေးအားလုံးသည်လည်း ထိရောက်မှု ရှိမရှိ အပြီးအပြတ် သက်သေပြရန် လိုအပ်နေဆဲ ဖြစ်သည်။

 

ထို့အတွက် အင်ဒိုနီရှား နှင့် တူရကီတို့မှ တရုတ် ကာကွယ်ဆေးများကို စတင်မှာယူနေပြီ ဖြစ်သော်လည်း အသုံးမပြုသေးဘဲ ထိရောက်မှု ရှိမရှိ ထွက်ပေါ်လာမည့် စမ်းသပ်ထုတ်ပြန်ချက် ကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်။

 

အာဖရိကနိုင်ငံများအဖို့က ထိုအရေးကို မစဉ်းစားအား၊ မည်သို့မည်ပုံ သယ်ယူ ဖြန့်ဖြူးနိုင်မည်ကိုသာ အရေးတကြီး စဉ်းစားနေကြသည်။ အီသီယိုပီးယား လေကြောင်းမှ အလီဘာဘာ နှင့် ပူးတွဲပြီး အာဖရိက တွင် ဖြန့်ချီရေး အတွက် လေယာဉ်ကုန်သိုလှောင် စခန်း တခု တည်ဆောက်နေပြီ ဖြစ်သည်။ အာဖရိက နိုင်ငံများ သည်လည်း တရုတ်ဆေးအား ဖေဖေါ်ဝါရီလ နောက်ပိုင်းတွင်သာ အသုံးပြုနိုင်မည်ဟု ထင်ကြေးပေးနေကြသည်။

 

ရုရှားတွင် စနေနေ့မှစ၍ နိုင်ငံ အနှံ့ စတင်ထိုးပေးနေပြီ ဖြစ်၍ မက္ကဆီကို၊ အီဂျစ် နှင့် အိန္ဒိယ တို့က လည်း ရုရှားဆေးကို သန်းနှင့် ချီ၍ ရရှိနိုင်ရန် မျှော်လင့်လျှက် ရှိနေသည်။ ရုရှားသည် ယခုနှစ်ကုန်အထိ ဆေး သန်း ၃၀ ထုတ်လုပ်ရန် ရည်မှန်းထားသော်လည်း ၂ သန်း ခန့် ထွက်ရှိအောင် အနိုင်နိုင် ကြိုးစားနေရဆဲ ဖြစ်သည်။

 

လူထု အနေဖြင့် ကာကွယ်ဆေးသည် သေဆုံးမှု နှုန်းကို လျော့ချနိုင်မည်လောက်သာ မျှော်လင့်ထားသင့်ပြီး ကိုဗစ်-၁၉ မှ လုံးဝ လွတ်မြောက်ရာ လမ်း အဖြစ် မမှတ်ယူသင့်၊ ယင်း၏ တစိတ်တပိုင်း အဖြစ်သာ ယူဆသင့်သည်ဟု လန်ဒန်မှ ပိုးမွှားဗေဒ ဆိုင်ရာ ပါမောက္ခ ဒီနန်း ပီလေးက သတိပေးခဲ့ပြန်သည်။

 

ယခုအခါ ဆရာဝန်များ နှင့် သိပ္ပံပညာရှင်များသည် အဘယ်ကြောင့် အရှေ့အာရှ နိုင်ငံများတွင် အသေအပျောက် နှင့် ကူးစက်မှု နှုန်းသည် ဥရောပ နှင့် အမေရိကန်တို့ထက် လျော့နည်းနေရသနည်း ဆိုသည်ကို သုတေသန ပြု ရှာဖွေ စူးစမ်းလာနေကြပြီ လည်း သိရသည်။

 

(ဒီဇင်ဘာ ၄ ရက်နေ့ထုတ် ဝေါစထရိ ဂျာနယ်တွင် ပါရှိသော “Race to Vaccinate World Against Covid-19 Intensifies” မှ ကောက်နှုတ်တင်ပြသည်၊)