မြန်မာ စစ်တပ်မှ အီးယူ၏ ပိတ်ဆို့ဒဏ်ခတ်မှုကို ကျော်လွှားကာ စက်ပစ္စည်းများ ဝယ်ယူလျှက်ရှိ

by Hla Soewai - Dec 12 2020

၂၀၁၈ ခုနှစ်အတွင်း အီးယူ မှ ပြဌာန်းခဲ့သော လက်နက် ရောင်းချမှု အပါအဝင် ပိတ်ဆို့ဒဏ်ခတ်ထားမှု များကို ကျော်လွှားကာ ဥရောပ လုပ် စက်ပစ္စည်းများ ဝယ်ယူနေသည်ဟု ရာဇဝတ်ဂိုဏ်းများ နှင့် ခြစားမှုများ ဖေါ်ထုတ်ရေး စီမံချက် Organized Crime and Corruption Reporting Project (OCCRP) မှ ဒီဇင်လဘာ ၈ ရက်နေ့ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

 

ဝယ်ယူသော စက်ပစ္စည်းများ စာရင်းတွင် ဂျော်ဒန် လေတပ်မှ အဲယားဘတ်စ် CASA C295 စစ်ဖက် သယ်ယူပို့ဆောင်ရေး လေယာဉ် နှစ်စီးလည်း ပါဝင်သည်ဟု သိရသည်။

 

အဆိုပါ အစီရင်ခံစာသည် Justice for Myanmar လှုပ်ရှားမှု အဖွဲ့မှ ရရှိသွားခဲ့သော စစ်တပ်၏ ဘတ်ဂျက် စာရွက်စာတမ်းများကို အခြေခံ၍ ပြုစုထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ စစ်တပ်သည် ၂၀၁၈ ခုနှစ်အတွင်း နယ်မြေရှင်းလင်းရေး စီမံချက် ဖြင့် ရခိုင်ပြည်နယ် အတွင်း ရက်စက်စွာ ပြုကျင့်ခဲ့မှုများကြောင့် ဌာနေ ဘင်္ဂါလီများ တဖက်နိုင်ငံသို့ အလုံးအရင်းနှင့် ပြေးဝင်ခိုလှုံသွားသည်အထိ ဖြစ်ခဲ့ရမှုကြောင့် အီးယူမှ ၎င်းတို့၏ ကာလကြာမြင့်စွာ တည်ရှိခဲ့ပြီး ဖြစ်သော လက်နက်ရောင်းချမှု ပိတ်ဆို့ထားခြင်းကို ဆက်လက် သက်တမ်း တိုးပေးခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ ပိတ်ဆို့မှုများ တွင် စစ်ဖက်-အရပ်ဖက် နှစ်မျိုးစလုံး တွင် အသုံးပြုနိုင်သည့် မည်သည့် ပစ္စည်းမျိုး မဆို ရောင်းချခြင်း မပြုရန် တားမြစ်ထားခဲ့သည်။

 

ဗြိတိသျှ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူ လေကြောင်းလိုင်း အရာရှိကြီး တဦးမှ ကြားဝင် ဆောင် ရွက်ပေးမှု ဖြင့် Aero Sofi Co.Ltd သည် ဒေါ်လာ ၃၈.၆ သန်း တန်ကြေးရှိ ဂျော်ဒန်မှ CASA C295 စစ်ဖက် သယ်ယူပို့ဆောင်ရေး လေယာဉ် နှစ်စီး ဝယ်ယူရန် ယခုနှစ်အတွင်း သဘောတူညီမှု ရရှိခဲ့ပြီး လေယာဉ်မှူးများကို စပိန်နိုင်ငံတွင် လေ့ကျင့်သင်ကြားပေးရန်လည်း ပါရှိသည်။ အဆိုပါ လေယာဉ်သည် တပ်သားများအား ကောင်းကင်မှ လေထီးဖြင့် စစ်ဆင်ရေး နယ်မြေများ အတွင်း ချပေးရန်၊ လက်နက်ကြီးများ တပ်ဆင် အသုံးပြု နိုင်ရန် ပြောင်းလဲပြစ်နိုင်သည်ဟု အစီရင်ခံစာက ဆိုသည်။

 

ဂျော်ဒန်သည် အီးယူ၏ လက်နက် ရောင်းချမှု ပိတ်ဆို့ရေး နှင့် မသက်ဆိုင်သော်လည်း ဂျော်ဒန် မိဖုရား ရာနီယား သည် ကောက်ဘဇား ဒုက္ခသည် စခန်းသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုသွားခဲ့သည့်အပြင် မြန်မာ တပ်မတော်၏ လုပ်ရပ်များကို လူသိရှင်ကြား ပြင်းထန်စွာ ရှုတ်ချထားခဲ့ပြီး ဖြစ်သဖြင့် ယခုလို ဝယ်ယူနိုင်ခဲ့မှု သည် ထူးဆန်းနေရသည်ဟု ဆိုသည်။

 

OCCRP ၏ အစီရင်ခံစာထဲ၌ အီးယူ၏ ပိတ်ဆို့မှုများထဲတွင် ပါဝင်သည့် စစ်ဖက်-အရပ်ဖက် နှစ်မျိုးစလုံး တွင် အသုံးပြုနိုင်သော ပစ္စည်းများ ဖြစ်သည့် လက်နက်ခဲယမ်း များ မှသည့် အပ်ချုပ်စက်များ အထိ ပါဝင်နေသည်။ ထိုအထဲတွင် ဂျာမန်လုပ် ဆက်သွယ်ရေး ဆော့ဖ်ဝဲယားများ၊ ဩစတေးလျ မှ ရေဒီယို စက်ပစ္စည်းများ၊ ကနေဒါမှ ရုပ်မြင်သံကြား လွှင့်စက်များ၊ အမေရိကန်မှ ဘူဒိုဇာများလည်း ပါဝင်နေသည်ဟု ဖေါ်ပြထားသည်။

 

မြန်မာ တပ်မတော်သည် ၂၀၁၂ တွင် အာဏာကို တရားဝင် စွန့်လွှတ်သွားခဲ့သည်ဟု ဆိုသော်လည်း မြန်မာ စီးပွားရေး နယ်ပယ်များရှိ ဘီယာလုပ်ငန်းမှသည် သတ္တုတူးဖေါ်ခြင်းအထိ ထဲထဲဝင်ဝင် ဆက်လက် ပါဝင် ချုပ်ကိုင်ထားနိုင်ဆဲပင် ဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။

 

မကြာမီက ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အရ စစ်တပ်၏ ဦးပိုင် ကုမ္ပဏီ နှစ်ခုတွင် လက်ခွဲ ကုမ္ပဏီ ၁၂၀ ခန့် ရှိနေသည်ဟု ဖေါ်ပြထားခဲ့သည်။

 

မြန်မာ စစ်တပ်သည် စီးပွားရေး တွင်သာမက ၂၀၀၈ ခုနှစ် အတွင်း အတုအယောင် ဆန္ဒခံယူပွဲဖြင့် ပြဌာန်းထားခဲ့သော ဖွဲ့စည်းပုံအရ နိုင်ငံရေး နယ်ပယ်တွင်လည်း အခိုင်အမာ အခွင့်ထူးများ ရရှိထားသည်။ ထို့အတွက်လည်း ပြီးခဲ့သည့် လ ရွေးကောက်ပွဲ အတွင်း မိုးလုံးဟိန်းမတတ် အနိုင်ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသည် စစ်တပ်အပေါ် မည်သို့မျှ ထိန်းချုပ်နိုင်ဖို့ မရှိပေ။

 

စစ်တပ်မှ စီးပွားရေး နယ်ပယ်အသီးသီး တွင် လွှမ်းမိုးနိုင်မှုများ ကြောင့် အစိုးရအပေါ် တာဝန်ခံရန်မလိုသော၊ ပိတ်ဆို့ ဒဏ်ခတ်မှုများ ပြုလုပ်ထားသော နိုင်ငံများ ကို ဂရုစိုက်စရာ မလိုသော၊ ရှုပ်ထွေးလှသည့် ကြားခံ ကွန်ယက်များမှ တဆင့် လက်နက်များ နှင့် အခြား စက်ကရိယာများ ဝယ်ယူနိုင်နေဆဲ ဖြစ်သည်။

 

ဥပမာ ဆိုရလျှင် ဩစတီးယား ကုမ္ပဏီတခု ဖြစ်သော Schiebel သည် ရဟတ်ယာဉ် ဒရုန်း တခုကို အမည် မဖေါ်လိုသည့် ဖောက်သည်တဦးအား သတ္တုတွင်း နှင့် လမ်းတံတား မြေပုံ လေ့လာ တိုင်းတာ ရေးဆွဲခြင်း လုပ်ငန်းများ သုံးရန် ရောင်းချခဲ့သည်ဟု ဆိုသော်လည်း ၂၀၁၈ အတွင်း မြန်မာ ရေတပ်မှ ထုတ်လွှင့်သော ဗီဒီယို တွင် အဆိုပါ ဒရုန်း အသုံးပြုနေသည်ကို တွေ့ရှိခဲ့ရသည်။

 

နိုင်ငံခြား ကုမ္ပဏီများ အနေဖြင့်လည်း မြန်မာ စစ်တပ်မှ စီးပွားရေးတွင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပတ်သက် နေခြင်းနှင့် လက်ရှိ ဗျူရိုကရေစီ စနစ်အကြား တည့်တည့်မတ်မတ် သွားနိုင်အောင် အခက်အခဲများ ရှိလာနေ ရသဖြင့် ၎င်းတို့နှင့် ပတ်သက်ခြင်း မရှိအောင် အထူးတလည် စစ်ဆေး ခဲ့ကြသော်လည်း နောက်ဆုံးတွင် ပတ်သက်နေရသည့် အဖြစ်ကို တွေ့ရှိလာခဲ့ကြရသည် ဟု အစီရင်ခံစာ တွင် ရေးသားထားသည်။ ထို့အတွက် ပိတ်ဆို့ ဒဏ်ခတ်မှုများ ချမှတ်ရန် လွယ်ကူပြီး လိုက်နာအောင် အမြဲလို သတိထား စောင့်ကြည်နိုင်မှ ဖြစ်မည်ဟု အကြံပြုထားခဲ့သည်။

 

(ကိုးကား .. ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့ထုတ် The Diplomat စာစောင်တွင် ပါရှိသည့် “Report details controversial purchase of Myanmar’s military” )