အမေရိကန် ဒီမိုကရေစီ ဒေါက်တိုင်ကြီးကို ဖြိုလှဲရန် ကြံခဲ့သူများ၏ ဖျောက်ဖျက်လို့ မရသော အမဲစက်ကြီး

by Hla Soewai - Dec 14 2020

သမ္မတ ဒေါ်နယ်ထရန့်၏ ဒုတိယ သက်တမ်း ဆက်နေခွင့်ရရန် ဂမူးရှူးထိုး ကြိုးပမ်းမှုကို အမေရိကန် တရားလွှတ်တော်ချုပ်က ပယ်ချလိုက်ခြင်းကြောင့် မဲဆန္ဒရှင် ပြည်သူများ၏ ဆန္ဒကို ပြောင်းပြန်လှန်ပြစ်ရန် ကြိုးပမ်းမှုသည် အစိတ်စိတ် အမွှာမွှာ ပြိုကွဲသွားခဲ့ပြီ ဖြစ်သည်။ တရားလွှတ်တော်ချုပ်၏ အဆုံးအဖြတ်သည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကို လက်မခံဘဲ အာဏာရယူရန် ကြိုးပမ်းသည့် လုပ်ဆောင် ချက်များ ဖြင့် အမေရိကန် ဒီမိုကရေစီ ကို ဖျက်လိုဖျက်ဆီး လုပ်ရန် ကြံနေကြသော ကွန်ဂရက်ရှိ ရီပတ်ဘလီကင် ပါတီ ခေါင်းဆောင်များ နှင့် ပြည်နယ် ခေါင်းဆောင်များအား ပြတ်သားစွာ ပြစ်တင် မာန်မဲလိုက်ခြင်းလည်း ဖြစ်ပေသည်။

 

သောကြာနေ့ညတွင် တက္ကဆပ်ပြည်နယ် ရှေ့နေချုပ်မှ တင်သွင်းလာသော အမှုအား တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက် ကြောင့် သမ္မတ၏ ပါတီ အဖို့ ၎င်းတို့၏ အနေအထားသည် သိသာထင်ရှားစွာ ပေါ်လွင်သွားခဲ့ ရပေသည်။ သမ္မတ၏ လုပ်ရပ်ကို ပါတီခေါင်းဆောင်ပိုင်းမှ ပွင့်ပွင့်လင်းလင်းသော်၎င်း၊ ကြိတ်ပြီး ထောက်ခံခဲ့ ကြခြင်းဖြင့်သော်၎င်း နိုင်ငံကို စတင်တည်ထောင်စဉ်က ချမှတ်ခဲ့သည့် မူများအား လစ်လျူရှုခဲ့ကြရုံမျှမက ရွေးကောက်ပွဲနေ့က သန်းနှင့်ချီ၍ မဲထည့်ခဲ့ကြသူများ ၏ ဆန္ဒနှင့် ကင်းကွာသည့် ရလဒ် ထွက်ပေါ်လာအောင် ကြံစည်အားထုတ်ခဲ့မှု တွင် ကြံရာပါ များ ဖြစ်သွားခဲ့ရပေသည်။

 

ထိုကဲ့သို့ ရီပတ်ဘလီကင် အများစု မှ ထရန့်အား ထောက်ခံခဲ့ကြခြင်းသည် သမ္မတ အနေဖြင့် သူ၏ အလိုကို လိုက်ရန် ကြိုးပမ်းခဲ့မှုတွင် ပါတီက လိုက်လျောခဲ့ကြသည်သာမက နှစ်ပေါင်း နှစ်ရာ နည်းပါး အမေရိကန် နိုင်ငံရေး၏ အသက်သွေးကြော ကြီးဖြစ်သည့် ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းပြန်လှန်ပြစ်ရန် နှင့် ရွေးကောက်ပွဲ စနစ်အား လူထု၏ ယုံကြည်မှုကို တိုက်ခိုက်ခဲ့ကြသည့် အားထုတ်ခဲ့မှုကြီး လည်း ဖြစ်သည်။

 

ထရန့်က တရားလွှတ်တော်ချုပ်တွင် သူ့အလိုအတိုင်း လိုက်မည် ထင်ရသော တရားသူကြီး သုံးဦး ကို ခန့်အပ် နိုင်ခဲ့မှု သည်လည်း သဲထဲရေသွန် ဖြစ်သွားခဲ့ရပြန်သည်။ ကွန်ဆာဗေးတစ် သဘောထား ရှိ တရားသူကြီး အများစု ပါဝင်သော တရားလွှတ်တော်ချုပ်မှ သူ၏ ပြည်နယ် လေးခုရှိ မဲစုစုပေါင်း သန်း ၂၀ ကို တရားမဝင်ဟု ကြေညာပေးရန် အဆိုကို ကြာမြင့်စွာကပင် လက်ခံစဉ်းစားခြင်း မပြုဘဲ ပယ်ချလိုက်ကြပြီ ဖြစ်၍ ထရန့်အဖို့ အကြီးအကျယ် အရှိုက် ထိုးခံလိုက်ရခြင်းလည်း ဖြစ်ပေသည်။

 

ထရန့်၏ ယုတ္တိမတန်သော ကြိုးပမ်းမှုအား ရီပတ်ဘလီကင် အောက်လွှတ်တော် အမတ် ၁၂၆ ဦး နှင့် ပြည်နယ် ရှေ့နေချုပ် ၁၈ ဦးတို့က ထောက်ခံမှု ပေးခဲ့ကြသည်။

 

ထိုသို့ ထောက်ခံမှု ပေးခဲ့မှုအပေါ် ရီပတ်ဘလီကင် နိုင်ငံလုံးဆိုင်ရာ ပဲ့ကိုင် ကော်မတီ ဥက္ကဌ ဟောင်း ဖြစ်သူ မိုက်ကယ် စတီလီး က “ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို စော်ကားလိုက်တာပါ၊ ဒီအမတ် ၁၂၆ ယောက် အဖို့ကတော့ သူတို့ရဲ့ နိုင်ငံရေး အရည်ပြားပေါ်က အမဲစက်ကြီး ပျောက်ပျက်သွားအောင် နှစ်ပေါင်း များစွာ အချိန်ယူပြီး တိုက်ချွတ်ဆေးကြောကြရတော့မှာပဲ” ဟု မှတ်ချက်ချခဲ့သည်။

 

နယူး ဟမ်ရှိုင်းရား ပြည်နယ် အုပ်ချုပ်ရေးမှူးခရစ် ဆူနုနု က “တရားလွှတ်တော်ချုပ်နဲ့ ကိစ္စပြတ်သွားပြီ ဆိုတော့ ဥပဒေကြောင်းအရ ဘယ်လိုမှ ရှေ့ဆက်တိုးလို့ မရတော့ဖူး၊ ပြီးသွားပြီပေါ့ဗျာ၊ ဒီတော့ ကျွန်တော်တို့ ရှေ့ဆက်လုပ်စရာ တွေ ဖြစ်တဲ့ ကိုဗစ် နဲ့ ကာကွယ်ဆေး ရဖို့ ကိစ္စတွေကို ဆက်လုပ်ကြရဖို့ပဲ ရှိတော့တယ်” ဟု CNN ကို ပြောခဲ့သည်။

 

ရီပတ်ဘလီကင်ပါတီ ဝါရင့် အထက်လွှတ်တော် အမတ် လင်ဆေး ဂရေဟမ် နှင့် အောက်လွှတ်တော် ရီပတ်ဘလီကင် ခေါင်းဆောင် ကယ်ဗင် မက္ကာသီ တို့မှ သမ္မတ၏ လုပ်ရပ်ကို ဗြောင်ကျကျ ထောက်ခံ ခဲ့သည့်အတွက် ပါတီမှ သမ္မတ၏ လိမ်လည်ပါတယ် ဆိုသည့် အခြေအမြစ် မရှိသော အပြောများ ကို မူတည်ပြီး လုပ်ကြံသီအိုရီများကို ဖန်တီပေးခဲ့ရသည် အထိ ဖြစ်လာရသည်။

 

ရီပတ်ဘလီကင် ခေါင်းဆောင်များ၏ ထိုသို့သော သဘောထားကြောင့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၏ ဆုံးဖြတ်ချက်ကို မိမိတို့ အလိုမကျ ဖြစ်လာကာ အချက်အလက် ခြေခြေမြစ်မြစ် ဖြင့် ပြောစရာ မလိုဘဲ လိမ်လည်ပါသည်ဟု အလွယ်တကူ ပြောနိုင်သည့် အစဉ်အလာတခုကို ထူထောင်ပေးလိုက်သလို ဖြစ်သွား ခဲ့ရသည်။ အမေရိကန် ပြည်ထောင်စု အဖို့လည်း ဖွံ့ဖြိုးဆဲ နိုင်ငံများ တွင် လူထုဆန္ဒ ဖြင့် လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ပေးခဲ့သည့် အစိုးရအား ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းနိုင်ရေးသည် ဒီမိုကရေစီတွင် အခြေခံ အကျဆုံး ဖြစ်သည်ဟု ဆယ်စုနှစ်ပေါင်းများစွာ ပြောဆိုလာနေမှု များသည်လည်း အချည်းနှီး ဖြစ်စေခဲ့သည်။ (ထရန့်၏ လုပ်ရပ်သည် အာဖရိက တိုက် နိုင်ငံများ၏ ခေါင်းဆောင်များ နှင့် သူမသာ ကိုယ်မသာ ဘဝကို ရောက်သွားစေခဲ့သည်၊ .. စာရေးသူ)

 

သို့သော်လည်း တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်ကြောင့် အမေရိကန်ရှိ အင်စတီကျူးရှင်းများသည် အခိုင်အမာ ရှိနေဆဲ ဖြစ်သည်ကို ကမ္ဘာတဝှမ်းအား ပြသနိုင်လိုက်ပြီ ဖြစ်ကြောင်းနှင့် ယခုအခါ တကမ္ဘာလုံးက မိမိတို့အား စောင့်ကြည့်နေသည့်အတွက် ပါတီအားလုံး အနေဖြင့် ဥပဒေ စိုးမိုးရေး နှင့် ဒီမိုကရေစီ အရေး အတွက် ရပ်တည်ပေးရေးသည် လွန်စွာ အရေးပါနေသည်ဟု ကမ္ဘာတဝှမ်း ဒီမိုကရေစီ ထွန်းကားရေး ဆောင်ရွက်နေသည့် ဝါရှင်တန် ရှိ ဖရီးဒမ်း ဟောက်စ် ဥက္ကဌ မိုက်ကယ် အာဗရမ်ဟောဝစ်ဇ် က ဆိုသည်။

 

သမ္မတ ထရန့် ၏လုပ်ရပ်များကို မထောက်ခံခဲ့ကြသည့် ရီပတ်ဘလီကင်များက ပါတီ အနေဖြင့် ပျက်စီးရာ ပျက်စီးကြောင်း အန္တရာယ် ကျအောင် လုပ်ဆောင်နေသည်ဟု ဟောကိန်းထုတ်ထားခဲ့ပြီး ဖြစ်သည်။ နယူး ဂျာစီ ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ခရစ်စတင်း တော့ဒ် က ယခင် လူအစုံလိုက် အပြုံလိုက် သတ်သေသွား ခဲ့ကြသည့် ဂျုန်းစ်တောင်း အယူသည်းဂိုဏ်းနှင့် နှိုင်းယှဉ် ပြောဆိုသွားခဲ့သည်။

 

သမ္မတ၏ တရားစွဲဆိုမှုကို ထောက်ခံခဲ့သူများထဲတွင် ပါဝင်ခဲ့သည့် အောက်လွှတ်တော် အမတ် ဘရုစ် ဝက်စ်တာမင်း က “ယခုအခါ တရားရုံး၏ ဆုံးဖြတ်ချက်ကြောင့် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ် အပေါ် စိန်ခေါ်မှုများ အဆုံးသတ်သွားခဲ့ပြီ” ဟု ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။

 

တက္ကဆပ် ပြည်နယ် ရှေ့နေချုပ် မှ ဦးစီးဦးဆောင် ပြုကာ တရားလွှတ်တော်ချုပ်သို့ တင်သွင်း ခဲ့ခြင်း ဖြစ်သည်။ ၎င်းကဲ့သို့ပင် အလားတူ တင်သွင်းမှုများ လာမည့် လေးပတ်အတွင်း ထွက်ပေါ်လာဖွယ် ရှိနေပြန်သည်၊ “မိမိတို့ ဒီမိုကရေစီ စနစ်သည် လေးနှစ်တာမျှ ဒေါ်နယ် ထရန့်ဒဏ်ကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီး ဖြစ်၍ နောက်လေးပတ်လည်း ဒီလိုပဲ ဆက်ရှိနေမှာ ဖြစ်တယ်” လို့ ဆီးနိတ် စည်းမျဉ်း ကော်မတီ ဝါရင့် အဖွဲ့ဝင် အထက်လွှတ်တော် အမတ် အေမီ ကလိုဘူချာက ဆိုသည်။

 

သို့သော် အရေးနိမ့်သွားသော တက္ကဆပ် ပြည်နယ်မှ ရီပတ်ဘလီကင်များက နိုင်ငံတွင်းရှိ ရီပတ်ဘလီကင် ပြည်နယ်များ အားလုံး အမေရိကန် ပြည်ထောင်စုမှ ခွဲထွက်ဖို့ ပင် တောင်းဆိုလိုက်ပြန်သည်။

 

ထရန့်၏ ပြောခွင့်ရ အမျိုးသမီးက တရားရေး စနစ်သည် ဖွဲ့စည်းပုံကို လိုက်နာရေး အတွက် ၎င်းတို့တွင်ရှိ အာဏာကို အသုံးပြုရန် ရှောင်ရှားခဲ့ခြင်းသာ ဖြစ်သည်ဟု ပြောခဲ့သည်။

 

ရီပတ်ဘလီကင် ပါတီအဖို့လည်း ဒေါ်နယ် ထရန့်သည် ပေါင် ၈၀၀ ခန့် လေးသော ဂေါ်ရီလာ ကြီး အဖြစ် ဆက်ရှိနေဆဲ ဖြစ်သည်။ ထရန့်သည် လူထု မဲ ၇၄ သန်း ရထားခဲ့သဖြင့် သမိုင်းတွင် ၎င်းတို့ ပါတီ အတွက် မကြုံဖူးလောက်အောင် လူထုကို ဆွဲဆောင်နိုင်သည့် ဆွဲအားကြီး ဖြစ်နေပြန်သည်။ တဖက်တွင်လည်း ဒေါ်နယ် ထရန့်ကြောင့် ပါတီသည် ဆိုးရွားသော အနေအထား သို့ ကျရောက်နေပြန်သည်။

 

တနိုင်လုံးကောက်ယူခဲ့သော စစ်တမ်းများ အရ မဲဆန္ဒရှင် ၆၀% မှ ရွေးကောက်ပွဲ ရလဒ်ကို ထောက်ခံခဲ့ကြ သော်လည်း ရီပတ်ဘလီကင် ပါတီဝင် ၂၃% သာ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံခဲ့ကြသဖြင့် ကျန်ရှိနေသော ပါတီဝင်များနှင့် ထောက်ခံသူများ အား ဆန့်ကျင် ပြောဆို ဖို့ ပါတီ ခေါင်းဆောင်များက ဝန်လေးနေကြခြင်းလည်း ဖြစ်သည်။

 

လောလောဆယ်တွင် တရားလွှတ်တော်ချုပ်၏ အဆုံးအဖြတ် ကို ကန့်ကွက်နေကြသော ထရန့် ထောက်ခံသူ ထောင်နှင့် ချီသော လူအုပ်ကြီးသည် ဝါရှင်တန်နှင့် ပြည်နယ် မြို့တော်များတွင် ဆန္ဒပြခဲ့ကြသည်။

 

သမ္မတ ထရန့် လက်အောက်ရှိ အမေရိကန် ထောက်လှမ်းရေး အဖွဲ့ ၁၆ ဖွဲ့ ရှိ တဦးတလေကမျှလည်း မည်သို့ မည်ပုံ လိမ်လည်ခဲ့ကြကြောင်း သက်သေအထောက်အထားနှင့်တကွ စုံစမ်းဖေါ်ထုတ်နိုင်ခဲ့ကြခြင်း မရှိပေ။

 

(မြန်မာပြည်တွင်လည်း လူထု ထောက်ခံမှု ၅% ပင် မရရှိခဲ့သော USDP ပါတီ အဖို့ ပိုင်ဆိုင်မှု များစွာ ရှိနေသဖြင့် ပါတီ မပြိုကွဲရေး၊ ၎င်းတို့အား ထောက်ခံသူများ၏ ယုံကြည်မှု ဆက်လက်ရှိနေရေး အတွက် တခုတည်းသော နည်းလမ်း အဖြစ် ရွေးကောက်ပွဲတွင် မသမာမှုများကြောင့် ရှုံးရခြင်း ဖြစ်သည်ဟု ဆက်လက် ပြောဆိုနေကြဦးမည်သာ ဖြစ်သည်။ ဒီမိုကရေစီ၏ ကျန်းမာရေးသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဟု လူထု၏ ယုံကြည်မှု ပေါ်တွင် များစွာ တည်မှီနေသည်၊ ဤသည်ကို မေးခွန်းထုတ်လိုပါက မိမိတို့ဖက်မှ လေးနက်စွာ ပြောဆိုတင်ပြနိုင်မှသာ လုပ်သင့်သည့် ကိစ္စမျိုး ဖြစ်ပေသည်။ )

 

(ပုံတွင် တရားလွှတ်တော်ချုပ် ရှေ့တွင် ဆန္ဒပြနေသူများ ကို တွေ့ရစဉ်)

 

(၂၀၂၀ ဒီဇင်ဘာ ၁၂ ရက်နေ့ထုတ် နယူးယောက်တိုင်းမ် သတင်းစာ တွင် ပါရှိသော ‘An Indelible Stain’: How the G.O.P tried to topple a pillar of Democracy ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်။)