ကမ္ဘာနိုင်ငံရေး ဇာတ်ခုံပေါ်က ဂရိုမီကို၏ နေ့ရက်များ(19)

by Hla Soewai - Dec 26 2020

ရုစ်ဘဲလ်သည် ဘူဇွာ လူတန်းစား မှ ဆင်းသက်လာသူဖြစ်၍ ၎င်းတို့ အကျိုးစီးပွားကိုသာ ရှေ့တန်းတင် ပြောဆိုတတ်သူ ဖြစ်သော်လည်း နိုင်ငံတကာ ဆက်ဆံရေး အနေအထားတွင် အရှိကို အရှိအတိုင်း သုံးသပ်တတ်ပြီး ဆိုဗီယက်-အမေရိကန် ဆက်ဆံရေးကို တိုးတက်စေလိုသည့် သဘောထားရှိသော အမေရိကန် အုပ်ချုပ်ရေး အသိုက်အဝန်း တွင် ပါဝင်သူ တဦး ဖြစ်သည်။ ဆိုဗီယက်နှင့် သံတမန် ဆက်ဆံရေးကို သူ အာဏာရ လာသည့် ၁၉၃၃ ခုနှစ် နောက်ပိုင်းမှသာ စတင်တည်ထောင်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

 

ရုစ်ဘဲလ် နှင့် ဆိုဗီယက် အရာရှိများ တွေ့ဆုံမှုသည် အမြဲလို ထူးထူးခြားခြား ရှိခဲ့သည်ချည်းပင် ဖြစ်သည်။ နှစ်နိုင်ငံအကြား လူနေမှုစနစ် ကွာခြားသဖြင့် ဆက်ဆံရေး တွင် အကန့်အသတ်များ ရှိနေသော်လည်း နှစ်ဖက် အပြန်အလှန် နားလည်မှု တည်ဆောက်နိုင်သည့် ဧရိယာ မှာ ကျယ်ဝန်းပေသည်။ ထိုအချက်ကို လက်ရှိ ဝါရှင်တန်ရှိ အရာရှိများ ကောင်းစွာ သတိမူသင့်လှပေသည်။

 

ရုစ်ဘဲလ် အကြောင်းရေးသားသည့် ဆောင်းပါးများ၊ စာအုပ်စာတမ်းများသည် သမ္မတ အဖြစ် သူ၏ အောင်မြင်   ခဲ့မှုများကိုသာ အသားပေး ဖေါ်ပြလေ့ရှိသည်။ ယခုအခါ ရုစ်ဘဲလ်နှင့် ခေတ်ပြိုင် များက အနည်းငယ်သာ ကျန်ရှိတော့သည့်အပြင် သူ့အကြောင်း ယခင်က ရေးခဲ့သည်များအပေါ် အတိုချုံး၍ ပြန်လည် ဖေါ်ပြ လာကြခြင်း များကြောင့် မတိကျမှုများမှာ များသည်ထက် များလာနေပေသည်။ သူ၏ ပုံရိပ်ကို ပိုမို ပီပြင်လာစေရန် ကျွနုပ်ကိုယ်တိုင် သိထားသမျှကို စုတ်ချက်ကြမ်းကြမ်း ဖြင့် အနည်းငယ် ဝင်ရောက် ဖြည့်စွက်နိုင်မှသာ သင့်တော်ပေမည်။

 

ဖရန့်ကလင် ဒီ ရု့စ်ဘဲလ်သည် နိုင်ငံခြားမှ ကိုယ်စားလှယ်တော်များနှင့် သူတို့ကိုယ်စားပြုသည့် နိုင်ငံကို အမြဲလို ကြိုဆိုပြီး နားဝင်ချိုအောင် ပြောဆိုတတ်သူ ဖြစ်သည်။ သူ၏ ရုံးခန်းတွင် တွေ့ဆုံရသည်ဆိုလျှင် အလွတ်သဘော ပုံစံမျိုးဖြင့် ပြုမူဆက်ဆံလေ့ ရှိသူ ဖြစ်သည်။ ဥပမာ အားဖြင့် သူ့တွင် ခံစားနေရသည့် ဝေဒနာကြောင့် သူနှင့် တွေ့ဆုံခဲ့ရသည့် အခါတိုင်း ထိုင်ရာမှမထဘဲ တချိန်လုံး ထိုင်နေခဲ့သူ ဖြစ်သည်။ ထို့အတွက်လည်း သူ၏ ခန္ဓာကိုယ်ပိုင်း မစွမ်းမသန် ဖြစ်နေမှုကို သတိမမူနိုင်အောင် ဖြစ်ခဲ့ကြရသည်။

 

ရုစ်ဘဲလ် သည် ဓါတုဆေးဝါးများ ဖြင့် ကျားကန်နေရသဖြင့် သူတွင် ခံစားနေရသော နာကျင်မှုက ပျောက်ပျက် သွားခြင်း မရှိသော်လည်း အစည်းအဝေးများ၌ မျက်နှာတွင် မပေါ်အောင် ထိန်းထားနိုင်ခဲ့သူ ဖြစ်သည်။ သို့သော် ကွယ်လွန်ခါနီး အချိန်တွင်တော့ ထိုသို့ မတတ်နိုင်ခဲ့ပေ။

 

သူ၏ မျက်နှာအမူအရာသည် စာအုပ်ကြီး တအုပ်ကို ဖွင့်ထားသလို ဖြစ်နေ၍ လူတကာမှ သူ့စိတ်ကို အလွယ်တကူ ခန့်မှန်းနိုင်ခဲ့ကြသည်။ သူ့မျက်နှာပေးကို ကြည့်၍ ပြောနေသည့် အကြောင်းအရာ အပေါ် သူ့စိတ်ထဲ ဘယ်လို ရှိနေသည်ကို သိခဲ့ရသည် ဟု ပြောဆိုခဲ့သူ အများအပြား ရှိပေသည်။ ကျွနုပ်လည်း ထိုသူတို့နှင့် တသဘော တည်းပင် ဖြစ်သည်။

 

စတာလင် အကြောင်း ပြောဆိုဖို့ ကြုံလာတိုင်း တလေးတစား ခေါ်ဝေါ်သုံးစွဲ ပြောဆိုလေ့ရှိသည်။ သို့သော် နာမည်ကို အသံထွက် မှားပြီး ပြောလေ့ရှိသည်။ သူသည် - in ဆိုသည့် နေရာကို ဖိပြီး အသံထွက်တတ်သော ကြောင့်ပင် ဖြစ်သည်။ ကျွနုပ်ကလည်း တခါမျှ သူ့ကို အမှားပြင်မပေးခဲ့ဖူးသဖြင့် ပြင်ပေးသူများ ရှိကောင်းရှိမည် ဖြစ်ပြီး သူ့ကြည့်ရသည်မှာ အရေးတယူ ရှိခဲ့ပုံ မရပေ။

 

သမ္မတ ရုစ်ဘဲလ်သည် ပြဿနာ အားလုံးနည်းပါးကို သူတဦးတည်း ကပင် ဆုံးဖြတ်လေ့ ရှိပြီး အခြားလူများ နှင့် တိုင်ပင် ဆွေးနွေးခဲလှသည်ဟု မကြာခဏ ပြောဆိုခဲ့သည်များ ရှိသော်လည်း တကယ်တမ်းတွင် ထိုသို့ မဟုတ်ပေ။ သူတွင် အကြံပေးများ ဝိုင်းဝိုင်းလည်နေပြီး ပြည်တွင်း ပြည်ပ အရေးနှင့် စပ်လျှင်းသော မူဝါဒများ အတွက် အမြဲလို တိုင်ပင်ဆွေးနွေးလေ့ရှိသည်။ သို့သော် စိတ်ပိုင်းဖြတ်ပြီးသည့် အခါမျိုးတွင်တော့ မည်သည့်အခါမျှ ယိမ်းယိုင် တွန့်ဆုတ်သွားတတ်သူ မဟုတ်ပေ။

 

ထိုသို့ စိတ်ပိုင်း ဖြတ်ခြင်းမပြုရသေးချိန်တွင် မိတ်ဆွေများ၊ ဆုံးဖြတ်ရမည့် ပြဿနာ အပေါ် မှန်ကန်သည့် အမြင်များ ပေးနိုင်သည်ဟု ယုံကြည်ရသူများ၏ အယူအဆကို အမြဲလို တောင်းခံလေ့ရှိသည်။ ထိုသို့သော အရည်အချင်း ရှိသူများကို သဘောကျသူလည်း ဖြစ်သည်။

 

“ပြဿနာတွေက သောင်းခြောက်ထောင် ဆိုတော့ တခါတခါ ခေါင်းတွေကို ချာလပတ်လည် ကုန်ရောဗျ။ အဲ့တာကြောင့်လည်း ကျွန်တော်အဖို့ ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်မဲ့ ချက်ချက်ချာချာ ရှိတဲ့လူတွေ လိုအပ်နေတာပဲ” ဟု ကျွနုပ်ကို တခါက ပြောခဲ့ဖူးသည်။

 

ကျွနုပ် ဆိုဗီယက် သံအမတ်ဘဝနှင့် ရှိခဲ့စဉ် ရှင်းရခက်သည့် ပြဿနာတခု နှင့် ရင်ဆိုင်ခဲ့ရသည့်အခါ ကျွနုပ်အား ဟာရီ ဟော့ကင်း နှင့် သွားတွေ့ရန် အကြံပေးခဲ့ဖူးသည်။ ပြဿနာတိုင်း ဖြေရှင်းနိုင်တာမျိုး မဟုတ်ပေမဲ့ အကြံ ကောင်း ဉာဏ်ကောင်းတွေ ပေးနိုင်တဲ့ လူမျိုးဗျ” ဟု ပြောတတ်သည်။

 

ဟာရီ ဟော့ကင်းကို ထူးချွန်ထက်မြက်သူ တဦး အဖြစ် လူအများက မှတ်ယူထားကြသည်။ သူသည် ၁၉၃၈-၄၀ အတွင်း ကုန်သွယ်ရေး ဝန်ကြီး အဖြစ် ခဏတာ ထမ်းဆောင်ခဲ့သည်မှ လွဲ၍ အခြား မည်သည့် အရေးပါသော ရာထူး တခုတလေတွင်မျှ တာဝန်ယူ လုပ်ကိုင်ခဲ့ဖူးသူ မဟုတ်ပေ။  အမြဲလို ရုစ်ဘဲလ်၏ လက်တကမ်းအကွာတွင် ရှိနေခဲ့သူ ဖြစ်သည်။ စစ်ပွဲကြီး များ နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် သူ နှင့် အမြဲလို တိုင်ပင် ဆွေးနွေးလေ့ ရှိသည်။ သူသည် သမ္မတ ၏ လက်ထောက်၊ အိမ်ဖြူတော် ဝန်ထမ်းအကြီးအကဲ၊ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိချုပ် စသည့် တာဝန်များကို တဦးတည်း သိမ်းကျုံးတာဝန်ယူ လုပ်ဆောင်ခဲ့ရသူ ဖြစ်သည်။

 

ဟော့ကင်းသည် သမ္မတ၏ နားမျက်စိ ဖြစ်ခဲ့ရုံသာမက သူ၏ ခြေထောက်များလည်း ဖြစ်သည်။ အမေရိကန် သမိုင်းတွင် လွန်စွာ အရေးကြီးသော အချိန်များနှင့် ကြုံလာရသည့် အခါတိုင်း သမ္မတသည် ဟော့ကင်းကို ပြည်ပ သို့ အရေးတကြီး တာဝန်များ ပေး၍ စေလွှတ်တတ်သည်။ ၁၉၄၁ ဇန်နဝါရီလတွင် လန်ဒန်သို့ သွားပြီး ချာချီ နှင့် တွေ့ခဲ့ရသူသည် ဟော့ကင်းပင် ဖြစ်သည်။ တလအကြာ ၁၉၄၁ ဇူလိုင်လတွင် ဂျာမဏီမှ ယူအက်စ်အက်စ်အာ အား တိုက်ခိုက်လာချိန်တွင် ဟော့ကင်းသည် မော်စကို ရောက်ရှိလာပြီး စတာလင် နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ရုစ်ဘဲလ်သည် ဟော့ကင်းအား လုံးဝယုံကြည်စိတ်ချထားသဖြင့်လည်း မည်သည့် အခါမျှ ၎င်း၏ ညွှန်ကြား ချက်များကို စာနှင့် ရေးသား ပေးခဲ့ခြင်း မရှိပေ။

 

ကျွနုပ်သည်လည်း ဟော့ကင်းနှင့် အကြိမ်ပေါင်းများစွာ လျို့ဝှက် ဆွေးနွေးခဲ့ပြီး ဖြစ်သည်။ အချို့ကို ကျွနုပ်၏ သံရုံးတွင် ပြုလုပ်ခဲ့သည်။ ထိုအခါမျိုးတွင် ဟော့ကင်းသည် သူ၏ ဇနီးကိုပါ မကြာခဏ ဆိုသလို ခေါ်လာ လေ့ရှိသည်။ ကျွနုပ် နှင့် ဇနီး ဖြစ်သူကလည်း ဝမ်းပမ်းတသာ ကြိုဆိုလေ့ရှိသည်။ ကျွနုပ် ထူးထူးခြားခြား မှတ်မိနေသည်မှာ အနာဂတ် အရေး နှင့် ပတ်သက်၍ စကားစပ်မိသည့်အခါ သူ ပြောခဲ့သည်များကို ဖြစ်သည်။

 

“ကဲဗျာ..စစ်ကြီး ပြီးသွားရင် အမေရိကန် နဲ့ ဆိုဗီယက်အကြား ဆက်ဆံရေး ဘယ်လို ဖြစ်လာနိုင်မလဲ” ဟု သူက မေးလာခဲ့သည်။ “အခုဆို ဂျာမဏီက ဒူးထောက် အညံ့ခံ လာတော့မှာက မြေကြီးလက်ခတ်မလွဲတော့ဘူး၊ သမ္မတကလည်း ဒီအရေး အပေါ် နည်းနည်းလေးတောင် သံသယ မရှိဖူးဗျ” ဟု ဆိုသည်။

 

ထိုသို့ မေးမြန်းလာသည်မှာ ယော်လတာ ကွန်ဖရင့် မကျင်းပမီ ကာလ အတန်ကြာက ဖြစ်သည်။ သို့သော် ထိုအချိန်တွင် တပ်နီတော်သည် အနောက်ပိုင်းသို့ စတင် ထိုးစစ်ဆင် ချီတက်လာနေချိန်လည်း ဖြစ်သည်။

 

ဟော့ကင်း ဆက်ပြောလာသည်က “ရုစ်ဘဲလ်က ရှေ့ရေးကို စဉ်းစားတဲ့ အခါတိုင်း ဒီကိစ္စကို အမြဲလို ထည့်ပြော လေ့ရှိတယ်ဗျ၊ ဆိုဗီယက်-အမေရိကန် ဆက်ဆံရေး နဲ့ ပတ်သက်ပြီး ခုနမေးသလို လူအတော်များများက သူ့ကို မေးလာကြတယ်၊ အခုထိတော့ ဒီကိစ္စအပေါ် သူ ဘာမှ ဆုံးဖြတ်ထားပုံ မရှိသေးဘူး၊ ဒါကလည်း အကြောင်းအရာ အများအပြားပေါ် မူတည်နေသေးတာကိုးဗျ၊ အဓိက ကတော့ဗျာ ဆိုဗီယက်က အင်အားကြီး နိုင်ငံတနိုင်ငံ အဖြစ် ခံယူလာဖို့ ရှိနေတာ၊ သမ္မတ ပြောသမျှ ထဲက ကျွန်တော် ခန့်မှန်းနိုင်သလောက်တော့ ဆိုဗီယက် ပြည်ထောင်စု နဲ့ ဆက်ဆံရေး ကောင်းဖို့ အခြေခံ အုတ်မြစ်တွေ အမေရိကန်ဖက်က ဖြစ်နိုင်သမျှ ချပေးသွားသင့်တယ်လို့ ဆိုတာပဲဗျ”

 

ကျွနုပ်က "သမ္မတကြီးထံ စတာလင် ပေးခဲ့တဲ့ သဝဏ်လွှာတွေ အားလုံးကို ခင်ဗျားဆီကတဆင့် အပြင် ကျွန်တော်ကိုယ်တိုင်ပါ ပေးခဲ့တဲ့ အထဲမှာ စတာလင်က သမ္မတကြီးကိုကော၊ ခင်ဗျားတို့ နိုင်ငံကိုပါ တလေးတစား ရည်ညွှန်းပြောဆိုလေ့ရှိတာ တွေ့ရတော့ ခေါင်းဆောင် နှစ်ဦးစလုံး အမြင်ချင်း တူကြမယ် ဆိုရင် အတော်ကို ခရီးရောက်နိုင်တာပဲလေ၊ တခုတော့ ပြောရဦးမယ်၊ စတာလင် က ခင်ဗျားတို့ဆီက အရေးတကြီး တောင်းဆိုမှု တွေ ရှိခဲ့ပေမယ့် အမြဲလို လိုလိုလားလား တုန့်ပြန်ခဲ့တာ မျိုး မရခဲ့ဘူး ဆိုတာပဲ"

 

ကျွနုပ်က ဥပမာ တခု ပေးပြီး ဆက်ပြောခဲ့သည်။ “ဟစ်တလာ က ဆိုဗီယက်ကို တိုက်လာတဲ့ အချိန်မှာ ကျွန်တော်တို့ သံရုံးက စတာလင်ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ မက်ဆေ့ချ်ဝင်လာတယ်၊ အဲ့ဒီအထဲမှာ အမေရိကန်အစိုးရက သံချပ်ကာ တင့်ကားတွေ ထောက်ပံ့ပေးဖို့၊ ကျွန်တော်တို့ ဆီမှာ ပြတ်လတ်နေလို့ တောင်းဆိုထားတယ်၊ အဲ့တာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကို အကူအညီပေးမယ် ဆိုတဲ့ တုန့်ပြန်မှု မရခဲ့ဘူးဗျ၊ ကျွန်တော်တို့ဆီကို အမေရိကန်ဖက်က ဘာတခုမှ ထောက်ပံ့ပေးခဲ့တာ မရှိဘူး။ အဲ့ဒီအတွက် ဆိုဗီယက် သံရုံး နှင့် မော်စကို အဖို့ အတော်ကို နာကြည်းခဲ့တာတော့ အမှန်ပဲဗျ”