ရက်တသောင်းကြာ စစ်ပွဲကြီး စာအုပ် ထွက်ပြီ

by Hla Soewai - Jan 04 2021

နှစ်ပေါင်း သုံးဆယ်ကြာ ဖြစ်ပွားခဲ့သော ဗီယက်နမ် စစ်ကြီး အကြောင်းကို ရှုဒေါင့်ပေါင်းစုံမှ ဓမ္မဓိဌာန်ကျကျ လေ့လာနိုင်မည့် စာအုပ်ကောင်း တအုပ် ဖြစ်သောကြောင့် သမိုင်း ဖြစ်ရပ်မှန်များကို လေ့လာလိုသူများ အတွက် ကနေဒါ CBS ရုပ်သံ စစ်သတင်းထောက် Michael Maclear ရေးသားသော The Ten Thousand Day War (1945-75) ကို ဘာသာပြန်ဆို ထားခြင်းဖြစ်သည်။

 

အဆိုပါ စာအုပ်သည် လွန်စွာ နာမည်ကြီးလာသဖြင့် ရုပ်သံ ဇာတ်လမ်းတွဲ အဖြစ် ရိုက်ကူး ခဲ့ရလေသည်။

 

၁၉၄၅ ခုနှစ် ဧပြီလ (၁) ရက်တွင် တရုတ်ပြည် တောင်ပိုင်း နယ်ခြားတနေရာရှိ ဖုန်များ တထောင်းထောင်း ထနေသော ရွာလေး တရွာ၏ လ္ဘက်ရည်ဆိုင်ကလေးတွင် ဗီယက်နမ် တော်လှန်ရေး ခေါင်းဆောင် ဟိုချီမင်း နှင့် အမေရိကန် တို့၏ မဟာဗျူဟာ လုပ်ငန်းရုံး Office of Strategic Service (OSS) (နောင်တွင် စီအိုင်အေ အဖြစ် ထင်ရှားလာမည့် အဖွဲ့) မှ ဗိုလ်မှူး အာခိမိဒီး အယ် အေ ပက်တီ တို့ တွေ့ဆုံ ဆွေးနွေးခဲ့ရာက ဇာတ်လမ်း စတင်လာခဲ့သည်။

 

ဒုတိယ ကမ္ဘာစစ်ကြီး အပြီး ဗီယက်နမ် ပြည်သူတို့ကို နောက်တကြိမ် ကျွန်ပြုရေး စီမံကိန်း ဖြင့် ပြင်သစ်တို့ အတင်းအဓမ္မ ပြန်လည် ဝင်ရောက်လာပြန်သဖြင့် စစ်ဝါဒီများအား ခုခံတော်လှန်ရေး စစ်ပွဲကြီး အဆင့်ဆင့်တွင် အသက်ပေါင်းများစွာ စတေး၍ ဆင်နွှဲခဲ့ကြရပြီး နောက်ဆုံး နာမည်ကျော် “ဒိန်ဘင်ဖူး” တိုက်ပွဲကြီးဖြင့် နိုင်ငံ အတွင်းမှ အပြီးအပိုင် မောင်းထုတ်နိုင်ခဲ့ကြသည်။ သို့သော် ဗီယက်နမ် နိုင်ငံမှာ နှစ်ခြမ်းကွဲသွားခဲ့ရပြီ ဖြစ်သည်။

 

ပြင်သစ်တို့ ထွက်ခွာပြီး မရှေးမနှောင်းမှာပင် အမေရိကန် တို့ သည် တောင်ဗီယက်နမ် ရှိ ၎င်းတို့၏ ရုပ်သေး အစိုးရကို ကျားကန်ပေးရန်နှင့် မြောက်ဗီယက်နမ် ကွန်မြူနစ် ဝါဒအား အစွယ်ချိုးပြစ်ရန် ဟူသော ရည်ရွယ်ချက် ဖြင့် တဖြေးဖြေး ဝင်ရောက်လာခဲ့သည်။

 

ပြင်သစ်တို့ ကိုယ်ပိုင်ရေးသားခဲ့သော ကျွန်ပြုရေး ဇာတ်ညွန်းတွင် ဇာတ်ရံ အဖြစ်ပါဝင်ခဲ့သည့် အမေရိကန်သည် အဓိက ဇာတ်ဆောင် အဖြစ် နေရာယူလာကာ ဒုတိယပိုင်းကို ဆက်လက် အသုံးတော် ခံလာခဲ့ကြပေသည်။ ယင်းနှင့်အတူ တောင်ဗီယက်နမ် သမ္မတ ဂို ဒင်း ဒီယမ်သည်လည်း ကမ္ဘာဇာတ်ခုံပေါ်သို့ ရောက်ရှိလာခဲ့ပေသည်။

 

သို့သော် ဂို ဒင်း ဒီယမ် သည် အမေရိကန်တို့ ကြိုးဆွဲရာ မကမှန်း သိလာသည့် အခါ စီအိုင်အေ အကူအညီဖြင့် တောင်ဗီယက်နမ် စစ်ဗိုလ်ချုပ်ကြီးများက နေ့ခင်းကြောင်တောင်အချိန် သွေးထွက်သံယို အာဏာသိမ်းပွဲကြီး ဆင်နွှဲကာ ဒီယမ် အား ကွပ်မျက်ပြစ်ခဲ့ကြပုံ ကို သည်းထိတ်ရင်ဖို အသေးစိတ် ရေးသားထားပြန်သည်။

 

ထိုအာဏာ သိမ်းပွဲကြီးကြောင့် အမေရိကန်၏ အထိခိုက် အနစ်နာခဲ့ရဆုံးဟု ပြော၍ရသည့် ဆယ်စုနှစ်ကြီး စတင်လိုက်ခြင်း ဖြစ်ပေသည်။ ခေတ်သစ် သမိုင်းတွင် မေးခွန်းပေါင်းများစွာ ကျန်ရစ်စေခဲ့ဆုံးဖြစ်သည့် လက်နက်ကိုင် ပဋိပက္ခကြီး အစပျိုးလာခဲ့သည့် အချိန်လည်း ဖြစ်သည်။

 

အချိန်ကား ၁၉၆၄ ဇူလိုင်လ ၃၁ ရက် ည သန်းကောင်ယံ ဖြစ်သည်။ စီ ပုံသဏ္ဌာန် တုံကင်း ပင်လယ်ကွေ့ အဖျား ရှိ ဒါနန်း မှ တောင်ဗီယက်နမ် တိုက် ရေယာဉ်များ စတင်ထွက်ခွာလာခဲ့ကြသည်။ ၎င်းတို့၏ ရည်မှန်းချက်မှာ ကမ်းရိုးတန်းကို ဖြတ်သွားသည့် ၁၉ မျဉ်းပြိုင် မှ မိုင် ၆၀ အကွာတွင် ရှိသော မြောက်ဗီ ယက်နမ် ကမ်းလွန်ရှိ ကျွန်း နှစ် ကျွန်း သို့ သွားရောက်ရန်ပင် ဖြစ်သည်။

 

ဤသို့ဖြင့် အမေရိကန်တို့ သည် ဗီယက်နမ် စစ်ပွဲကြီးတွင် ရုန်းထွက်လို့ မရအောင် ဖြစ်စေခဲ့သည့် တုံကင်းပင်လယ်ကွေ့ အရေးအခင်းကြီး ပေါ်ပေါက်လာခဲ့ရလေသည်။

 

ဗီယက်ကောင်းများက မိုင်ပေါင်း ၃,၅၀၀ ခန့်ရှည်လျားသည့် ဟိုချီမင်း လမ်းကြောင်းကြီးအား တောတောင် လျှိုမြောင်များ အဆင့်ဆင့် ဖြတ်ကာ ဖေါက်လုပ်ခဲ့ပြီး လက်နက်များ ရွှေ့ပြောင်း သယ်ယူကာ တောင်ဗီယက်နမ် ထဲသို့ စိမ့်ဝင်ထိုးဖေါက်လာခဲ့ကြပြီ ဖြစ်သည်။

 

အမေရိကန် သမ္မတ ဂျွန်ဆင် အတွက် အိပ်မပျော်သော ညပေါင်း များစွာ နှင့် ကြုံခဲ့ရသည့် ခီဆန်း တောင်ကုန်းရှိ အမေရိကန် စစ်စခန်းအား ဗီယက်နမ် တို့ ဝိုင်းဝန်း ပိတ်ဆို့လာခဲ့သည့် ကမ္ဘာကျော် တိုက်ပွဲကြီး စတင်လာခဲ့သည်။

 

ထိုသို့ အမေရိကန်တို့ ခီဆန် တောင်ကုန်း မကျရေး အတွက် အာရုံစိုက်နေကြချိန်တွင် ဗီယက်ကောင်းတို့သည် ဆိုင်ဂုံရှိ အမေရိကန် သံရုံးအား စီးနင်းတိုက်ခိုက်လာခြင်းဖြင့် “တက်” ထိုးစစ်ကြီး ကို စတင်ဖွင့်လှစ်လိုက်ပေသည်။ “တက်”ထိုးစစ်ကြီးမှာ တကယ်တမ်းဆိုရလျှင် ဗီယက်နမ်တွင် အမေရိကန်တို့ ပါဝင်ပတ်သက်နေမှု အဆုံး သတ်သွားခြင်း၏ အစပင် ဖြစ်ပေတော့သည်။

 

အမေရိကန် တို့မှ B-52 ဗုံးကြဲလေယာဉ်ကြီးများဖြင့် မြောက်ဗီယက်နမ်ထဲ ဝင်ရောက်ကာ မြေလှန် ဗုံးကြဲစနစ်ဖြင့် ရက်စက်စွာ လက်တုန့်ပြန်လာခဲ့ကြသည်။ ကမ္ဘာအင်အားကြီး နိုင်ငံကြီးမှ တပတ်လျှင် အပြစ်မဲ့ ပြည်သူ တထောင် ခန့်အား သေကြေ ဒဏ်ရာရအောင် ပြုလုပ်ပြီး နိုင်ငံငယ်လေးတနိုင်ငံအား ဒူးထောက် အညံ့ခံ လာအောင် ပြုလုပ် နေခြင်းမှာ မြင်မကောင်းအောင် ဖြစ်လာနေရပေသည်။

 

ဗီယက်နမ် တို့သည် လှိုဏ်ခေါင်းများ တူး၍ မြေအောက် ရွာကြီးများ တည်ထောင်လာခဲ့ကြရသည်။ သို့သော် ဗီယက်နမ် ကလေးသူငယ်များ၏ ပညာရေး ကို အထိခိုက် မခံနိုင်၊ ရန်သူ ဗုံးကြဲလေယာဉ်များ ရပ်ဆိုင်းသွားချိန်တွင် ကလေးများသည် တကိုယ်လုံး သစ်ရွက်များ ဖုံးကာ စာသင်ကျောင်း အဖြစ် သတ်မှတ်ထားသော နေရာများသို့ သွားရောက်ပညာသင်ကြားကြရသည်။

 

ယင်းနှင့် အတူ အမေရိကန် မြို့ကြီး အနှံ့အပြားတွင် ဗီယက်နမ် စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးများ အရှိန်အဟုန်နှင့် ပေါ်ပေါက်လာခဲ့ရပေတော့သည်။

 

အမေရိကန်တို့၏ မြေလှန် ဗုံးကြဲနေမှုကို ဗီယက်နမ် ပြည်သူတို့ မည်သို့ မည်ပုံ စည်းလုံးညီညွတ်စွာ ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ကြပုံကို အတုယူ အားကျဖွယ် ဖတ်ရှုရမည် ဖြစ်သည်။ ထိုမှတဆင့် တကမ္ဘာလုံး တုန်လှုပ် ချောက်ချား သွားခဲ့ရသည့် မီလိုင်ကျေးရွာ လူသတ်ပွဲကြီး ဖြစ်ပေါ်လာခဲ့ရပုံ အသေးစိတ်ကိုလည်း တင်ပြထားသည်။

 

အမေရိကန်တွင်လည်း ရစ်ချတ် နစ်ဆင် သမ္မတ ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ငြိမ်းချမ်းရေး ဖေါ်ဆောင်မည်ဟု ကြွေးကြော်သံဖြင့် တက်လာခဲ့သော်လည်း တကယ်တမ်း တွင် လော နှင့် ကမ္ဘောဒီယား နိုင်ငံများအထိပင် စစ်မီး ကူးစက် ပျံ့နှံ့သွားခဲ့သည်။ သို့သော် နစ်ဆင်သည် ထိုအဖြစ်ကို အမေရိကန် ပြည်သူတို့ အား အသိမပေးဘဲ ဖုံးဖိထားခဲ့သည်။

 

အမေရိကန်တို့ မည်မျှပင် စစ်အင်အား အသာစီးဖြင့် တိုက်ခိုက်နေရသော်လည်း အရှုံးနှင့် ရင်ဆိုင်လာနေရပြီ ဖြစ်သဖြင့် ၁၉၇၃ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့တွင် ပဲရစ် ၌ ကစ်ဆင်ဂျာ နှင့် လီဒပ်သို တို့ ငြိမ်းချမ်းရေး စာချုပ်လက်မှတ်ရေးထိုးခဲ့ပြီး အမေရိကန်တပ်များ စတင် ဆုတ်ခွာခဲ့ရသည်။

 

ဗီယက်နမ် တို့က ၁၉၇၄ ဒီဇင်ဘာလ တွင် ဆိုင်ဂုံကို သိမ်းပိုက်ရေး နောက်ဆုံးထိုးစစ်ကြီး ဆင်နွှဲရန် ပြင်ဆင် လာခဲ့ပေတော့သည်။ ထိုမှတဆင့် ဆိုင်းဂုံထိုးစစ်ကြီး စတင်လာပုံ၊ တောင်ဗီယက်နမ်တပ်များ လက်နက်ချခဲ့ရပုံ နှင့် နောက်ဆုံး ဗီယက်နမ် တွင် အမေရိကန် ပိုင် နယ်မြေဟူ၍ အမေရိကန် သံရုံး ခေါင်မိုးပေါ်ရှိ စတုရန်းပေ အနည်း ငယ်ကျန်သည့် နေရာလေးမှ သံရုံဝန်ထမ်း များ၊ ဗီယက်နမ် မိသားစုများကို ပင်လယ်ပြင်ရှိ စစ်သင်္ဘောများရှိရာ သို့ အခေါက်ခေါက် အခါခါ သယ်ယူ ရွှေ့ပြောင်းဆုတ်ခွာခဲ့ရပုံများအထိ မူရင်းစာရေးသူက ရင်တမမ ဖြစ်အောင် ရေးဖွဲ့ထားခဲ့သည်။

 

နောက်ဆုံးပိတ် အမေရိကန် အလံကို ချကာ မရိမ်းတပ်သား ဆယ့်တစ်ဦး ထွက်ခွာလာခဲ့သည့် အချိန်မှာ ၁၉၇၅ ဧပြီလ ၃၀ ရက်နေ့ နံနက် ၇:၅၃ တွင် ဖြစ်ပေသည်။ ထိုနေ့သည်ကား ဗီယက်နမ်သို့ ပထမဆုံး တာဝန်နှင့် စေလွှတ်ခဲ့သည် ဗိုလ်မှူးအာခိမိဒီး ပက်တီ စတင် အခြေချခဲ့သည့် နှစ်ပေါင်း သုံးဆယ် ပြည့်လုနီးနီး အချိန်လည်း ဖြစ်ပေသည်။

 

တောင်ပိုင်း နှင့် မြောက်ပိုင်းတွင် ရှိသော ဗီယက်နမ် လူမျိုးများသည် အခက်အခဲမျိုးစုံကို ကြံ့ကြံ့ခံပြီး ရာစုနှစ်၏ အရှည်ကြာဆုံး စစ်ပွဲကြီးကို တိုက်ခိုက်နိုင်ခဲ့ကြသည်။ ရာစုနှစ် တခုနည်းပါးမျှ နိုင်ငံခြားသားတို့၏ အုပ်ချုပ်မှုကို ခံခဲ့ရပြီးနောက် လူသား တို့၏ ခံနိုင်ရည်ရှိမှု၊ ဇွဲသတ္တိများဖြင့် နိုင်ငံငယ်လေးတခုသည် အာရှကုန်းမြေကြီးပေါ်တွင် နောက်တကြိမ် ပေါ်ထွန်းအောင် ကြံဆောင်နိုင်ခဲ့ပြီ ဖြစ်သည် ကိုတော့ ယခုစာအုပ်ထက် ပြီးပြည့်စုံအောင် မည်သူမျှ ရေးဖွဲ့တင်ပြနိုင်မည် မဟုတ်တော့ပေ။

 

နောက်ဆုံးတွင် ကဗျာဆရာကြီး ရုယတ် ကစ်ပလင်၏ စာသား ဖြစ်သော "A Fool lies here who tried to hustle the East." အာရှကို ဝရုန်းသုန်းကား ဖြစ်အောင် ကြံဆောင်ခဲ့သူမှန်သမျှ သူရူးသာ ဖြစ်ပေ၏ ဆိုခြင်းသည် သွေးထွက်အောင် မှန်နေသည့်အဖြစ်အား ဗီယက်နမ်က သက်သေပြနိူင်ခဲ့ပြီ ဖြစ်သည်။

 

ဝယ်ယူ ဖတ်ရှုနိုင်ရန် အသေးစိတ်ကို အောက်ပါ လင့်ခ်တွင် ဝင်ရောက် ကြည့်ရှု နိုင်ပါသည်။

https://www.facebook.com/SuPyaeSoneHtun2000/posts/3685797594840462