ထရန့် နှင့် ဒီမိုကရေစီ တိုက်ပွဲ

by Hla Soewai - Jan 06 2021

ထရန့်၏ သမ္မတ ပြန်ဖြစ်ရေး ရည်မှန်းချက်ကို အပြီးအပိုင် ဖုတ်ကြည်းမီးသင်္ဂြိုလ် ပြစ်မည့်နေ့မှာ လာမည့် ဇန်နဝါရီလ ၆ ရက်နေ့ ၊ နေရာကား အမေရိကန် ကက်ပီတို ဟေးလ် အဆောက်အဦးအတွင်းတွင် ဖြစ်ပေသည်။

 

ဒေါ်နယ် ထရန့် နှင့် သူ၏ မဟာမိတ် များက ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းပြန်လှန် ပြစ်ရန် နောက်ဆုံး အားကိုးရာ အဖြစ် ဒုသမ္မတ မိုက်ပင့်စ်ကို အားကိုးနေရလေသည်။ ထရန့်၏ ရွေးကောက်ပွဲ အဖွဲ့က နိုင်ငံတဝှမ်းရှိ တရားရုံးများ တွင် အမှုပေါင်း ၆၁ မှုကို တင်သွင်းခဲ့သော်လည်း တမှုသာ အနိုင်ရရှိသွားခဲ့ကာ အရှုံးနှင့် ရင်ဆိုင်ခဲ့ရပြီး ဖြစ်သည်။ ဂျော်ဂျီယာ ပြည်နယ် ဝန်ကြီး ဘရက် ရာဖင်စပါဂါကိုလည်း ထရန့် ကိုယ်တိုင် ဖုန်းဆက်ပြီး ဂျော်ဂျီယာ တွင် အနိုင်ရရှိရန်အတွက် ၎င်းလိုအပ်နေသော မဲ ၁၁,၇၈၀ ကို မဖြစ်ဖြစ်သည့်နည်းနှင့် ရှာပေးရန် အနိုင်ကျင့် တောင်းဆိုမှုအား ဝန်ကြီးက ပယ်ချခဲ့ပြန်သည်။ သူတို့နှစ်ဦး ၏ တယ်လီဖုန်းစကား ပြောဆိုမှု အသံဖမ်း တိတ်ခွေသည် အပြင်သို့ ပေါက်ကြားသွားခဲ့ပြန်သည်။

 

ထရန့် နှင့် သူ့အား ထောက်ခံသူများက ရွေးကောက်ပွဲ မသမာမှုများရှိသည်ဆိုကာ တွစ်တာ နှင့် ရုပ်မြင်သံကြား ကင်မရာ ရှေ့မှောက်တွင် အာပဒေါင်း ပွ အောင် ပြောဆိုနေခဲ့သော်လည်း သက်သေအထောက်အထား အခိုင်အမာ ပြဖို့ လိုအပ်သည့် တရားခွင်တွင်တော့ သူ့တို့၏စကားများမှာ အငွေ့ပျံ ၍ပျောက်ကွယ် သွားကြပေသည်။ ထရန့်ကိုယ်တိုင် ခန့်အပ်ထားခဲ့သော တရားသူကြီးများသည်လည်း ဥပဒေလမ်းကြောင်း ပေါ်တွင် အခိုင်အမာ ရပ်တည် သွားခဲ့ကြသည်။

 

ထို့အတွက် ထရန့် နှင့် အဖွဲ့သည် လာမည့် အထက်နှင့် အောက် လွှတ်တော် နှစ်ရပ်ပေါင်း အစည်းအဝေးတွင် သုံးချီသုံးမောင်း ကြိုးပမ်းလာဖို့ ရှိနေပေသည်။ ထိုအစည်းအဝေးမှ ဂျိုး ဘိုင်ဒင်အား သမ္မတ အဖြစ် နောက်ဆုံး အတည်ပြုပေးရမည့် ပွဲလည်း ဖြစ်ပေသည်။ ဤသည်မှာ လုပ်ထုံးလုပ်နည်း အတိုင်း တရားဝင် ကြေညာ ပေးရန်သာ ဖြစ်သည်။

 

ဆီးနိတ် ဥက္ကဌ ဖြစ်သည့် ဒုသမ္မတ မိုက် ပင့်စ်မှ ချိတ်ပိတ်ပြီး ရောက်လာသော ပြည်နယ် ကိုယ်စားလှယ်များ၏ မဲစာအိတ်များကို ဖွင့်ဖေါက်ကာ သူ့အနီးတွင် ရှိနေသော ရေတွက်သူ နှစ်ဦးအား ကမ်းပေးပြီး သူတို့က ကြေညာပေးရမည် ဖြစ်သည်။ ပြီးနောက် မိုက် ပင့်စ်မှ ကန့်ကွက်မည့်သူ ရှိမရှိ မေးမြန်းရမည် ဖြစ်သည်။

 

ထိုအခါတွင်တော့ ထရန့် အဖွဲ့သား အမတ်များက ကန့်ကွက်ကြောင်း ပြောဆိုကောင်း ပြောလာနိုင်ပေသည်။ ကန့်ကွက်ကြောင်း ကြေညာလွှာကို အထက် နှင့် အောက်လွှတ်တော် ကိုယ်စားလှယ် တဦးစီမှ ပူးတွဲ လက်မှတ်ထိုး တင်သွင်းရမည် ဖြစ်သည်။

 

လွှတ်တော် နှစ်ရပ်ပေါင်း အစည်းအဝေးကို နှစ်နာရီခန့် ရပ်နားပြီး ဘယ်အတွက် နှင့် မည်သို့သော အထောက် အထားများကြောင့် ကန့်ကွက်ရသည်ကို ခေါ်ယူတွေ့ဆုံ မေးမြန်းရမည်ဖြစ်သည်။ ထို့အတွက်လည်း အချိန် ကြာရုံသာ ရှိပြီး မည်သို့မှလည်း ထူးခြားလာမည် မဟုတ်ပေ။ သို့သော် ၎င်းတို့ဖက်က မည်သို့ အထောက်အထား များနှင့် ကန့်ကွက်မည်ဆိုသည်ကိုကား သဲသဲကွဲကွဲ မသိရသေးပေ။

 

သို့သော် ရီပတ်ဘလီကင် အမတ် ၁၄၀ မှ ကန့်ကွက်နေသည့်တိုင် လူများစု မဲရဖို့ ဒီမိုကရက် အမတ် ၅၀ ၏ ထောက်ခံမှု ရရန် လိုနေပေသေးသည်။ မည်သို့ ဖြစ်နိုင်ပေဦးမည်နည်း။

 

နောက်တချက်မှာ ထရန့်၏ အမာခံ ထောက်ခံသူ လူဝီ ဂိုးမတ် က ဒုသမ္မတ သည် ပြည်နယ် များမှ သူ ရွေးချယ်ချင်သည့် ကိုယ်စားလှယ် အဖွဲ့များ၏ မဲများကို ရွေးချယ် ကြေညာခွင့် အာဏာရှိရမည်ဟူ၍ တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ပြီး ဖြစ်သည်။ ထို့အတွက်လည်း အချို့ပြည်နယ်များတွင် ၎င်းတို့က စင်ပြိုင် သမ္မတ ရွေးချယ်ရေး ကိုယ်စားလှယ် အဖွဲ့ကို ထူထောင်ခဲ့ကြခြင်း ဖြစ်သည်။

 

ဤသည်ကို တရားရုံးက ပယ်ချခဲ့ပြီး ဖြစ်၍ အယူခံ တင်သွင်းခဲ့သော်လည်း မည်သို့မျှ ထူးခြားလာမည် မဟုတ်ပေ။ ဖွဲ့စည်းပုံကို ရေးဆွဲခဲ့ကြသော နိုင်ငံတည်ထောင်ခဲ့ကြသူများက သူတို့ နိုင်ငံသားများ ရွေးချယ်ထားသူ ကို ကျော်လွန်ပြီး ဒုသမ္မတ၏ စိတ်ကြိုက် အဖြစ် ရွေးချယ်ခြင်းကို မည်သို့မှ ခွင့်မပြုနိုင်ဆိုသည်ကို အားလုံးက သိထားကြပြီး ဖြစ်သည်။

 

သို့ဆိုလျှင် ၂၀၂၄ ရွေးကောက်ပွဲတွင် ကမ်မလာ ဟာရစ်က သူမစိတ်ကြိုက် တွေ့သူကို သမ္မတ အဖြစ် ကြေညာလာနိုင်တော့မည် မဟုတ်ပါလား။

 

နောက်ဆုံး ကြံစည်လာကြသည်ကား အထက်လွှတ်တော် အမတ် တက် ကရုဇ် ဦးဆောင်သော အခြား အထက်လွှတ်တော် အမတ် ဆယ်ဦးက “အငြင်းပွား ပြည်နယ်များတွင် ရွေးကောက်ပွဲ ရလဒ်ကို စုံစမ်းစစ်ဆေးပေးရန် အရေးပေါ် ကော်မရှင် တရပ် ဖွဲ့စည်းပေးဖို့” တောင်းဆိုကြမည် ဖြစ်သည်။ ထို့နောက် တွေ့ရှိချက်များကို မူတည်ပြီး အထူး လွှတ်တော်တရပ် ခေါ်ယူကာ ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲပေးရမည် ဖြစ်သည်။

 

သို့သော် ၎င်းတို့ မျှော်မှန်းသည့် ကော်မရှင်က မည်သို့မျှ ဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိပြန်ပေ။ ဝါရင့် ရီပတ်ဘလီကင် ခေါင်းဆောင်များ ဖြစ်သော မစ်ချ် မက်ကွန်းနယ် နှင့် ဂျွန် သွန်း တို့က မည်သို့မျှ သဘောတူမည် မဟုတ်သောကြောင့်ပင် ဖြစ်သည်။ ၎င်းတို့ ကိုယ်တိုင်က ဂျိုး ဘိုင်ဒင်၏ အောင်ပွဲကို အသိအမှတ်ပြုကြောင်း တရားဝင် ထုတ်ဖေါ် ပြောဆိုခဲ့ကြပြီး ဖြစ်နေသောကြောင့်ပင်။

 

ထိုသို့ မအောင်မြင် နိုင်သည်ကို သိသိကြီးနဲ့ လုပ်နေကြသူများက ရူးသွပ်နေကြ၍လော ဟု မေးစရာ ရှိလာပေသည်။

 

၎င်းတို့သည် ရူးသွပ်နေသူများ တော့ မဟုတ်ကြပေ။ အားလုံးသည် ၂၀၂၄ သမ္မတရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရန် ရည်မှန်းနေကြသူများ ဖြစ်သည်။ ၎င်းတို့ အဖို့က ထရန့် ၏ အကြိုက်ကို လိုက်မလုပ်ပေးဟု ဆိုလျှင် ၂၀၂၄ ရွေးကောက်ပွဲတွင် မည်သို့မျှ မျက်နှာပန်း မလှနိုင်သည်ကို သိနေကြသောကြောင့်ပင် ဖြစ်သည်။ ၂၀၂၄ အတွက် ထရန့်မှ ထောက်ခံမှု ပေးမည့် လူသည် သာ ပရိုင်မာရီတွင် အလားအလာ အကောင်းဆုံး ဖြစ်နိုင်နေ သောကြောင့်ပင် ဖြစ်သည်။ အချို့ကလည်း ထရန့် အလိုကို မလိုက်က ၎င်းတို့ ပြန်လည် အရွေးခံရမည့် အချိန်တွင် ရီပတ်ဘလီကင် မဲဆန္ဒရှင်များ၏ ဒေါသမာန်ဟုန်နှင့် ရင်ဆိုင်ရမည်ကို ထိတ်လန့်နေကြပြန်သည်။

 

မည်သို့ပင် ဖြစ်စေ ထိုသို့ ကြိုးပမ်းပေးသူများအနေနှင့် အောင်မြင်မည် ဆိုက အဆိုပါ ရွေးကောက်ပွဲ ရလဒ် ပြောင်းလဲသွားမည့် အရေးကို မည်သို့မျှ လက်တွန့် ကြမည်သူများ မဟုတ်သည့်အပြင် ၎င်းတို့ အကျိုးရှိရာ ရှိကြောင်းအတွက် အမေရိကန် ဖွဲ့စည်းပုံကို ဆုတ်ဖြဲပြစ်ဝံ့သူများ အဖြစ် သမိုင်းက အဆုံးအဖြတ် ပေးသွားမည်သာ ဖြစ်သည်။

 

ယနေ့တွင် အမေရိကန် ဒုသမ္မတ ဟောင်း ဒစ်ချေနီ နှင့် သက်ရှိထင်ရှား ကာကွယ်ရေး ဝန်ကြီးဟောင်း ဆယ်ဦး တို့မှ ဒေါ်နယ် ထရန့်အား လက်နက်ကိုင် တပ်ဖွဲ့များအား မိမိ၏ ရွေးကောက်ပွဲ ပြဿနာ ဖြေရှင်းရေး တွင် ဆွဲသွင်းခြင်း မပြုရန် ပြင်းထန်စွာ သတိပေးလိုက်သည့် အိတ်ဖွင့် ပေးစာ တစောင် ပေးပို့လိုက်ပြီး ထိုကဲ့သို့ ညွှန်ကြားသူများ၊ အမိန်နာခံ သူများ အနေဖြင့် ရာဇဝတ်ကြောင်းအရ အရေးယူ ခံရဖွယ် ရှိသည်ဟု ပြင်းထန်စွာ သတိပေးလိုက်ပြီ ဖြစ်သည်။

 

(၂၀၂၁ ဇန်နဝါရီ ၃ ရက်နေ့ ထုတ် အီကော်နော်မစ် မဂ္ဂဇင်းပါ “Trump Vs Democracy: Endgame” မှ အချက်အလက်များကို ကိုးကား သည်)