သေမထူး နေမထူး ဖြစ်နေကြပြီလော

by Hla Soewai - Jan 13 2021

တနင်္လာနေ့က စစ်တပ် မှ လွှတ်တော်သို့ စေလွှတ်ထားသော ကိုယ်စားလှယ် ၁၆၀၊ ၎င်းတို့၏ လက်ဝေခံ ကြံ့ခိုင်ရေး ပါတီ ကိုယ်စားလှယ် ၃၆ ဦး နှင့် အာရကန် အမျိုးသား ပါတီမှ ၄ ဦး တို့ စုပေါင်း လက်မှတ်ထိုးပြီး ရွေးကောက်ပွဲ မသမာမှု များ အတွက် ဆွေးနွေးရန် ဆိုကာ လာမည့် ဖေဖေါ်ဝါရီ ၁ ရက် လွှတ်တော် မစတင်မီ လွှတ်တော် အထူးအစည်းအဝေး ကျင်းပပေးရန် တောင်းဆိုလာသည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြ ထားသည်။

 

ရာထူးမှ ထွက်ရန် လပိုင်းမျှသာ လိုတော့သည့် ကာကွယ်ရေး ဦးစီးချုပ်မှ တိုင်းပြည်၏ ပုံရိပ်ကို ထိခိုက်မည် စိုး၍ လုပ်နေရခြင်း ဖြစ်သည်ဟု ပြောလာသည်။ အမှန်မှာ ထိုသို့ ဖြစ်ရန် သူကိုယ်တိုင် ဦးဆောင် ပြီး ပြုလုပ်နေခြင်း ဖြစ်၍ ရာဇဝတ်ကြောင်းအရပင် အရေးယူ နိုင်ပေသည်။

 

ရွေးကောက်ပွဲ တွင် အရှုံးအနိုင်က လွန်စွာ ကွာခြားနေပြီ ဖြစ်၍ မသမာမှု ရှိနေသည် ထားဦး မည်သို့မျှ ပြောင်းလဲအောင် မလုပ်နိုင်၊ ယခု အရေးသည် ပြည်သူများ ရွေးချယ်တင်မြှောက်ထားသော အစိုးရ အပေါ် ပြည်တွင်း ပြည်ပ မှ ယုံကြည်မှု မဲ့လာစေရန် ကမူးရှူးထိုး ကြိုးပမ်းလာနေမှုသာ ဖြစ်သည်။

 

၎င်းတို့အဖို့က ပြည်သူများ၏ ဆန္ဒကို လေးစားလိုက်နာဖို့ ခေါင်းထဲတွင် မရှိကြဘဲ ပြည်သူများ ရွေးချယ် တင်မြှောက်ထားသည့် အစိုးရကို ၎င်းတို့အာဏာရရေး အတွက် သေမထူး နေမထူး ဖြစ်လာကာ ရန်သူကြီး သဖွယ် ပြုကျင့်လာကြခြင်း ဖြစ်သည်။ တကမ္ဘာလုံးကလည်း မြန်မာပြည်သူများ၏ ဆန္ဒကို တလေးတစား ရှိနေကြပြီး မည်သူကမှ ၎င်းတို့ကဲ့သို့ ပြောဆိုဝေဖန်နေခြင်းမျိုး မရှိ။

 

လွတ်လပ်ပြီး တရားမျှတမှု ရှိပါသည် ဆိုကာ နိုင်ငံတကာမှ အသိအမှတ်ပြုထားသည့် အပြင် ပြည်သူအများက တခဲနက် ထောက်ခံ အတည်ပြုထားသည့် ရလဒ်ကို ယုံထင်ကြောင်ထင် ဖြစ်ရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို စောင့်ရှောက် ပါမည် ဆိုသော တပ်မတော် အဖွဲ့အစည်းက ဦးဆောင်ကျူးလွန်လာနေခြင်းသည် နိုင်ငံတကာတွင် လုံးဝမကြားဖူးသော၊ လုံးဝ မဖြစ်သင့်သော အရေးပင် ဖြစ်သည်။

 

ဖွဲ့စည်းပုံ အပိုဒ် ၈၄ တွင် လွှတ်တော် ကိုယ်စားလှယ် ၂၅% က အထူး အစည်းအဝေး ကျင်းပပေးရန် တောင်းဆို လာလျှင် လွှတ်တော် ဥက္ကဌ မှ ၁၅ ရက်အတွင်း ခေါ်ယူပေးရန် တာဝန် ရှိနေသော်လည်း လက်ရှိ အနေ အထား အရ အချိန် အရမ်းနီးကပ်နေပြီ ဖြစ်သည့်အပြင် အစည်းအဝေးကျင်းပရန် ကိုဗစ်-၁၉ ကျန်းမာရေး ကန့်သတ် ချက်များ နှင့် အညီ ပြင်ဆင်ရဖို့လည်း ရှိနေ၍ နောက်ကျနေပြီဟု ဧရာဝတီက သုံးသပ်ထားသည်။ ဤသည် ကလည်း အမှန်ပင် ဖြစ်သည်။ ကူးစက်မြန် ကိုဗစ်-၁၉ ပိုး၏ အန္တရာယ်ကို လွန်စွာ သတိကြီးစွာ ထားကာ စောင့်ကြည့်နေရသော အချိန်တွင် အနယ်နယ်အရပ်ရပ်မှ ကိုယ်စားလှယ်များ ရောက်ရှိလာကြပြီး ပိုးကူးစက် ပျံ့ပွားသွားနိုင်သည့် အလားအလာများက လွန်စွာ ကြီးမားနေပေသည်။

 

ဦးဇော်ဌေး ပြောသလိုပင် ပြည်သူလူထုကတော့ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံထားကြပြီး ၎င်းတို့ ကိုယ်တိုင် မည်သူကို မဲထည့်ပြီး ဆိုသည်ကို သိထားကြပြီး ဖြစ်သည်။ လက်မခံနိုင်သူများ ဆိုသည်မှာ ရှုံးနိမ့်သွားသော ပါတီ၏ အဖွဲ့ဝင်များပင် ဖြစ်သည်။

 

တပ်မတော်အနေဖြင့် တသက်လုံး တဦးတယောက်၏ တေးသွား အတိုင်း ထိုင်ထလုပ်နေရသည်မှာ ကြာမြင့်နေပြီ ဖြစ်သည့်အတွက် ပြည်သူများ ဆန္ဒသဘောထားကို တကြိမ်တခါလောက် လိုက်လျော သင့်လှသည်ဟု ယူဆမိပေသည်။ မိမိတို့သည် တိုင်းပြည်ကာကွယ်ရေး အတွက် အသက်များ ပေးလှူနေရသည့် အဖြစ်အား အကျိုးမဲ့အောင် နိုင်ငံရေးတွင် အသုံးချခံ ဘဝရောက်နေသည်ကို သတိချပ်သင့်လှသည်။ ကျဆုံးသွားသော ရဲဘော်ရဲဘက်များ၏ မျက်နှာကို ထောက်သင့်ပေသည်ဟု သာ အကြံပြုလိုပါသည်။

 

ပြည်သူများဖက်ကလည်း ၎င်းတို့ ၏ မလျှော်ကန်သော လုပ်ရပ်များကို တမင်ရန်စ ပြုလုပ်နေကြခြင်းဖြင့် တိုင်းပြည်တွင် ဆူပူ ကန့်ကွက်မှုများနှင့် မငြိမ်သက်မှုများ ဖြစ်လာအောင် တမင်လှုံ့ဆော် ပေးခြင်းမျိုးလည်း ဖြစ်နိုင်၍ အထူးသတိရှိကြဖို့ လိုပါသည်။ အပ်ကျသံ မကြားအောင်ပင် ငြိမ်သက်ပေးဖို့ လိုအပ်သည်။ ပြည်ထောင်စု မိခင်ကြီး ဒေါ်အောင်ဆန်းစုကြည် ၏ သဘောထား နှင့် အညီ ရပ်တည် လှုပ်ရှားပေးကြရန် ပိုပြီးလိုပေသည်။

 

လွှတ်တော် ကျင်းပဖြစ်ခဲ့သည်အထိ ရောက်သည်ပင်ထားဦး ၎င်းတို့ တင်သမျှ အဆိုမှန်သမျှအား သူရူးမှ လွဲ၍ ပုံမှန်စိတ် ရှိသူများက ပယ်ချမည်သာ ဖြစ်သည်။ သို့သော် ကာကွယ်ရေး ဦးစီးချုပ် စိုးရိမ်နေသော တိုင်းပြည်၏ ပုံရိပ်သည် ကြိမ်းသေကျဆင်းသွားတော့မည်သာ ဖြစ်သည်။