ထရန့် စစ်တမ်း

by Hla Soewai - Jan 20 2021

ထရန့်သည် အိမ်ဖြူတော် ရှေ့ မြက်ခင်းပြင်ပေါ်ရှိ မရိမ်းဝမ်း ရဟတ်ယာဉ်ကြီးပေါ်သို့ တက်ပြီး ဖလော်ရီဒါ သို့ ပြန်ရမည့် အချိန်ကား နာရီ လေးဆယ် သာ လိုပေတော့သည်။

 

ရဟတ်ယာဉ်ပေါ်မှ နေ၍ လှမ်းမြင်နေရမည့် ဖြူလွှလွှ ကက်ပီတို အဆောက်အအုံကြီး နှင့် ဝါရှင်တန် မြို့ကြီး၏ မြင်ကွင်းသည် သူ သမ္မတ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် လေးနှစ်သက်တမ်း တွင် ချန်လှပ်ထားခဲ့မှု များကို အကျဉ်းချုံး၍ ဖေါ်ပြနေသလို တွေ့မြင်ရပေတော့မည်။

 

ဝါရှင်တန်တွင် ရောက်ရှိနေသော အမေရိကန် အမျိုးသား အစောင့်တပ်ဖွဲ့ဝင်များ၏ အရည်အတွက်သည် လက်ရှိ အာဖဂန်နစ္စတန်တွင် ဖြန့်ကျက်ချထားသော စစ်သား ဦးရေထက်ပင် များပြားနေပြီး အနေအထားကလည်း ဘဂ္ဂဒက် ရှိ ဂရင်းဇုံ နှင့် နင်လားငါလား ဖြစ်နေချေပြီ။

 

ကက်ပီတို အဆောက်အအုံထဲတွင် ထရန့်အား ဒုတိယအကြိမ် တရားစွဲဆိုရန် ဒီမိုကရက်များက ကြိုးပမ်းနေပြီး အခြေအနေများက ပထမအကြိမ် လောက် ထရန့်အဖို့ အရေးမသာတော့၊ ထရန့်ကို အောင်မြင်စွာ စွဲချက်တင်နိုင်ရန် အထက်လွှတ်တော်တွင် မဲ သုံးပုံနှစ်ပုံ သာ လိုတော့ရာ ရီပတ်ဘလီကင်ဖက်မှ ထောက်ခံမဲ ၁၇ မဲ ရလျှင်ပင် အောင်မြင်တော့မည် ဖြစ်သည်။ (ရစ်ချတ် နစ်ဆင်ကတော့ ထိုအဖြစ်သို့ မရောက်မီမှာပင် ကြိုပြီး ရာထူးမှ ဆင်းပေးသွားခဲ့သည်)

 

ဒေါ်နယ် ထရန့်သည် သမ္မတ သက်တမ်းအတွင်း နှစ်ကြိမ်တိုင်တိုင် စွဲချက်တင်ခံရရန် ဆီးနိတ်တွင် မဲခွဲရသည့် သမ္မတ အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီလည်း ဖြစ်သည်။

 

ထိုသို့ ဖြစ်ဖို့က လွယ်ကူလှသည်တော့ မဟုတ်ပေ။ ရာထူးမှ ထွက်ခွာအံ့ဆဲဆဲ သမ္မတတယောက်အား ဒီမိုကရက်ဖက်မှ တရားစွဲဆိုရန် ကြိုးပမ်းလာခြင်းသည် သွေးရိုးသားရိုး မဟုတ်မှန်း သိနေသည်။ ၎င်းတို့၏ ရည်ရွယ်ချက်ကား ထရန့်အား အမေရိကန် နိုင်ငံရေး လောကမှ အပြီးအပိုင် ဖုတ်ကြည်း မီးသင်္ဂြိုလ် ပြစ်နိုင်ရန် ကြိုးစားနေကြခြင်းပင် ဖြစ်သည်။ ထရန့်အား ပုန်ကန်ရန် လှုံ့ဆော်မှုနှင့် ဒုတိယအကြိမ် စွဲချက်တင်ရန် ကြိုးပမ်းမှုသည် အောင်မြင်သွားပါက ထရန့် သည် သမ္မတ ရာထူးကို မဆိုထားဘိ ရွေးချယ်တင်မြှောက် ခံမှ ရမည့် မည်သည့် ရာထူးကိုမဆို ရယူနိုင်ခွင့် မရှိတော့ပေ။

 

၎င်းတို့ဖက်က သာမန် သမ္မတတယောက် ဆိုက အလွယ်တကူ ထောက်ခံမဲ ပေးလိုက်ကြဖို့ ဝန်မလေး သော်လည်း ထရန့်သည် သာမန် မဟုတ်၊ ရီပတ်ဘလီကင် ပါတီဝင် အများစုက လက်ရှိ သူတို့ ခေါင်းဆောင်ကြီး အဖြစ် ထောက်ခံမှု အများဆုံး ရရှိနေသော သူလည်း ဖြစ်သည်။ ထို့အပြင် ၎င်းတို့၏ စိတ်ထဲ၌ ရွေးကောက်ပွဲ တွင်လည်း မသမာမှုများ ကြောင့် ရှုံးနိမ့်သွားသည်ဟုသာ ယူဆနေဆဲ ဖြစ်သည်။

 

ထရန့်ကိုသာ ထိုသို့ ပြုလုပ်မည် ဆိုက နိုင်ငံသည် အမုန်းတရားများ နှင့် ကွဲပြားကုန်တော့မည်ဟူသော အကြောင်း ပြချက်ဖြင့် ကန့်ကွက်လိုသူများက အများအပြားရှိနေသည်။ သမ္မတ လောင်း ဂျိုး ဘိုင်ဒင်ပင် သိပ်ပြီး လိုလိုလားလား ရှိပုံမရပေ။ သူ့အဖို့ ရာထူးများတွင် ခန့်ထားရန် ရှိနေသူများကို ဆီးနိတ်က မြန်မြန်ဆန်ဆန် အတည်ပြုပေးလိုပုံရနေပြီး ထရန့် ကိစ္စကြောင့် နှောင့်နှေးသွားမည်ကို စိုးရိမ်မကင်း ဖြစ်နေပုံလည်း ရှိနေသည်။

 

ဒီမိုကရက်များကလည်း အမေရိကန်တို့ ဂုဏ်ယူ ဝင့်ကြွားခဲ့သည့် ဒီမိုကရေစီ အဆောက်အအုံကြီးကို သမ္မတ တယောက်မှ တိုက်ခိုက်ရန် အားပေးအားမြှောက် ပြုခဲ့သည့် အဖြစ်ကို မည်သို့မျှ အရေးမယူဘဲ ပေယျာလကန် ပြုခဲ့ပါက ထိုအဖြစ်ကို နောင်လာနောက်သား ကလေးသူငယ်များ က စာသင်ခန်းထဲတွင် မေးခွန်းထုတ် လာကြမည်ကို မည်သို့ ရင်ဆိုင် ဖြေရှင်းကြပေမည်နည်းဟု တွေးကာ စိုးရိမ်စိတ်များလည်း ရှိနေပုံရပေသည်။

 

(၂)

 

ထရန့် သည် သမ္မတ အဖြစ် ဝင်ရောက် အရွေးခံသည်အထိ ကြံစည်လာခဲ့သည်မှာ ရည်ရွယ်ချက် နှစ်ခု ရှိပေသည်။ ပထမတချက်က လူမျိုးရေး ခွဲခြားမှု အပြည့်ရှိသော ထရန့်သည် အမေရိကားတွင် လူမည်းများအား အစိုးရများ၊ တရားရုံးများ၊ မြို့ပြ အဖွဲ့အစည်းများတွင် ပစားပေး ဆက်ဆံလာကြပြီး လူမည်းပင် သမ္မတ ဖြစ်လာသည်ကို မည်သို့မျှ မကြည့်ရက်နိုင် ဖြစ်လာသဖြင့် Make America Great Again (MAGA) နှင့် Take back our country ဟု သော ဆောင်ပုဒ်များဖြင့် ၂၀၁၂ ကတည်းက အိုဘာမားနှင့် ပြိုင်ရန် ကြံစည်ခဲ့ဖူးသူ ဖြစ်သည်။ သူ့ကြောင့်လည်း သူ့နောက်တွင် Proud Boys, Three Percenters, QAnon ကဲ့သို့ Ku Klux Klan မျိုးဆက် လူဖြူများ ကြီးစိုးရေး အဖွဲ့ဝင်များ စုရုံးလာကြခြင်း ဖြစ်သည်။

 

နောက်တချက်သည် တရုတ် နှင့် ကုန်သွယ်ရေးတဖက်စောင်းနင်း ဖြစ်လာနေမှု အပြင် ကမ္ဘာတွင် တရုတ်က ခေါင်းထောင်ထလာနေမှုကို သူ့အနေဖြင့် မခံချင် ဖြစ်နေသောကြောင့် ဖြစ်ပေသည်။

 

ထို့အတွက် ထရန့်သည် နိုင်ငံအား FOX သတင်းဌာနကို လက်ကိုင်ပြု၍ အမုန်းတရားများကို တသမတ်တည်း ပြောဆိုလာခဲ့သူ ဖြစ်သည်။ သူနှင့် ပတ်သက်သော မကောင်းသတင်းများကို Fake News ဟုသာ ပြောဆိုခဲ့သူလည်း ဖြစ်ပြီး သူပြောသမျှကို ရူးပတ် မားဒေါ့ ၏ Fox သတင်းဌာနရှိ လူး ဒေါ့ နှင့် ရှောင် ဟန်နင်တီ တို့ကလည်း အားတက်သရော ထုတ်ပြန်ခဲ့သည့်အပြင် ၎င်းတို့ ဖာသာ ကြံဖန် သတင်းလုပ်ပြီး လွှင့်ထုတ် လာခဲ့သည်။

 

ထို့အတွက် အဆိုပါသတင်းဌာနသည် ဆက်ရစ်ချ် ဆိုသည် ဒီမိုကရက် နိုင်ငံလုံးဆိုင်ရာ ကော်မတီ၏ လူငယ် ရုံးဝန်ထမ်းလေး တဦး ၏ မိသားစုအား ဒေါ်လာ သန်းပေါင်းများစွာ လျော်ကြေးပေးလိုက်ရပြီ ဖြစ်သည်။

 

ဆက်ရစ်ချ် သည် ၂၀၁၆ ဇူလိုင်လ ၁၀ ရက်နေ့ တနင်္ဂနွေ မနက်ခင်းတွင် ဝါရှင်တန် ဒီစီရှိ ဘလွန်မင်းဒေးရပ်ကွက် တွင် လမ်းလျှောက်နေစဉ် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ထိုသတ်ဖြတ်ခံခဲ့ရမှုကို FOX က ဒီမိုကရက် ပါတီ ဌာနချုပ် အီးမေးလ်များ ကို ဟက်ခ် လုပ်ကာ ဝီကီလိခ် သို့ ပေးပို့ပြီး ပေါက်ကြားအောင် လုပ်ခဲ့သူဟု စွပ်စွဲ ရေးသား လာခဲ့သည်။ သို့သော် ယင်းသည် ရုရှားတို့၏ လက်ချက်သာ ဖြစ်ကြောင်း ထိုအချိန်ကတည်းက အထောက် အထားများ တွေ့နေရပြီ ဖြစ်သော်လည်း FOX News က ၎င်းတို့ ဆရာသမားဖြစ်သူ ထရန့်သည် ရုရှားတို့ အကူအညီ ဖြင့် နိုင်ခဲ့ခြင်း မဟုတ်ဆိုသည်ကို ချေဖျက် နိုင်ရန် လုပ်ကြံ သတင်းထုတ်လွှင့်ပေးခဲ့မှုကြောင့် ဖြစ်သည်။

 

ယခုအခါ အဆိုပါ သတင်းကို အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ထုချေရမည့် တရားရုံးတွင် မည်သို့မျှ အရေးမလှတော့မည်ကို သိနေ၍ ဆက် ရစ်ချ် မိသားစုအား တရားရုံးပြင်ပ ဖြေရှင်းချက် တရပ်အဖြစ် ဒေါ်လာ သန်းပေါင်းများစွာ လျော်ကြေးအဖြစ် ပေးခဲ့ရသည်။ သို့သော် ဆရာသမားအား ဆက်လက်ကာကွယ် ပေးထားလို သဖြင့် အဆိုပါ သတင်းအား နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲအပြီးမှသာ ထုတ်ပြန်ရမည်ဟု စည်းကမ်းချက် သတ်မှတ်ပေးခဲ့ပြန်သည်။

 

ဆိုလိုသည်က အမေရိကန်တွင် အထင်ကရ သတင်းစာ၊ သတင်းဌာနများက ထရန့် ပြောသလို သတင်း အတုများကို လိုရာဆွဲ၍ ပြောလို့ မရခြင်းပင်ဖြစ်သည်။ ရွေးကောက်ပွဲ မတိုင်မီက ထရန့်သည် ပုဂ္ဂလိက ဝင်ငွေခွန် အဖြစ် ဒေါ်လာ ၇၅၀ သာ ပေးဆောင်ခဲ့ရပြီး မူလတန်းကျောင်းဆရာ တဦးထက်ပင် နည်းပါး နေသည်ကို နယူးယောက်တိုင်းမ်က အထောက်အထား ဖြင့် ဖွင့်ချလာခဲ့သည်။

 

ထိုသတင်းသည် တကယ်ဆိုလျှင် ရွေးကောက်ပွဲ ဝင်မည့် သမ္မတတဦး အတွက် လူသတ်မှု ကျူးလွန်ခဲ့သည်ဟု ပြောဆိုလိုက်သည်နှင့် မခြား ပြင်းထန်လှသည့် ထိုးနှက်ချက် ကြီးပင် မဟုတ်ပါလား။ သို့သော် ထရန့်သည် သူပြောသလို သတင်းအတုဟု ဆိုကာ တရားစွဲဆိုပါက ဒေါ်လာသန်းချီပြီး လျော်ကြေးရနိုင်သည့် ကိစ္စကြီးပင် ဖြစ်သည်။ သို့သော် ထရန့်က ထိုသို့ မလုပ်ရဲဘဲ သတင်းအတုအယောင်များဟု ထုံးစံအတိုင်း ပြောဆိုပြီးသာ ပြီးဆုံးသွားခဲ့ရပေသည်။

 

အမေရိကန်တွင် တရားစွဲဖို့သည် အလွယ်လေးပင် ဖြစ်သည်။ လင်ဖြစ်သူ ကားမောင်းပြီး မယားဖြစ်သူ ဘေးမှ ထိုင်လိုက်လာသော ကားမှာ အက်ဆီးဒင့် ဖြစ်လျှင်ပင် မယားက လင်ကို တရားပြန်ဆွဲသည်။ သို့မှသာ လင်ဖြစ်သူ ၏ ကား အာမခံ ကုမ္ပဏီမှ လျော်ကြေးများ ရမည်ကို သိနေသောကြောင့် ဖြစ်သည်။ ထိုသို့သော နိုင်ငံမျိုးတွင် ထရန့်သာ သူ့ဖက်မှ ပြောသည့် Fake news ဆိုတာ မှန်သမျှကို တရားထိုင်စွဲနေရုံမျှနှင့်ပင် ဘီလျံနာ ဖြစ်သွားနိုင်ပေသည်။

 

ထရန့် သည် သမ္မတ ဖြစ်လာခဲ့ချိန်မှစ၍ ထိုသို့ တသမတ်တည်း ပြောဆိုနေခဲ့မှုကြောင့် အထင်ကရ သတင်းစာကြီးများသည်လည်း အတော်ထိခိုက်သွားခဲ့ရပေသည်။

 

ထရန့်သည် ယခုအခါ သူနေထိုင်ခဲ့သည့် နယူးယောက် တရားရုံးတွင် ရင်ဆိုင်ရမည့် အမှုများ တဖြေးဖြေး တောင်ပုံရာပုံ ထွက်ပေါ်လာနေပြီ ဖြစ်သည်။ အထူးသဖြင့် ထရန့် အဖွဲ့အစည်း၏ အခွန်တိမ်းရှောင်မှုများ နှင့် အခြား ငွေရေးကြေးရေး ကိစ္စများတွင် ဖြစ်သည်။ ထို့အပြင် ကက်ပီတို အား ဝင်ရောက်စီးနင်းမှုတွင် သေဆုံးခဲ့ရသော မိသားစုဝင်များမှ လည်း ၎င်းအပေါ် တရားစွဲရန် ပြင်ဆင်လာကြပြီ ဖြစ်သည်။

 

ထရန့် ၏ မိမိကိုယ်မိမိ အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့်ရန် ပေးရန် ကြံစည်နေမှုအားလည်း တရားရေး ဝန်ကြီးဌာမှ ဌာနတွင်း အကြောင်းကြားစာ ဖြင့် မဖြစ်နိုင်ကြောင်း၊ လုပ်၍ရသည့် နည်းမှာ သမ္မတ ရာထူးမှ နှုတ်ထွက်ကာ ဒုသမ္မတကို လွှဲပြောင်းပေးပြီး ၎င်းအား ပြန်၍ လွတ်ငြိမ်းချမ်းသာခွင့် ပေးမှသာ ဖြစ်နိုင်သည်ဟု အကြံပြုထားသည်။

 

ထရန့်သည် အရှုံးကို မည်သို့မျှ လက်မခံနိုင်သော စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့် ယခုလို အမေရိကန် ဒီမိုကရေစီကို ဗြောင်ကျကျ တိုက်ခိုက်လာသည့်အထိ ကျူးလွန်ခဲ့ရခြင်းသာ ဖြစ်သည်။

 

ကျွန်တော် အနေဖြင့် မိမိတို့ နိုင်ငံတွင်သာမက တကမ္ဘာလုံးက တလေးတစား ကျင့်သုံးနေသော ဒီမိုကရေစီ စနစ် ကို တိုက်ခိုက်လာသူ မှန်သမျှ အား အခြားမည်သို့ ရည်ရွယ်ချက်မျိုး၊ အကြောင်းပြချက်မျိုး ရှိစေကာမူ ရန်သူ တယောက် အဖြစ် သဘောထားကာ လုံးဝညှာတာလိမ့်မည် မဟုတ်၊ ဖြေသိမ့်ပေးမည်လည်း မဟုတ်ဘဲ ပြင်းထန်စွာ တိုက်ခိုက်သွားမည်သာ ဖြစ်သည်။

 

Image Credit - ၂၀၂၁ ဇန်နဝါရီ ၁၆ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်း မျက်နှာဖုံး မှ ကူးယူတင်ပြသည်။