ထွက်တော်မူ နန်းကခွာပြီ

by Hla Soewai - Jan 22 2021

(၁)

ယနေ့ သည် မစ္စတာ ဂျိုး ဘိုင်ဒင် အဖို့ အမေရိကန် ပြည်ထောင်စု၏ ၄၆ ကြိမ်မြောက် သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆို ရမည့် နေ့လည်း ဖြစ်သည်။

 

ဝါရှင်တန်တွင် မူ မနက်စောစော မိုးရွာထားသည့် အတွက် အဆောက်အဦး များနှင့် လမ်းများပေါ်တွင် မိုးရေများ တင်ကျန်နေပြီး နေမင်းကြီး ထွက်ပေါ်လာသည့် အခါတွင်တော့ အရောင်တလက်လက် ထွက်နေသယောင် ထင်ရသည်။

 

မနက် စောစော မှာပင် အမျိုးသား အစောင့်တပ်ဖွဲ့ဝင် ၂၅,၀၀၀ ခန့်သည် ကက်ပီတို အဆောက်အအုံကြီး တဝိုက်တွင် စည်းအထပ်ထပ် ချ၍ ဝိုင်းပတ်ထားပြီ ဖြစ်သည်။ စစ်သည်တင် သံချပ်ကာ ထရပ်ကား များသည် အဝင်အထွက် လမ်းများ အလယ်တွင် ရပ်ထားကာ ပိတ်ဆို့ထားခဲ့ကြသည်။ မြေအောက် ရထားဘူတာရုံများ ကိုလည်း ပိတ်ပင်ထားပြန်သည်။

 

ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခွင့် ဆုံးရှုံးသွားခဲ့ရသော ပြည်သူများ၏ကိုယ်စား ရောင်ပြန် နိုင်ငံတော် အလံ နှစ်သိန်းကို ဝါရှင်တန် မော ကြီး တွင် လွှင့်ထူပေးထားခဲ့သည်။

 

(၂)

 

ဗုဒ္ဓဟူးနေ့ နံနက် ဝါရှင်တန် စံတော်ချိန် ၈း၁၈ တွင် ထရန့်သည် အိမ်ဖြူတော်ရှေ့ မြက်ခင်းပြင်ပေါ်ရှိ မရိမ်းဝမ်း ရဟတ်ယာဉ်ကြီးပေါ်တက်ကာ အင်ဒရူး လေတပ်စခန်းသို့ ထွက်ခွာသွားပြီ ဖြစ်သည်။ လေတပ် စခန်း ရှိ နှုတ်ဆက်ပွဲ အခမ်းအနားတွင် အမြှောက် ၂၁ ချက် ဖေါက်ကာ ဂုဏ်ပြုခဲ့ပြီး ထရန့်က သူ၏ ထောက်ခံသူများအား “Have a good life, we’ll see you soon” ဟု ပြောသွားခဲ့သည်။ သို့သော် သမ္မတ သစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကို တက်ရောက်ရန် ငြင်းဆိုခဲ့သည့်အပြင် သူ၏ အကြံပေးများ အားလုံးက ဘိုင်ဒင်ကို နာမည်တပ်၍ ကျေးဇူးတင်ကြောင်း ပြောရန် အတန်တန် တောင်းပန်တိုးလျှိုး ခဲ့သည်များကိုပါ လစ်လျူရှုသွားခဲ့သည်။ ထို့အပြင် ယနေ့လို နေ့၏ နံနက်တွင် သမ္မတ သစ်နှင့် ဇနီးအား အိမ်ဖြူတော်သို့ ဖိတ်ကြား၍ လ္ဘက်ရည် ပွဲဖြင့် တည်ခင်းဧည့်ခံရမည့် အစဉ်အလာကိုလည်း ပေယျာလကန် ပြုသွားခဲ့ပြန်သည်။

 

သို့သော် သမ္မတ သစ်အတွက် အကြံပေးစာ ထားခဲ့ရမည့် အစဉ်အလာကိုတော့ လိုက်နာသွားသည်ဟု သိရသည်။

 

အင်္ဂါနေ့ ည ပိုင်းတွင်လည်း လူပေါင်း ၁၄၃ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့် သမ္မတ အမိန့်စာ ကို လက်မှတ်ရေးထိုးရင်း အလုပ်များနေခဲ့သည်။ ထိုအမိန့်ပြန်တမ်းကို နံနက် ၁း၀၇ မိနစ်တွင်မှ ထုတ်ပြန်ကြေညာ သွားခဲ့သည်။

 

ဗုဒ္ဓဟူးနေ့ နေ့လည် ၁၂း၀၁ မိနစ် နောက်ဆုံးထား၍ အိမ်ဖြူတော် ရှိ ထရန့် မိသားစုပိုင် ပစ္စည်းပစ္စယာများကို ရှင်းလင်းပြီး ဖြစ်ရမည့်အပြင် အဆောက်အဦး အတွင်း နေရာလပ်မကျန်အောင် ပိုးသတ်ဆေး အပြီး ဖြန်းပေး ထားရမည် ဖြစ်သည်။

 

ဤသို့ဖြင့် တခါက ဝါရှင်တန် သတင်းစာ လောကတွင် နေလိုလလို ထင်ရှားခဲ့သည့် ဘော့ဝုဝပ်ဒ် မှ ဒေါ်နယ်ထရန့်၏ ခွင့်ပြုချက် ဖြင့် ရေးသားခဲ့သည့် “ဒေါသမာန်” နှင့် “အကြောက်တရား” စာအုပ်၏ နောက်ဆုံး စာမျက်နှာများ အဆုံးသတ်သွားခဲ့ရပြီ ဖြစ်သည်။

 

(၃)

 

ဗုဒ္ဓဟူးနေ့ မနက် တွင် သမ္မတ သစ်အဖြစ် ရွေးချယ်ခံထားရသူ ဂျိုးစက် အာ ဘိုင်ဒင် ဂျုနီယာ နှင့် ဒုသမ္မတလောင်း ကမ်မလာ ဟာရစ် တို့သည် ပါတီနှစ်ရပ်၏ ခေါင်းဆောင်များ နှင့် အတူ ဝါရှင်တန် မြို့လယ်ရှိ စိန့် မက်သယူး ဘုရားရှိခိုးကျောင်း ၏ ဆုတောင်း ဝတ်ပြုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

 

ဘိုင်ဒင်သည် သမ္မတ ကနေဒီ ပြီးနောက် ဒုတိယမြောက် ကက်သိုလစ် ဘာသာဝင် အမေရိကန် သမ္မတတဦးလည်း ဖြစ်သည်။

 

အင်္ဂါနေ့ ညပိုင်းက ဘိုင်ဒင်သည် လင်ကွန်း အထိမ်းအမှတ် အဆောက်အဦး ရှေ့တွင် ကော်ရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသွားခဲ့သူ လေးသိန်း အတွက် ဆုတောင်းပွဲ သို့ တက်ရောက်ခဲ့သည်။ လူများ တက်ရောက်ခွင့်ကို ခွင့်မပြုဘဲ ဖယောင်းတိုင် ၄၀၀ ကို သာ ပတ်ပတ်လည် ထွန်းညှိထားခဲ့သည်။

 

(၄)

 

သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် ဂျိုး ဘိုင်ဒင်က “ဒီမိုကရေစီ အောင်ပွဲ ခံခဲ့ပြီ” ဟု ဂုဏ်ယူ ဝင့်ကြွားစွာ ကြွေးကြော်သွားခဲ့သည်။ တရားသူကြီးချုပ် ဂျွန် ရော်ဘတ် ရှေ့တွင် သူ၏ မိသားစု အဆက်ဆက် အမွေ အဖြစ် နှစ်ပေါင်း ၁၂၈ နှစ်ကြာ ထိန်းသိမ်းလာခဲ့သော ငါးလက်မ အထူရှိ သမ္မာကျမ်းစာအုပ် ဖြင့် စကားလုံး အရေအတွက် ၃၅ လုံး ပါ ကျမ်းသစ္စာကို ကျိန်ဆိုသွားခဲ့သည်။

 

“နိုင်ငံရေး ဆိုသည်ကား မီးတောက်မီးလျှံများ အရှိန်တညီးညီးတောက်လောက်နေသော မီးတုတ်များ ဖြင့် ဦးတည်ရာ လမ်းကြောင်းတလျှောက် ဖျက်ဆီးသွားရမည့် အရေး မဟုတ်၊ သဘောကွဲလွဲမှု တိုင်း အတွက် စစ်ပွဲကြီး ဆင်နွှဲကာ ဖြေရှင်းသွားရမည်လည်း မဟုတ်ပါဘူး၊ အချက်အလက်မှန်သမျှ ကို မိမိအလိုရှိသလို ကြိုးကိုင် ချယ်လှယ်သွားခြင်း၊ ဖန်တီးသွားခြင်း မျိုး ဆိုသည့် ဓလေ့ထုံးတမ်းကို မိမိတို့ ငြင်းပယ် သွားရမည် သာ ဖြစ်ကြောင်း” ပြောကြားသွားခဲ့သည်။

 

လေဒီ ဂါဂါမှ နိုင်ငံတော် သီချင်းဖြင့် သီဆို ဖျော်ဖြေသွားခဲ့သည်။

 

အခမ်းအနား အပြီးတွင် အစဉ်အလာအတိုင်း ကက်ပီတိုထဲတွင် ကွန်ဂရက် ခေါင်းဆောင်များ၏ လက်ဆောင် ပစ္စည်း များ လက်ခံရသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ရသည်။ ထို့နောက် အာလင်တန် စစ်သင်္ချိုင်း သို့သွားရောက်ကာ အညတရ စစ်သည်များ အုတ်ဂူတွင် လွမ်းသူ ပန်းခွေ ချခဲ့ကြသည်။ ဘိုင်ဒင် နှင့် ဇနီး ဖြစ်သူတို့သည် ညနေ ၄ နာရီ မထိုးမီတွင်တော့ မြေးများ ခြံရံလျှက် အိမ်ဖြူတော်သို့ ရောက်ရှိလာခဲ့ကြသည်။

 

နယူးယောက် တိုင်းမ် သတင်းစာ ပါ သတင်းများကို စုစည်းတင်ပြထားပါသည်။