အိုင်စီဂျေ တွင် ဖြစ်ပေါ်လာသော အလှည့်အပြောင်း

by Hla Soewai - Jan 27 2021

မြန်မာ သည် အိုင်စီဂျေတွင် ဂမ်ဘီယာ ၏ တရားလို အဖြစ် ရပ်တည်ပိုင်ခွင့် အပေါ် ပဏာမကန့်ကွက်လွှာကို တရားဝင် တင်သွင်းလိုက်သည့် အတွက် အဆိုပါ တင်ပြချက်ကို ဆုံးဖြတ် ရန် အချိန်ယူရမည် ဖြစ်၍ အမှု ပြီးပြတ်ရန် ထပ်မံနှောင့်နှေးသွားရပြီ ဖြစ်သည်။

 

အနည်းဆုံး တနှစ်ခန့် ကြန့်ကြာသွားဖွယ်ရှိသည်ဟု နယူးယောက်တွင် အခြေစိုက်သည့် Global Justice Center (GJC) မှ ခန့်မှန်းလိုက်သည်။

 

ယမန်နှစ် ဇန်နဝါရီ လ အတွင်း အိုင်စီဂျေမှ ချမှတ်ခဲ့သော ယာယီလိုက်နာရမည့် အစီအစဉ် ၏ တစိတ်တပိုင်း အဖြစ် မြန်မာမှ တရားရုံးသို့ ခြောက်လတကြိမ် အစီရင်ခံစာ တင်သွင်းရမည်ဟု ပါရှိသည့်အတွက် ပြီးခဲ့သည့် မေလ နှင့် နိုဝင်ဘာလ တွင် နှစ်ကြိမ်တင်သွင်းခဲ့ပြီး ဖြစ်သည်။

 

အဆိုပါ အစီရင်ခံစာတွင် ပါရှိသည့် အကြောင်းအရာများကို ဂမ်ဘီယာ တနိုင်ငံတည်းသာ ဖတ်ရှုခွင့်ရှိပြီး လိုအပ်သည့် ဝေဖန်မှုများကို တရားရုံးသို့ တင်ပြနိုင်သည်။

 

မြန်မာ မှ တင်သွင်းသော ပဏာမကန့်ကွက်လွှာတွင် တရားရုံး၏ စီရင်ဆုံးဖြတ်ပိုင်ခွင့် ရှိမရှိ နှင့် အနောက် အာဖရိကမှ နိုင်ငံတနိုင်ငံ ဖြစ်သော ဂမ်ဘီယာသည် တရားလို အဖြစ် စွဲချက်တင်ခွင့် ရှိမရှိအပေါ် မေးခွန်း ထုတ်လာခဲ့သည်။

 

ဂမ်ဘီယာသည် ဂျီနိုဆိုက် ကွန်ဗင်းရှင်းအား လက်မှတ်ရေးထိုးထားသော နိုင်ငံ အဖြစ် တရားစွဲဆိုခြင်း မဟုတ်ဘဲ အစ္စလမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (အိုအိုင်စီ) ကို ကိုယ်စားပြုထားခြင်း ဖြစ်သည်ဟု ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ယာယီ အစီအစဉ်များ ချမှတ်ထားမှု အပေါ် ကြားနာစစ်ဆေးရာတွင် မြန်မာမှ ရုံးတော်သို့ တင်ပြလာခဲ့သည်။

 

သို့သော် မြန်မာ၏ တင်ပြချက်ကို အိုင်စီဂျေ မှ ပယ်ချခဲ့ပြီး ဂမ်ဘီယာသည် ဂျီနိုဆိုက် ကွန်ဗင်းရှင်းအား လက်မှတ်ရေးထိုးထားသည့် နိုင်ငံ ဖြစ်ပြီး ကွန်ဗင်ရှင်းပါ အချက်အလက်များ လိုက်နာမှု မရှိဟု ဆိုကာ အမှုကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ထို့အတွက် အခြားနိုင်ငံများ၊ အဖွဲ့အစည်းများ၏ အကူအညီကို ယူခွင့်ရှိသည်ဟု ဆိုသည်။

 

ဂမ်ဘီယာသည် ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို ဖေါက်ဖျက်သည်ဟု စွပ်စွဲထားမှုများသည် ဂမ်ဘီယာနိုင်ငံအား မည်သို့မျှ ထိခိုက်ခြင်း မရှိသည့်အပြင် နှစ်နိုင်ငံ အကြား မည်သည့် ကိစ္စနှင့် မျှ အငြင်းပွားမှု တစုံတရာလည်း မရှိ၍ တရားစွဲဆို တင်ပြခွင့် မရှိဟု မြန်မာဖက်မှ ပြန်လည် ချေပခဲ့သည်။

 

တကယ်တမ်းတွင် တရားစွဲဆိုသင့်သည်မှာ ဘင်္ဂလားဒေ့ရှ်သာ ဖြစ်သော်လည်း ဂျီနီဗာ ကွန်ဗင်းရှင်း၏ အပိုဒ် (၉) ကို သဘောတူကြောင်း လက်မှတ်ထိုးမထားသည့်အတွက် တရားစွဲဆိုခွင့် မရှိဟု မြန်မာမှ ထပ်မံ တင်ပြ လာခဲ့သည်။

 

အဆိုပါ ကွန်ဗင်းရှင်းကို ဖေါက်ဖျက်သည်ဟု လက်မှတ်ရေးထိုးထားသော နိုင်ငံတနိုင်ငံမှ ယူဆပါက တရားစွဲဆိုခွင့် ရှိသည်ဟု ဆိုကာ အိုင်စီဂျေမှ ပယ်ချခဲ့သည်။

 

လက်ရှိ တင်သွင်းလာသော ပဏာမကန့်ကွက်လွှာသည် လုပ်ထုံးလုပ်နည်း သဘောအရ အမှုကို စီရင် ဆုံးဖြတ်ခြင်း မပြုမီ တရားရုံးအနေဖြင့် အမှု နှင့် ပတ်သက်၍ ကြောင်းကျိုး ခိုင်လုံမှု ရှိမရှိ အပေါ် အရင် စီစစ်ရန် တင်သွင်းလာခြင်း ဖြစ်၍ အိုင်စီဂျေမှ လက်ခံ ကြားနာရန် တာဝန် ရှိနေသည်။

 

ယခု တင်ပြလာသော မြန်မာ၏ ကန့်ကွက်လွှာ ပါ အကြောင်းအရာ အသေးစိတ်ကို တရားဝင် ထုတ်ပြန်ခြင်း မရှိသော်လည်း မြန်မာ မှ ဒီဇင်ဘာလအတွင်း ကန့်ကွက်ပြောဆိုခဲ့မှုများကို ကြည့်၍ GJC မှ ခန့်မှန်းထားခြင်း ဖြစ်သည်။

 

မြန်မာသည် လာမည့် ဇူလိုင်လ တွင် အမှု အတွက် အပြီးသတ် ချေပရမည် ဖြစ်သော်လည်း ယခုတင်သွင်းလာသော ကန့်ကွက်လွှာကြောင့် ရွှေ့ဆိုင်းသွားခဲ့ရပြီ ဖြစ်သည်။

 

သီးခြား ဖြစ်စဉ် တရပ် အဖြစ် ဘင်္ဂလားဒေ့ရှ်သည် မြန်မာ နှင့် မူဆလင် ဒုက္ခသည်များ အရေး အငြင်းပွားမှုများ ရှိနေသော်လည်း မြန်မာ မှ ဆန်တန်ချိန် တသိန်းကို ဝယ်ယူတင်သွင်းရန် လက်မှတ်ရေးထိုးတော့မည် ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် စားသောက်ကုန် လုပ်ငန်း ဝန်ကြီး မှ ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

 

မကြာမီအတွင်း လက်မှတ်ရေးထိုးရန် ရှိသည့် အဆိုပါ သဘောတူညီချက်တွင် ပစ္စည်းအာမခံ၊ ပို့ဆောင်ခ အပါ အဝင် တတန် အတွက် ၄၈၅ ဒေါ်လာ ပေးချေရမည် ဖြစ်သည်။

 

လူဦးရေ သန်း ၁၆၀ ရှိသော ဘင်္ဂလားဒေ့ရှ်တွင် ရေလွှမ်းမိုးမှု နှင့် မိုးခေါင်ရေရှား ခဲ့ခြင်းများကြောင့် အစားအသောက်များ ပြတ်လတ်လာနေသဖြင့် မြန်မာ နှင့် အိန္ဒိယ တို့မှ ဆန်များ ဝယ်ယူတင်သွင်းနေရသည်။

ကိုးကား - Anadolu Agency (Turkey) / Reuters