ရက်တစ်သောင်းကြာစစ်ပွဲကြီး(44)

by Hla Soewai - Aug 01 2019

အမေရိကန် စစ်သား များ လည်း စစ်ဘုရင်တယောက် နီးပါးလား ကြွယ်ဝ ချမ်းသာလာကြပြန်သည်။ ၎င်းတို စခန်းထဲမှ ရသမျှ အစားအသောက်မှ အစ စတိရီယို ကက်ဆက်များ အထိ အပြင် မှောင်ခို ဈေးကွက်တွင် ရောင်းချနိုင်သဖြင့် လိုချင်တာ အကုန်ရသည့် လိုတရ မင်းသားများ ဖြစ်လာကြသည်။ နောက်ပိုင်းတွင် ရွှေလက်ပါတ်နာရီများ၊ စိန်များ၊ သားမွှေး အနွေးထည်များ၊ ဆေးခြောက်၊ ဘိန်း နှင့် ၉၀% သန့်စင်ပြီးသား ဟီရိုးအင်များ ပါ မကျန် အရောင်းအ၀ယ် ဖြစ်လာသည်။

အမေရိကန် စစ်သားတယောက်အဖို့ အပြင်ထွက် လမ်းလျှောက်လိုက်ယုံဖြင့် ယူနီဖောင်း မီးပူတိုက်ချင်လား၊ ရှုးဖိနပ် ပြောင်လက်အောင် တိုက်ချင်လား၊ သူ၏ ရိုင်ဖယ် ပါ ဆေးကြောချင်သေးလား၊ ပြည့်တန်ဆာ ခန်းများ တွင် စစ်ကြီး အကြောင်းကို မေ့ထား မည်လား အားလုံး လက်ဖျောက်တချက်တီးယုံနဲ့ပင် ဖြစ်နိုင်သည်။ တခါက လူဦးရေ ငါးသိန်းမျှသာ ရှိသော ဆိုင်းဂုံသည် ၁၉၆၆ တွင် သုံးသန်းခန့်အထိ ဖြစ်လာသည်။ စစ်ရှောင် ဒုက္ခသည်များ နှင့် ခေတ်ပျက် သဌေးများက အရေိကန် စစ်သားများ လိုချင်တာ ရအောင် ဖန်တီးပေးခဲ့ကြသည်။ အမေရိကန် တေးဂီတ များ ဆူညံစွာ ထွက်ပေါ်လာနေသော နိုက်ကလပ်များ၊ ပြည်တန့်ဆာ ရပ်ကွက်များက စစ်ကြောင့် မိဘမဲ့ ဖြစ်လာသော အရွယ်မရောက်သေးသူ သုံးသောင်းခန့် အတွက် အလုပ်အကိုင်ပေးရာ နေရာများ ဖြစ်လာခဲ့သည်။ မြို့နေလူထုကြီး အဖို့က စစ်ကြီး အတွက် ကြောက်ရွံ မနေရပဲ တထွာသော ၀မ်းအတွက် မည်သို့ မည်ပုံ ဖြည့်တင်းရမည်ဆိုသည်ကိုသာ စိုးရိမ်ထိတ်လန့်နေကြရသည်။ ရောဂါပေါင်းစုံကလည်း ထူပြောလာနေသည်။ ဗီယက်နမ်တွင် ကလေး သုံးယောက်လျင် တယောက်သည် အသက်လေးနှစ် မရောက်မီ အသက်ဆုံးရှုံးခဲ့ကြရသည်။ အမေရိကန်တို့ အဖို့လည်း ကျန်းမာရေး နှင့် ပါတ်သက်၍ စိုးရိမ်စရာ များ ဖြစ်လာသည်။ ၎င်းတို့ စိုးရိမ်လာရသည်က အမေရိကန် စစ်သား လေးဦး လျင် တဦး သည် ကာလသား ရောဂါ ကူးစက်လာနေခြင်းကိုပင် ဖြစ်သည်။

အမေရိကန် စစ်သားများ ရုတ်ခြည်း ဆိုသလို အလုံးအရင်း နှင့် ရောက်လာနေခြင်းအတွက် ၀န်ကြီးချုပ် ဖြစ်သူ ကီ က အမေရိကန် စစ်သားများ ရှိဖို့ လိုအပ်သော်လည်း သူတို့ နေပုံထိုင်ပုံမျိုးကိုတော့ မလိုချင်မိဟု ပြောလာခဲ့သည်။ အမေရိကန် တို့ သယ်ဆောင်လာသော လူနေမှု စနစ်သည် ဆင်းရဲနွမ်းပါးလှသော ဗီယက်နမ် ပြည်သူများ နှင့် မိုးနှင့် မြေလိုကွာခြားလှသဖြင့် အစိုးရအတွက် ပြဿနာများ ဖြစ်ပေါ်လာနေရသည်ဟု ဆိုသည်။ အစိုးရ အဖွဲ့အစည်းများတွင်လည်း အမေရိကန်တို့ကြောင့် အကျင့်ပျက် ခြစားမှုများ ဖြစ်လာနေသည်ဟု လည်း ထုတ်ဖေါ်ပြောလာခဲ့သည်။ ထို့အတွက်လည်း အစိုးရ သည် တဖြေးဖြေး နှင့် တရားဝင် အစိုးရ ပုံသဏ္ဍန်မျိုး ကွယ်ပျောက်လာနေရသည်။

သို့သော် သမ္မတ ဂျွန်ဆင်ကတော့ တောင်ဗီယက်နမ်တွင် စားဝတ်နေရေး နှင့် အလုပ်အကိုင် အခွင့်အလန်းများ ဖန်တီးပေးခြင်းဖြင့် အမေရိကန် လူ့ဘောင်၏ အသီးအပွင့်များ ခံစားစေရမည်ဟု မစားရ၀ခမန်း ကတိများ ပေးနေပြန်သည်။ ထို့အတွက် ၀န်ကြီးချုပ် ကွပ် က စီးပွားရေး အကူအညီများ အလုံးအရင်း နှင့် ပေးရန် အတင်းအကျပ် ပြောလာခဲ့သည်။ ၁၉၆၆ ဖေဖေါ်ဝါရီလ တွင် ဂျွန်ဆင် နှင့် ကီ တို့ ဟိုနိုလူလူ တွင် တွေ့ဆုံ ဖြစ်ခဲ့ပြီး “အခြားသော စစ်ပွဲ” အား အောင်ပွဲရရန် စီစဉ်မည်ဟု သဘောတူညီချက်ရခဲ့သည်။ ဂျွန်ဆင် မှ ဒေါ်လာ သန်း ၇၅၀ ချက်ခြင်း လို ပေးရန် ကတိပြုခဲ့သည်။ ဤသည်က စစ်စရိတ်၏ ဆယ်ငါးပုံ တပုံသာလျင် ရှိသည်။ ထိုငွေများ ဖြင့် တောင်ပိုင်းတွင် စက်မှု လုပ်ငန်း များ အခြေစိုက်နိုင်မည့် ဇုံတခု တည်ဆောက်ရာတွင် သုံးမည်ဖြစ်သည်။ ဂျွန်ဆင်က မိမိတို့သည် စစ်ပွဲကိုသာ မကပဲ ငတ်မွတ်ခေါင်းပါးမှု၊ ဆင်းရဲနွမ်းပါးမှု နှင့် မျှော်လင့်ချက် ကင်းမဲ့နေမှုများ အပေါ် အောင်ပွဲခံရန် သံဓိဠာန် ချထားပြီး ဖြစ်သည်ဟု ပြောခဲ့ပြီး ကီ ကလည်း ဗီယက်နမ်တွင် လူမှုရေး အလှည့်အပြောင်းကြီး ဖြစ်အောင် ကြိုးစားသွားမည်ဟု ကတိပြုခဲ့ပြန်သည်။

ဝန်ကြီးချုပ် ကီသည် အကျင့်ပျက်ခြစားမှု များ ဖြစ်နေသော လူများထဲတွင် ပါဝင်သူ တယောက်တော့ မဟုတ်ပေ။ ပြဿနာကား သူ၏ နောက်ခံသမိုင်း၊ ၀င့်ကြွားခဲ့မှုများ နှင့် စစ်မှုထမ်းဘ၀ အစရှိသည်တို့ကား သူ လုပ်မည့် ပြုပြင်ပြောင်းလဲရေးများ အပေါ် အယုံအကြည်မရှိ ဖြစ်လာနေခဲ့သည်။ ဟနွိုင်း မြို့ မြောက်ဖက်အရပ်တွင် မွေးဖွားခဲ့ပြီး အသက် ဆယ်ရှစ်နှစ် အရွယ်တွင် ပြင်သစ် စစ်အကယ်ဒမီ ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၉၅၂ တွင် ပြင်သစ် နှင့် သူ၏ လက်အောက်ခံ မော်ရိုကိုတွင် လေကြောင်းပညာ ကို ဆက်လက် ဆည်းပူးခဲ့သည်။ ထို့နောက် ပြင်သစ် လေတပ်သို့ ၀င်ရောက်ခဲ့ပြီး ဗီယက်နမ် နှစ်ပိုင်းကွဲသွားပြီး နောက်ပိုင်းတွင် ပြန်ရောက်လာခဲ့သည်။ ထို့နောက် အမေရိကန်တွင် စစ်သင်တန်းများ တက်ရောက်ခဲ့ပြီး နောက် ဗီယက်နမ်တွင် “လူညစ် သုံးဆယ်” ဟု ထင်ရှားသည့် အမေရိကန် အဖွဲ့နှင့် အတူ နိုင်ငံတွင်း လျို့ဝှက် စစ်ဆင်ရေးများ တွင် လေကြောင်းမှ ပါဝင်လာခဲ့သည်။ အမေရိကန်တို့က သူ့ကို စားရမှလည်း သဲနှင့် ရှပ်ရှပ် ပြစ်ရမှာလည်း အဆီနှင့် တ၀င်းဝင်းဟု ယူဆလာခဲ့ကြသည်။ ၁၉၆၃ တွင် လေတပ် စစ်ဦးစီးချုပ် ဖြစ်လာသည့်အခါတွင် အမေရိကန်တို့၏ အမာခံ တွဲဘက် လေယာဉ်မှုးတဦးအလား ယူဆခဲ့သည်။ နောက်ပိုင်းတွင် ကော့နေအောင် မီးပူ တိုက်ထားသော ပျောက်ကြား ယူနီဖောင်း နှင့် ခါးတွင်လည်း လက်ကိုင်ကို ပုလဲ စီချယ်ထားသော ခြောက်လုံးပြူး ခါးချိတ်၍ သွားနေသဖြင့် ကောင်းဘွိုင်ဟု အမည်တွင်လာသည့်အထိ ဖြစ်လာခဲ့သည်။ သူ၏ ကိုးကွယ်သည့် သူရဲကောင်း က ဟစ်တလာ ဖြစ်ပြီး တိုင်းပြည်ကို တစုတစည်း တည်း ဖြစ်အောင် လုပ်နိုင်၍ဟု မကြာခဏ ဆိုသလို ပြောလေ့ရှိသည်။ ထိုသို့သော လူမျိုးက ဘွားကနဲ ၀န်ကြီးချုပ် ဖြစ်လာသည့် အခါ နိုင်ငံရေးတွင် စိတ်အနှောက်အယှက်များ ဖြစ်လာခဲ့သည်။ အသက် က ၃၅ နှစ်သာ ရှိသေးသူလည်း ဖြစ်သည်။ ၎င်းက ၀န်ကြီးချုပ် ဖြစ်လာလျင် ဖြစ်လာချင်း စည်းကမ်းများ အလွန်အကျွံ ချမှတ်လာတော့သည်။ ၀ိသမ လောဘသားများ နှင့် အစိုးရ၀န်ထမ်းများ လိုက်နာခြင်း မရှိက လက်မရွံ တပ်ဖွဲ့၏ ကွပ်မျက်ခြင်း ခံရမည်ဟု ကြေငြာခဲ့သည်။ နိုင်ငံရေး ကိုယ်ကျင့်တရားအရ ချီးမွမ်းစရာ ဖြစ်လာသော်လည်း တကယ်တမ်းတွင် အတော်ကို ဆိုးဆိုးရွားရွား ကျုးလွန်သူတဦးကိုသာ ကွပ်မျက်ခဲ့သည်ကို တွေ့ရသည်။ ယခု အမေရိကန်၏ အကူအညီကို ရတော့မည်လည်း ဖြစ်၍ ဗိုလ်ချုပ်ကြီးများ အား မိမိ တို့၏ မိသားစုများ အတွင်း အကျင့်ပျက် လာဒ်ယူမှုများ မရှိအောင် ထိမ်းရန် ပြောလာမည့် အန္တရာယ် ရှိလာနေပေသည်။

ရက်သတ္တပါတ် အနည်းငယ် အတွင်း အမေရိကန် ၏ အကူအညီများ အလုံးအရင်းနှင့် ရောက်လာခဲ့သည်။ ရောက်လျင် ရောက်ခြင်းမှာပင် အများစုသည် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့ရတော့သည်။ အမေရိကန်က ကျေးလက်ဒေသများသို့ စားနပ်ရိက္ခာများ တိုးမြှင့် တင်ပို့ပေးလာခြင်း၊ မော်တော်ယာဉ်များ၊ စက်ယန္တယားများ တင်သွင်းလာခြင်း၊ အဝေးပြေး လမ်းမကြီးများ၊ သံမဏိ၊ ဓါတု နှင့် ဆေးဝါး စက်ရုံများ တည်ဆောက်ပေးလာခြင်း အစရှိသည်ဖြင့် မြို့နေ လူတန်းစားများ အကြား မျှော်လင့်ချက်များ ပြန်လည် ရှင်သန်လာစေရန် ရည်ရွယ် ပြုလုပ်လာခဲ့သည်။ အမေရိကန်တို့ တင်သွင်းလာသော အမှိုက်သယ် ထရပ်ကား အစီးလေးဆယ် အနက် အများအပြား ချက်ခြင်းလို ခိုးယူခံခဲ့ရသည်။ ညတွင်းချင်း ဆိုသလို ကားသူခိုးများ အတွက် ပွဲတော်ကြီး ဖြစ်လာခဲ့သည်။ ကုမ္ပဏီများကလည်း တန်ဘိုးကြီး ပါမစ်များကို အရယူကာ အမေရိကန်တို့ ငွေချေပြီးသား ပစ္စည်းများကို သိုလှောင်လာခဲ့ကြသည်။ ထိုကိစ္စများအား စုံစမ်းစစ်ဆေးပေးရန် ကီ အား အမေရိကန်တို့က လက်တို့ သတိပေးခဲ့သည်။ ထိုအခါ ဗီယက်နမ်တနိုင်ငံလုံးကို အင်္ဂတေ လောင်းလို့ရသည့် ပမာဏရှိသော ဘိလပ်မြေ များ သိုလှောင်ထားသည်ကို တွေ့ခဲ့ရသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

ထင်ရှားသည့် ဗီယက်နမ် သတင်းစာဆရာတဦး ဖြစ်သည့် သိမ်း ဆိုသူက ဒီယမ်အား ဖြုတ်ချပြီးချိန်နောက်ပိုင်း သိသိသာသာ ပြောင်းလဲခဲ့ခြင်း မရှိဟု ရေးသားခဲ့သည်။ သိမ်းသည် ဒီယမ် ၏ ပြန်ကြားရေး အတွင်းဝန် ဖြစ်ခဲ့ပြီး သူ့ဆရာသမားလိုပင် အမေရိကန်တို့ အရာရာတွင် သြဇာလွှမ်းမိုးလာမည်ကို စိုးရိမ်နေသူလည်း ဖြစ်သည်။ အမေရိကန်တို့ ပေးသော အကူအညီသည်လည်း ထိုသို့ ဖြစ်အောင် လုပ်သည်ဟု ဝေဖန်ခဲ့ပြီး အပြောင်းအလဲများ ရှိလာပါကလည်း ကောင်းဖို့ထက် အဆိုးဖက်သာ ဦးတည်မည်ဟု ဆိုသည်။ တောပိုင်း နှင့် မြို့ပိုင်း လူနေမှု ကင်းကွာလာအောင် လုပ်ပေးသလို ဖြစ်လာခဲ့သည်ဟု ဝေဖန်ခဲ့သည်။ စစ်အရာရှိကြီးတဦး တညတာ ပိုကာ ကစား၍ အနိုင်ရသော ပိုက်ဆံသည် ဗီယက်နမ် လယ်သမားတယောက် နဖူးက ချွေး ခြေမကျအောင် တသက်တာ ရှာ၍ ရသော ငွေနှင့် ညီမျှသည်ဟုလည်း ထောက်ပြခဲ့သည်။ အမေရိကန် တို့ အနေဖြင့် ၎င်းတို့ ငွေများကို ကျေးလက် ပညာရေး နှင့် ဆက်သွယ်ရေး တိုးတက်လာအောင် ပြုလုပ်ပေးသင့်ကြောင်း နှင့် လူမှုရေး လုပ်သားများ အား လစာပေးပြီး ကျေးလက်ဒေသ တွင် သွားရောက် နေထိုင်စေကာ ဖွံဖြိုးရေး လုပ်ငန်းများ ကြပ်မပ်ဆောင့်ရွက်သင့်ကြောင်းလည်း ရေးသားခဲ့သည်။ သို့သော် အခြေအနေများက လွန်သွားခဲ့ပြီ ဖြစ်သည်။

အမေရိကန် အကူအညီများ ပြည်တွင်း တွင် အလွဲသုံးစား ပြုလာကြသည်နှင့် အမျှ ဗုဒ္ဓဘာသာဝင်တို့၏ မကျေနပ်မှုများလည်း တစထက် တစ ကြီးထွားလာခဲ့သည်။ အစိုးရမှ အရပ်သား အုပ်ချုပ်ရေး အတွက် ရွေးကောက်ပွဲ ကျင်းပရန်ကို ရွှေ့ ဆိုင်းလာခဲ့သည်။ ယခင်က ထိုသို့ ကျင်းပပေးမည် ဆိုသော ကတိကြောင့် ဗုဒ္ဓဘာသာဝင်တို့ ငြိမ်သက်သွားခဲ့ခြင်းလည်း ဖြစ်သည်။ ယခုအခါ မြောက်ပိုင်း ဒေသ ကို အုပ်ချုပ်နေသော စစ်တပ်ထဲတွင် သြဇာ အရှိဆုံး ဗုဒ္ဓဘာသာဝင် ဗိုလ်ချုပ်ကြီး ငုယင် ချန် သီ မှ အကျင့်ပျက် ဗိုလ်ချုပ်ကြီးများကို သန့်စင်ပြစ်နိုင်ခြင်း မရှိက သူ၏ ပြည်နယ်သည် ခွဲထွက်ရလိမ့်မည်ဟု ခြိမ်းခြောက်လာခဲ့သည်။ သို့သော် သီ သည် ရာထူးမှ ဖယ်ရှားခြင်းသာ ခံခဲ့ရပြီး ထိုသို့ အရေးယူမှုအား စစ်ဘုရင်ဝါဒ ကို ဟန့်တားလိုက်နိုင်ခြင်းဟု အမေရိကန်တို့က ၀န်ကြီးချုပ် ကီ ကိုပင် ချီးမွမ်း ထောပနာ ပြုခဲ့ကြပြန်သည်။ ထို့အတွက် မြောက်ပိုင်းရှိ မြို့ကြီးများတွင် ဗုဒ္ဓဘာသာဝင်တို့၏ အဓိကရုဏ်းများ ဖြစ်ပွားလာပြီး အမေရိကန် ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးလာခဲ့ကြသည်။ ဧပြီလ ၄ ရက်နေ့တွင် ကီ မှ တောင်ဗီယက်နမ် မရိမ်းတပ်သား လေးထောင်ခန့်အား ဒါနန်း သို့ စေလွှတ်လိုက်ပြီး ဆန္ဒပြသူများကို နှိမ်နှင်းစေခဲ့သည်။ သူကိုယ်တိုင်လည်း လေယာဉ်ဖြင့် ရောက်ရှိလာပြီး နှိမ်နှင်းမှု ကို အနီးကပ် ကြီးကြပ်ခဲ့ပြန်သည်။ နိုင်ငံတ၀ှမ်းလုံးရှိ ထောင်ပေါင်းများစွာသော ဗုဒ္ဓဘာသာဝင်များ နှင့် ဝေဖန်သူများကို ဖမ်းဆီးခဲ့ကြသည်။ ၁၉၆၃ ခုနှစ်ကကဲ့သို့ ဗုဒ္ဓဘာသာ ခေါင်းဆောင်များက အမေရိကန် သံအမတ်ကြီးထံ မေတ္တာရပ်ခံခဲ့ကြသည်။ သို့သော် ယခုအချိန်က ၁၉၆၃ နှင့် မတူတော့ပဲ ဦးစားပေး ဆောင်ရွက်ရမည် အရာများက ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။

အမေရိကန် သံအမတ်ကြီး လော့ခ်ျ က ရေဒီယိုနှင့် ရုပ်မြင်သံကြား ပရိသာတ် အတွက် အဆိုပါ လူအုပ်ကြီးသည် ညသန်းကောင်ယံတွင် ဒါနန်း မြို့ကြီးကို အုပ်စိုးမိရန် ကြံစည်လာကြပြီး ထိုမှတဆင့် အခြား ဗီယက်နမ် မြို့ကြီးများကို သိမ်းပိုက်ရန် ရည်ရွယ်လာကြသည်။ ဗီယက်ကောင်းများကလည်း ကျေးလက်များကို အုပ်စိုးထားပြီး ဖြစ်သဖြင့် ဘာမှပင် ကျန်တော့မည်မဟုတ်ဟု ပြောရမည်ဟု ဆိုလာခဲ့သည်။

ဗုဒ္ဓဘာသာဝင်တို့၏ ဆန္ဒပြမှုများကို ချေမှုန်းနို်င်ခဲ့ကြသည်။ အမေရိကန် စစ်တပ်က နိုင်ငံရေး အောင်ပွဲကြီး တရပ်ဟု ဆိုကာ သူကိုယ်တိုင် ဗုဒ္ဓဘာသာဝင် ဖြစ်သော ၀န်ကြီးချုပ် ကီ အား ချီးကျုးခဲ့ကြသည်။ တကယ်တော့ ဤသည်က အမေရိကန်တို့ စစ်ရှုံးနိမ်သွားစေရန် စတင်ခဲ့သော အလှည့်အပြောင်းကြီး ဖြစ်သည်ကိုမူ ထိုစဉ်က ရိပ်စားမိခဲ့ကြခြင်း မရှိပေ။ အမေရိကန်တို့ အပေါ် ဗီယက်နမ် ပြည်သူများ အယုံအကြည် ကင်းမဲ့လာခြင်းသည် ထိုအချိန်က အစပြုလာခဲ့သည်။ အမေရိကန် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ နှင့် အမေရိကန် သံရုံး၏ ချက်ခြင်းလို သဘောထား ပြောင်းသွားမှုများကြောင့် ရွေးကောက်ပွဲ မကြာမီ ကျင်းပတော့မည် နှင့် အတူ ပြုပြင်ပြောင်းလဲရေး များ ပေါ်ပေါက်လာမည် ဆိုသည့် မျှော်လင့်ချက်များ ပျက်ပြားသွားခဲ့ရပေတော့သည်။ ရွေးကောက်ပွဲကား နောက်ပိုင်း ဆယ်ခုနှစ်လ အကြာ ၁၉၆၇ စက်တင်ဘာ ၃ ရက်နေ့တွင် ကျင်းပခဲ့သော်လည်း ကီ နှင့် ဗိုလ်ချုပ်ကြီး သီယူ တို့အကြား သမ္မတအဖြစ် သူပြိုင်မည် ငါပြိုင်မည်ဟု အပြင်းအထန် ငြင်းခုံပြီးမှသာ ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် သီယူ သည် သမ္မတ၊ ကီ က ဒုတိယ သမ္မတ အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် သဘောတူခဲ့ကြသည်။ မဲပေးပိုင်ခွင့် ရှိသူ များ၏ ၈၁% မဲပေးခဲ့ကြပြီး စစ်တပ်က နောက်တကြိမ် အာဏာကို ၃၅% သော ထောက်ခံမဲ ဖြင့် ပြန်လည် ရယူနိုင်ခဲ့သည်။ အကျင့်ပျက် ခြစားမှုများ က တိုးမြှင့် ဖြစ်ပေါ်လာနေပြီး တောင်ဗီယက်နမ် တပ်များ အကြားလည်း စိတ်ဓါတ်များ ကျဆင်းလာနေသည်။ ထို့အတွက် အမေရိကန်တို့က သူတို့ခြည်းသာ တိုက်နေရသည်ဆိုသော အယူအဆများ ပေါ်ပေါက်လာခဲ့တော့သည်။ ၁၉၆၆ တွင် အမေရိကန်စစ်သည် ၅,၀၀၈ ဦး ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။ ယမန်နှစ်ကထက် အသေအပျောက်နှုန်း ငါးဆမျှ တိုးမြင့်လာခဲ့ခြင်းလည်း ဖြစ်သည်။

တောင်ဗီယက်စစ်တပ်တွင် ဗိုလ်မှုးကြီး အဆင့်ရှိ ဒုတိယ ပြည်နယ် ဦးစီးမှုးသည် တလလျင် ဒေါ်လာ ၇၀ မျှသာ ရသော်လည်း အမေရိကန်တို့ အတွက် စကားပြန်လုပ်ပေးနေရသော အမျိုးသမီးငယ်များက တလလျင် ဒေါ်လာ ၂၀၀ မှ ၃၀၀ အထိ ရရှိနေကြသည်။ သာမန် တောင်ဗီယက်နမ် စစ်သား တယောက် အဖို့ ကြားပေါက် ရစရာ အခွင့်အရေးလည်း မရှိပေ။ သူရသော လစာသည်လည်း အဆင့်တူ သာမန် အမေရိကန် စစ်သားတဦးလစာ၏ ဆယ်ခြောက်ပုံ တပုံသာလျင် ရှိသည်။ အဆမတန် ကွာခြားလွန်း၍ တပ်ထဲဝင်မည့် အစား တောထဲက မျိုးချစ် ဆိုသူများထံသာ ပူးပေါင်းချင်စိတ် ရှိကြတော့မည်လည်း ဖြစ်သည်။

၁၉၆၆ အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာန ၏ စာရင်းဇယား များအရ တပ်ကို စွန့်ခွာထွက်ပြေးသူ ပေါင်း ၁၂၄,၀၀၀ ရှိလာပြီး ယင်းသည် စုစုပေါင်း တောင်ဗီယက်နမ် တပ်အင်အား၏ ၂၁% ရှိသည်ဟု သိရသည်။ ထိုသို့ စွန်ခွာနှုန်းက နှစ်စဉ်လို မတိမ်းမယိမ်း နှင့် ဆက်လက် ဖြစ်ပေါ်နေခဲ့သည်။ စစ်တပ်ထဲတွင် လယ်သမား သားသမီးများက သာမန် စစ်သား အဖြစ် အမှုထမ်းရပြီး မြို့နေ လူတန်းစား နှင့် ချမ်းသာသော မိဘများမှ ဆင်းသက်လာသူများက သူတို့ အထက် အဆင့်မှ စစ်မှုထမ်းကြရသည်။ လယ်သမားများဖက်ကလည်း မြို့ပေါ်နေ လူတန်းစား အတွက် အဘယ်ကြောင့် မိမိတို့ အသက်ကို ဆုံးရှုံးခံရမည်နည်းဟု မေးခွန်းထုတ်လာခဲ့ကြသည်။ အန္တရာယ်များသော အခြေအနေများ တွင် စစ်ကြောင်းထိပ်တွင် တပ်မှုးဆိုသူများကို မတွေ့ကြရပြန်ပေ။

သတင်းစာဆရာ သိမ်း က ရေးသားရာတွင် အမေရိကန်တို့၏ အမှားက လူထုကို ကိုယ်စားမပြုသည့် အစိုးရကို ဆိုင်းဂုံတွင် ပြောင်ပြောင်တင်းတင်း အုပ်ချုပ်ခွင့် ပြုနေခြင်းဟု ဝေဖန် ရေးသားခဲ့သည်။ ထို့အတွက် သိမ်း၏ သတင်းစာတိုက် ဖြစ်သော ဗီယက်နမ် ဂါဒီယန်း နှင့် အခြား အစိုးရ ဝေဖန်သော သတင်းစာများကို ၀န်ကြီးချုပ် ကီ က ပိတ်ပြစ်ခဲ့သည်။

ဝန်ကြီးချုပ် ကီ က ဗီယက်နမ် နှင့် အမေရိကန် သတင်းစာများက သူ့အား ရုပ်သေးတယောက်သာ ဖြစ်သည်ဟု ရေးသားနေကြခြင်းကို လွန်စွာ နာကျည်းလျက် ရှိသည်။ သတင်းစာဆရာများကလည်း စစ်ပွဲအကြောင်း သိချင်လျင် ဗိုလ်ချုပ်ကြီး ၀က်စ်မိုးလန်းကိုသာ မေးမြန်းခဲ့ကြပြီး အနားတွင် ရှိနေသော ကီ အား မည်သူကမျှ မေးမြန်းခဲ့ကြခြင်း မရှိပေ။ တခြားတဖက်ရှိ ကွန်မြူနစ်များကလည်း သူ၏ အစိုးရကို အမေရိကန်တို့၏ ရုပ်သေးများဟုသာ သဘောထားခဲ့ကြပြန်သည်။ ဤသို့ဖြင့် အမေရိကန် ပြည်သူများက ၎င်းတို့အား ဗီယက်နမ် ပြည်သူများ၏ ခေါင်းဆောင်မှု မမြင်ကြတော့ပဲ အမေရိကန်၏ ရုပ်သေးများဟုသာ ရှု့မြင်ခံခဲ့ကြရခြင်း ဖြစ်သည်။

တကယ်တမ်းတွင် အမေရိကန်တို့က သူတို့ လိုသလို ကြိုးဆွဲ၍ မရသော ရုပ်သေးများ ဖြစ်သည်ကို သိထားခဲ့ကြသည်။ အမေရိကန် စစ်အင်အား အဆမတန် ရောက်ရှိနေ၍သာ အလိုလို ရုပ်သေးဘ၀ ကျရောက်သွားရသူများသာ ဖြစ်သည်။1111