စစ်တပ် နှင့် အစိုးရ အကြား ဆွေးနွေးပွဲ မအောင်မြင်သေး၊ အနောက်နိုင်ငံများ တညီတညွတ်တည်း ရှုတ်ချ။ နိုင်ငံတော် သံဃနာယက အဖွဲ့ ဆရာတော်ကြီးများ မေတ္တာရပ်ခံ

by Hla Soewai - Jan 31 2021

ဖေဖေါ်ဝါရီ ၁ ရက်နေ့ တနင်္လာနေ့တွင် ကျင်းပရန် သတ်မှတ်ထားသော အမျိုးသား လွှတ်တော်အစည်းအဝေးကို ရွှေ့ဆိုင်းရန် နိုင်ငံပိုင် မီဒီယာများမှ ကြေညာခဲ့သည်။ ဤသည်ကလည်း စီမံခန့်ခွဲမှု လုပ်ငန်းစဉ်အရသာ ဖြစ်သည်ဟု ဆိုသည်။

 

ယမန်နေ့က အာဏာသိမ်းရန် စစ်တပ်မှ ခြိမ်းခြောက်လာနေသည်များ အတွက် နေပြည်တော်တွင် အစိုးရ ကိုယ်စားလှယ်များ နှင့် စစ်တပ်မှ ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ကြသော်လည်း အောင်မြင်မှု မရရှိခဲ့ဟု သိရသည်။

 

စစ်တပ်မှ ရွေးကောက်ပွဲ ကော်မရှင် ကို အယုံအကြည် မရှိကြောင်း နှင့် ဖျက်သိမ်းပေးရန်၊ စစ်တပ် ကိုယ်စားလှယ် များရှေ့မှောက်တွင် မဲများ ပြန်လည် ရေတွက်ပေးရန် နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေးကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့သည်ဟု အစည်းအဝေးနှင့် နီးစပ်သော သတင်းရပ်ကွက်များက ပြောသည်ဟု ဧရာဝတီ သတင်း တွင် ဖေါ်ပြထားခဲ့သည်။

 

ဆွေးနွေးပွဲသည် သဘောတူညီချက် တစုံတရာ မရရှိဘဲ ပြီးစီးသွားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှ တောင်းဆိုချက် အားလုံးကို ပယ်ချခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

 

အင်္ဂါနေ့တွင် စတင်ကျင်းပရန် ရှိသည့် ပြည့်သူ့လွှတ်တော်တွင် သမ္မတ၊ ဒုသမ္မတ များ စတင် ရွေးချယ် တင်မြှောက်ရန် ရှိနေသည်။ သို့သော် စစ်တပ် ကိုယ်စားလှယ်များက တက်ရောက်ရန် ငြင်းဆန်နေသည်ဟု သိရသည်။

 

၂၀၂၀ ရွေးကောက်ပွဲ ရလဒ်သည် စစ်တပ်ကို အကြီးအကျယ် ထိုးနှက်လိုက်ခြင်းပင် ဖြစ်ပြီး လွှတ်တော်သို့ ၎င်းတို့၏ ပါတီဖြစ်သော ကြံ့ခိုင်ရေး ကိုယ်စားလှယ် ၃၃ ဦးသာ တက်ရောက်ခွင့် ရှိသွားသည့် အဖြစ်ကို မည်သို့မျှ လက်မခံနိုင် ဖြစ်လာခဲ့ရသည်။

 

လက်ရှိ အနေအထားအရ ဆိုလျှင် ပြည်သူများ ဆန္ဒပါသည် ဖြစ်စေ မပါသည် ဖြစ်စေ ကြံ့ခိုင်ရေး ကိုပင် နောက်ထပ် အစိတ်သား သတ်မှတ်ပေးရမည့် ပုံ ဖြစ်လာနေသည်။

 

ယခုအခါ ကုလသမဂ္ဂ၊ အမေရိကန် တို့ နှင့် အတူ ဩစတေးလျ၊ ကနေဒါ နှင့် အနောက်နိုင်ငံများအားလုံးက အာဏာသိမ်းရန် ခြိမ်းခြောက်လာနေသည်များကို တညီတညွတ်တည်း ရှုတ်ချခဲ့ကြပြီး ရွေးကောက်ပွဲ ရလဒ်ကို အင်အားသုံး ပြောင်းလဲရန် ကြိုးပမ်းမှု မှန်သမျှ ကို ဆန့်ကျင်ကြောင်း နှင့် ရွေးကောက်ပွဲ ရလဒ်ကို လေးစား လိုက်နာရန် ကြေညာချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြသည်။ တောင်ကိုရီယား နိုင်ငံကလည်း အလားတူ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့မှ ဆရာတော်ကြီးများက ရဟန်းရှင်လူ ပြည်သူများ ကြောင့်ကြ စိတ်ဝမ်း မအေးချမ်းဘဲ ရှိနေကြသဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်း သာယာဝပြောရေး ကို ရှေးရှုလျက် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း များနှင့် အညီ အဖြေရှာကြရန် မေတ္တာရပ်ခံလွှာကို ဆရာတော်ကြီးများမှ စုံညီလက်မှတ်ရေးထိုး၍ ထုတ်ပြန်လိုက်ကြသည်။

 

တရားလွှတ်တော်ချုပ်မှလည်း တဖက်က တင်သွင်းသော သမ္မတ နှင့် ရွေးကောက်ပွဲ ကော်မရှင်အပေါ် တိုင်တန်းလွှာကို စတင် ကြားနာ စစ်ဆေးခဲ့ပြီး ဆုံးဖြတ်ချက် ချရန် ဆယ့်လေးရက် အချိန်ယူမည် ဖြစ်သည်ဟု သိရသည်။ သို့သော် ဥပဒေပညာရှင် ဦးခင်မောင်မြင့်ကမူ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲ နှင့် ပတ်သက်၍ အမြင့်ဆုံး အာဏာ အပ်နှင်းထားသော ရွေးကောက်ပွဲ ကော်မရှင် အပေါ် ကျော်လွန်၍ စာချွန်လွှာ ထုတ်ခွင့် မရှိဟု ရှင်းပြခဲ့သည်။

 

ယခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လက်ရှိ ဖြစ်ရပ်များ အပေါ် လူသိရှင်ကြား ဝေဖန်ပြောဆိုခြင်း မရှိသေးသော်လည်း NLD ပြောခွင့်ရ ဒေါက်တာ မျိုးညွန့်က စစ်တပ်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး မအောင်မြင် ခဲ့ကြောင်း ရိုက်တာ ကို အတည်ပြုပြောကြားခဲ့သည်။ ၎င်းက ဆက်လက်ပြောကြားရာတွင် နေပြည်တော်တွင် ရဲတပ်ရင်းများ ချထားပြီး အကယ်၍ အာဏာသိမ်းမည်ဆိုကလည်း မိမိတို့ အနေဖြင့် အင်အားသုံး ပြန်လည် တုန့်ပြန်နိုင်သည့် အနေအထား မရှိဟုလည်း ပြောခဲ့သည်။

 

အစိုး ရနှင့် ကော်မရှင်ကို ရှုတ်ချကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ထားသော ထရပ်ကားများသည် နေပြည်တော်တွင် လှည့်လည် သွားလာနေပြီး တရားလွှတ်တော်ချုပ် ရှေ့ အရောက်တွင် ရဲတပ်ရင်းများ ချထားသည့် အတွက် ပြန်လှည့်သွားသည်ဟု သတင်းများက ဆိုသည်။

 

ယခုအခါ နေပြည်တော်တွင် ရဲအင်အား အပြည့်အစုံချထားပြီး လွှတ်တော် နှင့် လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုဆောင် ပတ်ပတ်လည်တွင် ရဲအင်အား အလုံးအရင်းဖြင့် စောင့်ကြပ်နေသည်။

 

NLD ၏ အကြီးအကဲ တဦး ဖြစ်သူ ဦးဝင်းထိန်ကမူ လာဖမ်းလျှင် လိုက်သွားနိုင်ရန် အထုပ်အပိုး ပြင်ထားပြီး ဖြစ်ကြောင်း ရိုက်တာ သို့ ပြောပြခဲ့သည်။

 

NLD နေပြည်တော်တွင် ရောက်ရှိနေကြပြီး ဖြစ်သော မှ ပြည်သူများ ရွေးချယ်စေလွှတ်ခံထားရသည့် ကိုယ်စားလှယ်အားလုံး လွှတ်တော် အစည်းအဝေး တက်ရန် အမိန့်ထုတ်ထားပြီး ဖမ်းဆီးခံရပါကလည်း အသာတကြည် အဖမ်းခံရန် ညွှန်ကြားထားသည်ဟု ဧရာဝတီ သတင်းက ရေးသားထားသည်။

 

၂၀၀၈ ဖွဲ့စည်း ပုံအရ စစ်တပ်ကို ထိုကဲ့သို့ အင်အားသုံး ဝင်ရောက်စွက်ဖက်ရန် အခွင့်အာဏာ ပေးမထားခဲ့ပေ။ ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် အခြေအနေများ အလွန့်အလွန် ဆိုးဝါးလာပြီး ပြည်ထောင်စု ပြိုကွဲမည့် အန္တရာယ် နှင့် အချုပ်အခြာ အာဏာ ဆုံးရှုံးရန် အခြေအနေများ ဖန်တီးလာမှသာ ထိုကဲ့သို့ လုပ်ပိုင်ခွင့်ရှိနေသည်။ သို့သော် ထိုသို့ လုပ်ပိုင်ခွင့် ရရှိရန် သမ္မတ မှ အရေးပေါ် အခြေအနေ ကြေညာပေးရမည် ဖြစ်သည်။

 

ယခုအခါ စစ်တပ်သည် ၎င်းတို့ အကျိုးစီးပွားနှင့် ခေါင်းဆောင် ဖြစ်သူ၏ နိုင်ငံရေး ရည်မှန်းချက်များကို ၂၀၀၈ ဖွဲ့စည်းပုံ က လုံလောက်စွာ အကာအကွယ် မပေးနိုင်တော့မှန်း သိလာပြီ ဖြစ်၍ အင်အားသုံးပြီး ဗြောင်ကျကျ ဖျက်သိမ်းရန် ကြံစည်လာခြင်းပင် ဖြစ်သည်။

 

ရန်ကုန်ရှိ အနောက်တိုင်း သံတမန် တဦးက အာဏာသိမ်းမည်ဆိုလျှင် နိုင်ငံသည် ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ နှင့် အဆုံးသတ် သွားဖို့ သာ ရှိသည်ဟု ဆိုသည်။ ထိုသမိုင်းသည် နိုင်ငံ၏အနာဂတ်ကို ပြဌာန်းသွားတော့မည် ဖြစ်၍ လူထု အနေဖြင့် ခွင့်မလွှတ်နိုင်စရာ အဖြစ် အမြဲလို ယူဆသွားလိမ့်မည်သာ ဖြစ်သည်ဟု ရိုက်တာ သတင်းဌာနအား ပြောပြခဲ့သည်။

 

လက်ရှိ အနေအထားကို သုံးသပ်ရလျှင် တရားလွှတ်တော်ချုပ်မှ ၎င်းတို့ လိုလားသည့် အတိုင်း ဆုံးဖြတ်လာစေရန် နှင့် ဒေါ်အောင်ဆန်းစုကြည်သည် လူထုကြီး လမ်းပေါ်ထွက်လာကာ သွေးထွက်သံယို ဖြစ်မည်ကို မလိုလားသည့် အတွက် ထိုအခြေအနေများကို အခွင့်ကောင်းယူကာ မိမိတို့ အလိုကို မလိုက်လျှင် တိုင်းပြည် ကို ဖျက်ပြစ်မည်ဟု အင်အားပြ အကျပ်ကိုင်နေခြင်းသာ ဖြစ်သည်ဟု ယူဆမိသည်။

 

ကိုးကား၊ ။ Irrawaddy News / Reuters / Myanmar Harp Media