အမည်ပေး ကင်ပွန်း တပ်ပွဲကြီး

by Hla Soewai - Dec 24 2021

ယမန်နေ့က ဖြစ်ပွားခဲ့သော ကြည့်မြင်တိုင် ဖြစ်စဉ် ကြီးသည် တနိုင်ငံလုံး ထိတ်လန့် တုန်လှုပ်သွားခဲ့ကြရသလို ကမ္ဘာသတင်းစာကြီးများ တွင်လည်း ထိပ်ဆုံးက ပါဝင်လာခဲ့ပြီ ဖြစ်သည်။

 

ကုလ နှင့် အမေရိကန်တို့ မှ ထိပ်ဆုံးမှ ရှုတ်ချလာခဲ့ကြသည်။

 

မိမိတို့အား အုပ်ချုပ်နေသော လူများက နိုင်ငံသားများ အပေါ် ဟောင်ကောင် လူဆိုးဂိုဏ်း၊ မာဖီယားဂိုဏ်းများ အတိုင်း ကျင့်သုံးသွားသည့် အဖြစ်ကို မြင်တွေ့လိုက်ရသည့် အခါ မည်သူ မတုန်လှုပ်ဘဲ ရှိအံ့နည်း။

 

လက်နက်ဆို၍ အပ်တို တချောင်းမျှ မပါ၊ လျှပ်တပျက် ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖေါ် ခဲ့ကြသူ လူငယ် များအား နောက်မှ ကားနှင့် လိုက် တိုက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရက်စက်ကြမ်းကြုပ်လှသည့် ဖြစ်စဉ်ကြီးကို ဗီဒီယို ဖြင့် အတိအကျ မှတ်တမ်း ယူနိုင်ခဲ့၍ ငြင်းမရသည့် အခြေအနေသို့ ဆိုက်ရောက်သွားခဲ့သည်။ ငြိမ်းချမ်းစွာ ဆန္ဒ ပြနေသည့် ပုံများလည်း မှတ်တမ်းယူထားနိုင်ခဲ့သည်။ (ပုံတွင်ရှု)

 

ကား နှင့် တိုက်သတ်ခဲ့သည့်အပြင် နောက်မှ လိုက်၍ ရိုက်ခြင်းကိုခံခဲ့ရ၊ သေနတ်နှင့် ပစ်သတ် ခံခဲ့ကြရ၍ သေဆုံးသွားသူ စုစုပေါင်း ငါးဦး၊ ဒဏ်ရာရသွားသူ ဒါဇင်နှင့် ချီ၍ ရှိခဲ့ပြီး ဖမ်းဆီး ခေါ်ဆောင်ခံခဲ့ရသူ ၁၅ ဦး ရှိသည်။

 

ယင်းနှင့် အတူ ၎င်းတို့အား လူသတ် အကြမ်းဖက် စစ်ကောင်စီဟု ခေါ်ယူရန် တရားဝင် အမည်ပေး ကင်ပွန်းတပ်ပွဲကြီးကို တနိုင်ငံလုံးအား အသိပေး ဖိတ်ကြားလိုက်ခြင်းပင် ဖြစ်ပေတော့သည်။

 

အဆိုပါ လူငယ်လေးများအတွက် တနိုင်ငံလုံးမှ ယူကျုံးမရ ဖြစ်ခဲ့ကြရသော်လည်း ပေးဆပ်မှုမှာ အချည်းနှီး မဖြစ်ခဲ့ဘဲ တနိုင်ငံလုံး သွေးများ ဆူပွက်လာခဲ့ကြသည်။ ထိုကဲ့သို့ အရိုင်းအစိုင်း သာသာ လူများ၏ အုပ်ချုပ်ရန် ကြိုးစားမှုကို မည်သို့မျှ ခွင့်ပြု၍ မဖြစ်တော့၊ မမြင်ရသော ဘေးဆိုး ကပ်ဆိုးများက မိမိတို့ အိမ်တံခါးကို အနှေး နှင့် အမြန် ဆိုသလို လာရောက် ခေါက်ကြပေတော့မည် ဆိုသည်ကို တွေဝေမိန်းမော နေသော လူများပင် မကျန်အောင် လှုပ်နှိုးပြစ်နိုင်ခဲ့ကြပြီ ဖြစ်သည်။

 

ဤကဲ့သို့သော ၎င်းတို့၏လုပ်ရပ်သည်ကား တော်လှန်ရေးကြီး အတွက် အဖိုးမဖြတ် နိုင်သော တွန်းအားများ ဖြစ်လာခဲ့သည်။ ရှေ့လျှောက် လည်း ၎င်းတို့အဖို့က အကြမ်းဖက် လုပ်ရပ်မျိုးကိုသာ သိနားလည်ထားကြသူများ ဖြစ်သည့် အတိုင်း ထိုကဲ့သို့ အဖြစ်ဆိုးများနှင့် ကြုံလာကြရပေဦးမည်။

 

အာဏာသိမ်း အဖွဲ့သည် ထိုပြစ်မှုကြီး ကျူးလွန်သူများကို လူသိရှင်ကြား အရေးယူခြင်းဖြင့် လူထု၏ ဒေါသ ပြေပျောက်လို ပြေပျောက်ငြား လုပ်ပေးသင့်သည်ဟု အတွေးဝင်လာနိုင်သော်လည်း တဖက်တွင် ထိုသို့ လုပ်ပေး ပါက နောက်လူများ လက်တွန့်သွားတော့မည်၊ နှိမ်နှင်းရဲကြတော့မည် မဟုတ်၊ တွေဝေကုန်ကြမည်၊ ထိုသို့ ဖြစ်လာပါက မိမိတို့ အာဏာဆုပ်ကိုင်ထားမှု ပြေလျော့သွားနိုင်သည်ဟူ သော အယူအဆဖြင့် အမြဲလို ရက်စက် နေကြသည်၊ ထိုသို့ ရက်စက်စွာ ကျူးလွန်ရန် မြှောက်ပေးထားမှသာ ဖြစ်မည်ဟု ခံယူထားကြသည်။

 

ထိုအဖြစ်ဆိုးကြီး သည် မင်းအောင်လှိုင် ရန်ကုန်တွင် ရှိနေစဉ် ဖြစ်ပွားသွားခဲ့ခြင်းလည်း ဖြစ်သည်။ မင်းအောင် လှိုင်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးအား ကိုယ်တိုင် သွားရောက် တွေ့ဆုံခဲ့သည်ဟု သိရသည်။ သူသည် ဦးတင်ဦး သာမက ထောက်လှန်းရေး အကြီးအကဲဟောင်း ခင်ညွန့်နှင့် ပါ တွေ့ခဲ့ကြောင်း လန်ဒန် ရှိ ဒေးလီမေးလ် သတင်းစာကြီး တွင် ဓါတ်ပုံနှင့် တကွ ဖေါ်ပြထားသည်။

 

မင်းအောင်လှိုင်သည် သူ့အား မည်သို့မျှ အန္တရာယ် မပေးနိုင်တော့သော၊ စကားလေးလုံးကွဲအောင်ပင် မပြော နိုင်တော့သော၊ နာတာရှည် ရောဂါသည်ကြီးကို သွားရောက် တွေ့ဆုံခြင်းဖြင့် နိုင်ငံရေး အရ အမြတ်ထွက်နိုင်ဖွယ် ရှိသည်ဟု ယူဆထားပုံရသည်။ ဤသည်ကပင် မည်သို့မျှ ရိုးသားသည့် စိတ်ရင်း ဖြင့် မဟုတ်ကြောင်း သက်သေ ထူနေပေသည်။ သို့သော် ဦးတင်ဦးသည် NLD ၏ အထိမ်းအမှတ် ပင်နီ တိုက်ပုံ၊ ရင်ထိုး တံဆိပ်များ တပ်ဆင်၍ သူ့ကို လက်ခံတွေ့ဆုံခဲ့သည်။

 

နိုင်ငံတော် အတိုင်ပင်ခံ အား မနက်ဖန် စီရင်ချက် ချတော့မည် ဖြစ်သည်။ သို့သော် သူမအား ဥပဒေ နှင့် အညီ စီရင်ခြင်း မဟုတ်၊ စစ်အာဏာသိမ်း အဖွဲ့၏ အလိုဆန္ဒ အတိုင်း ပြောသမျှ လိုက်လုပ်ပေးရသည့် တရားရုံးက ကြက်တူရွေး ကဲ့သို့ နှုတ်တိုက် ရွတ်ဆိုကြပေတော့မည်။ စစ်အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ ၏ အဆင်ခြင်မဲ့ လုပ်ရပ်ကြောင့် အကျပ်အတည်းကြီး ကျရောက်နေသည့် အဖြစ်ကို နိုင်ငံ‌ရေး နည်းလမ်းဖြင့် ဖြေရှင်းရန် ရည်ရွယ်ထားခြင်း မရှိဆိုသည်ကို ပြောင်ပြောင်ကြီး ပြဆိုလိုက်ခြင်းပင် ဖြစ်သည်။

 

သူတို့ ဦးနှောက် က ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက် အမျိုးမျိုး တင်ကာ ဂုဏ်သိက္ခာ ချပစ်နိုင်မှသာ သူမအား ထောက်ခံနေသူများ ပျောက်ကွယ်သွားမည်၊ ဤနည်းဖြင့် လက်ရှိ အကျပ်အတည်းများ ပြေလည်သွားမည်ဟု တွေးတော ကြံဆ နိုင်သည့် အဆင့်သာ ရှိသည်ကို ပြဆိုနေပြန်သည်။

 

သို့သော် ဂျာမန် သတင်းဌာန ကြီး ဖြစ်သော Deutsche Welle (DW) ကတော့ စာတကြောင်းတည်းဖြင့် ဒေါ်အောင်ဆန်းစုကြည်အတွက် အခုလို သုံးသပ် ရေးသား သွားခဲ့သည်။

 

In hindsight, it will be viewed as a missed opportunity — but it was the best one the country has had since it gained independence in 1948.

 

ဆိုလိုသည်မှာ “ပြန်ပြောင်းတွေးတောကြည့်မည် ဆိုက ဒေါ်အောင်ဆန်းစုကြည် အုပ်ချုပ်ခွင့် ကင်းမဲ့သွားခြင်းကပင် နိုင်ငံသားများ အတွက် အခွင့်အလမ်း တခု ဆုံးရှုံးသွားခဲ့ရပြီဟု ရှုမြင်ကြပေတော့မည်။ သို့သော် တဖက်တွင် လည်း သူမ အုပ်ချုပ်ခွင့် ရခဲ့သည့် ကာလသည်သာ တိုင်းပြည် လွတ်လပ်ရေး ရပြီးကတည်းက နိုင်ငံအတွက် အကောင်းဆုံး အခွင့်အလမ်းများ ရရှိခဲ့သော နှစ်များ ဖြစ်လာခဲ့ရသည်” ဟူ၍ ဖြစ်သည်။

 

တော်လှန်ရေးကြီး မုချအောင်ရမည်!!!