D-Day နောက်ကွယ်က သူလျှိုမဟုတ်သော သူလျှိုများ (၈၆)

by Hla Soewai - Dec 27 2021

BERLIN: JANUARY 1944

 

ကပ် ဗိုဂဲလ် သည် သူ၏ ရုံးခန်း အတွင်း အိပ်ဖို့လုပ်ထားသည့် အိပ်စင်ပေါ်တွင် အိပ်မောကျနေစဉ် တခုခုကို ခြစ်ကုတ်နေသံမျိုး ကြားလိုက်ရ၍ ဆတ်ကနဲ ဆို နိုးထလာသည်။ ပါးစပ်ကလည်း “ဘယ်သူလဲဟေ့” ဟု လှမ်းအော်လိုက်သည်။

 

“ကျွန်တော် ပါအာစရိ”

 

“ဝါနာလား၊ အရေးထဲကွာ၊ အလန့်တကြား၊ မင်း သစ်သား ခြေထောက်ကြီးကို တရွတ်မဆွဲဘဲ လာလို့ မရဘူး လားကွာ၊ ဖရန်ကင်စတိန်း များ ငါ့ကို သတ်ဖို့ ရောက်လာသလား ထင်ရတယ်”

 

“စိတ်မရှိပါနဲ့ အာစရိ၊ အာစရိ အနေနဲ့ ချက်ချင်းကို သိချင်မယ်ထင်ပြီး ယူလာခဲ့တာပါ” ဟု ပြောရင်း အချက်ပြ စာရွက်ကို လှမ်းပေးလိုက်သည်။ “အခုလေးတင် ဟမ်းဘတ်က ဝင်လာတာပါ၊ လန်ဒန်က ကက်သရင်း ဘလိတ်ဆီက”

 

ဗိုဂဲလ် က ချက်ချင်းဆိုသလို ဖတ်လိုက်ရင်း သူ၏ နှလုံးခုန်သံလည်း မြန်ဆန်လာနေသည်။

 

“ဂျော်ဒန် နဲ့ ချိတ်မိသွားပြီ ဆိုပဲ၊ နျူမန်ကို သူ ဖက်က ပေးသမျှ တွေ အမြန်ဆုံး လာယူနိုင်အောင် စီစဉ်ဖို့ ပြော ထားတယ်၊ ဘုရားရေ..ဝါနာ၊ သူ တကယ်ကို လုပ်နိုင်ခဲ့ပြီကိုး”

 

“သူက အရမ်းကို တော်တဲ့ အေးဂျင့် တယောက်ဆိုတာ အသိသာကြီးပါ အာစရိ”

 

“အေး..ဟုတ်တယ်၊ ဟမ်တမ်ဆန်း မှာ ရှိတဲ့ နျူမန်ကို သတ်မှတ်ထားတဲ့ အချိန်ရောက်လာတာနဲ့ အချက်ပြ၊ ပြီးရင် သတ်မှတ်ပေးထားတဲ့ နေရာက စောင့်ပြီး ပေးလာတာ တွေ လက်ခံယူဖို့ စပြီး ပြင်ဆင်တော့လို့”

 

“ဟုတ်..အာစရိ”

 

“ပြီးရင် ဗိုလ်ချုပ်ကနယ်ရစ် ရုံးကို အသိပေးထား၊ မနက်ကျရင် တိုးတက်မှုတွေ အစီရင်ခံဖို့ ရှိနေလို့ ပြော”

 

“ကောင်းပါပြီ”

 

အူးဘရစ်ချ် လှည့်ထွက်သွားသည်နှင့် ဗိုဂဲလ်လည်း အမှောင်ထဲတွင် ငုတ်တုတ်ထိုင်ရငန်း ကျန်ခဲ့သည်။ ဘယ်လို များ လုပ်လိုက်နိုင်ပါလိမ့်ဟု လည်း တွေး‌‌နေမိသည်။ သူမ ပြန်ထွက်လာနိုင်သည့် အခါမှ အကြောင်းစုံ စုံစမ်းစစ် ဆေးနိုင်ခွင့် ရတော့မည် ဖြစ်သည်။ သူမ ပြန်လာနိုင်ဖို့လည်း ဆုတောင်းနေမိသည်။ ဒါမှလည်း ‌နောက်တကြိမ် ပြန်ဆုံဆည်းခွင့် ရနိုင်မည် ဖြစ်သည်။ သို့မှသာ နောက်ဆုံး မခွဲခွာခင် ညက သူမအပေါ် ဘာကြောင့် မညှာမတာ ဆက်ဆံခဲ့ရသလဲ ဆိုတာ ကို ရှင်းပြနိုင်ခွင့် ရမည် ဖြစ်သည်။

 

သူမ အတွက် ကောင်းဖို့ ဖြစ်လာရန် ထိုသို့ ဆက်ဆံခဲ့ရခြင်း ဖြစ်သည်။ ထိုအချိန်က သူမအနေဖြင့် နား လည် ချင်မှ နားလည်နိုင်မည် ဖြစ်သော်လည်း အချိန်လည်း ကြာညောင်းခဲ့ပြီ ဖြစ်၍ အခုလောက်ဆို သဘောပေါက် နိုင်လောက်သည်။ သူမ အခုဆိုလျှင် ထိတ်လန့်နေပြီလား၊ အန္တရာယ်နှင့် ကြုံနေရပြီလား ဟုလည်း တွေးမိ လိုက်ပြန်သည်။ သူမမှာ အန္တရာယ် ပတ်လည် ဝိုင်းလာနေပြီဆိုသည်က ယုံမှား သံသယ ဖြစ်စရာပင် မလိုပေ။

 

လန်ဒန် မြို့လယ်ခေါင် ရှိ မဟာမိတ်တို့၏ လျှို့ဝှက်ချက်များကို ခိုးယူဖို့ ကြိုးပမ်းနေသည့် အရေးသည် အန္တရာယ် များ ရောပြွမ်းနေပေလိမ့်မည်။ ခြေလှမ်း တချက်ကလေး မှားသွားသည်နှင့် MI5 ၏ လက်ထဲသို့ ကွိ ကနဲ သက်ဆင်းသွားပေလိမ့်မည်။ ယခု သူတို့ လိုချင်နေသော အရာကို အရယူပေးနိုင်မည့် အမျိုးသမီးထဲက ဆို၍ သူမ သာ ရှိပေတော့သည်။ ထိုသို့ ဖြစ်လာအောင်လည်း ဗိုဂဲလ်သည် သူ၏ နှလုံးသားတွင်သာမက မေးရိုးပါ အကျိုးခံပြီး လုံးပမ်း‌ပေးခဲ့ရသည်။

 

                                                ****************

 

ဘရီးဂိတ်ဖူးဟား ဝေါ်လ်တာ ရှလင်းဘတ်ခ် ၏ ဖုံး ဝင်လာချိန်တွင် ဟင်းနရစ်ချ် ဟင်းမလားသည် ပရင့်ဇ် အာ ဘရက်ခ် လမ်းရှိ သူ့ရုံးခန်းထဲတွင် စားပွဲပေါ်ရှိ စာရွက်ပုံများ အကြား အလုပ်များနေသည်။ “ဟဲလို ကောင်းသော ညနေခင်း လို့ ‌ပြောရမလား၊ ကောင်းသော နံနက်ခင်းပါလို့ပဲ ဆိုရမလား ဟား ဘရီးဂိတ်ဖူးဟား”

 

“မနက် နှစ်နာရီ ရှိပြီ ဆိုတော့ ရုံးမှာ မရှိလောက်တော့ဖူး ထင်နေတာ”

 

“စိုးရိမ်စိတ်က ရှိနေတော့ အနားမယူနိုင်သေးဘူး၊ ကဲ..ပြော ဘာလုပ်ပေးရမလဲ”

 

“ဗိုဂဲလ် ကိစ္စ တင်ပြမလို့ပါ၊ အပ်ဗဲယား ဆက်သွယ်ရေး ရုံး က လူတယောက်ကို ကျွန်တော်တို့နဲ့ ပူးပေါင်းမယ်ဆိုရင် အကျိုးရှိမယ်ဆိုပြီး စည်းရုံးထားတဲ့ လူတယောက် ရှိနေတယ်”

 

“ဗဲရီး ဂွတ်”

ရှလင်းဘတ်ခ် က လန်ဒန် ရှိ ဗိုဂဲလ် ၏ အေးဂျင့်ဆီမှ ဝင်လာသော အသံလွှင့်ချက်ကို ဟင်းမလား အား ပြောပြလိုက်သည်။

 

“ဒီတိုင်းဆို ‌မောင်ရင့် မိတ်ဆွေဟောင်းကြီး ဟော့စ် နျူမန်နဲ့ ပတ်သက်လာတော့မှာ‌‌ပေါ့”

 

“အဲ့လို အနေအထား မျိုး ရှိနေတယ် ဟား ရိုက်ချ် ဖူးဟား”

 

“မနက်ကျ ဖူးဟား နဲ့ တွေ့တာ နဲ့ အခြေအနေကို အသေးစိတ် တင်ပြလိုက်မယ်၊ သူကတော့ စိတ်ထဲ အတော်‌ ကျေနပ်သွားမှာတော့ အမှန်ပဲ၊ ဒီအတိုင်းဆို ဗိုဂဲလ် ဆိုတဲ့ လူက လုပ်ရည်ကိုင်ရည် အတော် လေး ထူးချွန်တဲ့ လူပါလား၊ အကယ်၍ သူသာ စစ်ပွဲကြီးကို အဆုံးအဖြတ် ပေးနိုင်လောက်အောင် အရေးပါတဲ့ လျှို့ဝှက်ချက် ကိုသာ အရယူ ပေးနိုင်ခဲ့ရင်တော့ ဖူးဟားက သူ့ကို ကနယ်ရစ် ‌နေရာ ဆက်ခံဖို့ ရွေးလာတဲ့ ဖြစ်လာနိုင်တယ်၊ အဲ့လို ဖြစ်လာလည်း အံ့ဩစရာ တော့ မဟုတ်ပေဘူး လို ဆိုရတော့မှာပဲ”

 

“အဲ့လို ဖြစ်လာရင်တော့ ဒီရာထူး အတွက် သူ့ထက် ထိုက်တန်တဲ့လူ မရှိတော့ဘူးလို့ စဉ်းစားလို့ ရပါတယ်”

 

“အခြေအနေကို တနည်း မဟုတ် တနည်း ထိန်းချုပ်နိုင်ဖို့ နည်းလမ်းတခုတော့ ရှာမှ ဖြစ်တော့မယ်၊  ဒီလိုမှ မဟုတ်ရင်တော့ မောင်ရင် စည်းဝိုင်း အပြင် ရောက်သွားလိမ့်မယ်နော်”

 

“ဟုတ်ကဲ့ပါ..ဟား ရိုက်ချ် ဖူးဟား”

 

“မနက်ဖန် မနက်ကျ မောင်ရင် တီယာဂါတင်း မှာ ဗိုလ်ချုပ် ကနယ်ရစ် နဲ့ အတူ မြင်းစီးဖို့ ရှိနေတယ် မဟုတ်လား”

 

“ထုံးစံအတိုင်း လုပ်ဖို့ ရှိနေပါတယ်”

 

“အဲ့ကျရင် မောင်ရင် သူ့ဆီက တခုခု သိရအောင် တီးခေါက်ကြည့်၊ မြေခွေးကြီးကိုလည်း ငါက ဆုမွန် တောင်းပေးနေတယ် ပြောလိုက်ဦး၊ ဂွတ်နိုက်..ဟား ဘရီးဂိတ်ဖူးဟား”

 

ထိုသို့ ‌ပြောရင်း ဖုန်းလက်ကိုင် ကို ဖုန်းခွက်ထဲ အသာပြန်ချလိုက်ပြီး သူ၏ မဆုံးနိုင်သော စာရွက်ပုံများ ဖက် လှည့်လိုက်ရပြန်သည်။

 

                                                ***********************

 

အခန်း (၂၈)

 

HAMPTON SANDS, NORFOLK

 

ဟော့ နျူမန် သည် ထင်းရူးတောကို ဖြတ်ပြီး ကမ်းခြေရှိ သဲတောင်ကုန်းများ ပေါ် ရောက်လာခိုက်တွင် အရုဏ် ဦး၏ အလင်းရောင်လဲ့လဲ့က ထူထပ်သော တိမ်များ အကြား ထိုးဖေါက် ဝင်ရောက်စ ပြုလာနေပြီ ဖြစ်သည်။ သူ့ရှေ့တွင် တမျှော်တခေါ် လှမ်းမြင်နေရသော ပင်လယ်ပြင်ကြီးသည် လေငြိမ်နေ၍ လားမသိ တိတ်ဆိတ် ငြိမ်သက်စွာ လဲလျှောင်းနေ၏။ ကျယ်ပြန့်လှသော ကမ်းခြေတလျှောက်တွင် လှိုင်းလှုံးငယ်လေများ ရိုက်ပုတ် နေသည်ကိုသာ တွေ့ရသည်။

 

နျူမန်သည် မီးခိုရောင် အားကစား အင်္ကျီ ဘောင်းဘီကို အပေါ်အောက် ဝတ်ထားပြီး ပို၍ နွေးနွေးထွေးထွေး ရှိရန် အောက် က ခေါင်းစွပ် ဆွယ်တာ တထည် ခံ ဝတ်လာခဲ့သည်။ ဖိနပ်အတွက်လည်း  ဝေါ့ကင်းရှူး ကို စီးလာခဲ့ သည်။ အေးမြ လတ်ဆတ်သော လေကို တဝကြီး ရှူသွင်းလိုက်ပြီး သဲတောင်ကုန်း အောက်သို့ လျောပြီး ဆင်း လာခဲ့ကာ ကမ်းစပ်က သဲပြင် အတိုင်း ဖြတ်လျှောက်လာခဲ့သည်။

 

ပင်လယ် ဒီရေ ကျသွားခဲ့ပြီ ဖြစ်၍ ပြန့်ပြူး နေသော သဲပြင်ကြီးသာ ကျန်ရစ်တော့ပြီး အောက်ခြေကလည်း မာကျောနေပြန်၍ ပြေးဖို့ အကောင်းဆုံး အနေအထားပင် ဖြစ်သည်။ သူသည် ခြေထောက် နှင့် လက်တို့ ကို ဆန့်ထုတ်ကာ လေ့ကျင့်ခန်း လုပ်လိုက်ပြီး ခပ်မှန်မှန် နှုန်း နှင့် ပြေးထွက်လာခဲ့သည်။ သူ့ကို မြင်လိုက်ရ၍ မ‌ကျေမနပ် နှင့် အော်မြည်ကာ ထပျံသွားသော စင်ရော်ငှက်များ ကို မြင်လိုက်ရသည်။

 

မနက် အစောပိုင်းကပင် ဟမ်းဘတ်က အသံလွှင့် ပေးပို့ချက် ကို လက်ခံရရှိခဲ့ပြီးလည်း ဖြစ်သည်။ လန်ဒန်ရှိ ကက်သရင်း ဘလိတ် ပေးပို့လာမည်များကို လက်ခံရန် စတင်ပြင်ဆင်ဖို့ ညွှန်ကြားလာခဲ့ခြင်းပင် ဖြစ်သည်။ ဘာလင် မြို့ပြင်ရှိ ယာတောအိမ်တွင် ကပ် ဗိုဂဲလ်က သူ့အား ပေးထားသည့် အချိန်ဇယား နှင့် နေရာ များတွင် လွှဲပြောင်းယူရမည် ဖြစ်သည်။ သူရရှိလာသမျှ ဖလင်နှင့် စာရွက်စာတမ်းများကို ကဗင်းဒစ်ရှ် ရင်ပြင်ရှိ တံခါး ပေါက်တခု တွင် ချထားခဲ့ရမည် ဖြစ်ပြီး ပေါ်တူဂီ သံရုံး မှ တဦး လာရောက် ကောက်ယူသွားမည် ဖြစ်သည်။ ပြီးလျှင် သံတမန် ချောစာအိတ်တွင် ထည့်၍ လစ္စဘွန်းသို့ ပို့ပေးမည် ဖြစ်သည်။

 

စီစဉ်ထားသည်က ဘာမှ အခက်အခဲ တစုံတရာ ရှိပုံမရ ဟု ထင်ရသော်လည်း လန်ဒန် လမ်းများ ကို ဖြတ်၍ အခုလို သယ်ဆောင်ပေးလာရသူ အဖို့ ဗြိတိသျှ လုံခြုံရေး အဖွဲ့များ လက်တွင်း အချိန်မရွေး သက်ဆင်းသွား နိုင်သည့် အခွင့်အလမ်းက များနေသည်ကို နျူမန်က ရိပ်စားမိပြီး ဖြစ်သည်။ ထိုသို့ အမိခံလိုက်ရပါလျှင် သူ့လက်ထဲတွင် ပါလာသော ပစ္စည်းများကြောင့် ကြိုးစင်သို့ တက်ရဖို့က ကျိန်းသေနေပြီ ဖြစ်သည်။

 

စစ်မြေပြင်တွင်ကား ရန်သူ ဘယ်‌နေရာတွင် ရှိပြီး ဖြစ်သည်ကို သိရှိနိုင်သော်လည်း သူလျှိုလုပ်ငန်းများတွင် မူ ရန်သူသည် နေရာတိုင်းတွင် ပုန်းအောင်းနေနိုင်သည် မဟုတ်ပါလား။ ကော်ဖီ ဆိုင် ထဲတွင် သူ့ဘေးရှိ စားပွဲတွင် ထိုင်နေနိုင်သလို ဘတ်စ်ကား ပေါ်တွင် လည်း သူ့နောက်က ခုံတွင် ထိုင်ရင်း လိုက်လာနိုင်ပေသည်။ ထိုသို့သော ရန်သူ မျိုး ကို နျူမန် အနေဖြင့် မည်သို့မျှ ကြိုတင် သိနိုင်စွမ်း မရှိပေ။