SAVE THE CHILDREN လုပ်ငန်းများ ရပ်ဆိုင်း၊ ကုလ ထိတ်လန့်လာပြန်

by Hla Soewai - Dec 28 2021

ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးတွင် အာဏာသိမ်းစစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားပြီး အမျိုး သမီးများ၊ ကလေးသူငယ်များအပါအဝင် အရပ်သား ၃၅ ဦးကိုလူမဆန်စွာမီးရှို့ သတ်ဖြတ်သွားသည့် သတင်းက နိုင်ငံတကာ သတင်း စာမျက်နှာများ တွင် အကျယ်တဝင့် ပါလာပြီး နောက် SAVE THE CHILDREN နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့ဝင် ဒေသခံ ဝန်ထမ်း နှစ်ဦးလည်း အဆိုပါ ဖြစ်ရပ်နှင့် အတူ ပျောက်ဆုံး နေကြောင်း အဖွဲ့ ကြီးမှ ကြေညာချက် ထုတ်ပြန်လာခဲ့သည်။

ထိုသူတို့သည် ခရစ်စမတ် ရုံးပိတ်ရက် နေရပ်ပြန်သွားသူများ ဖြစ်ပြီး ယခုအခါ သူတို့ စီးလာသော မော်တော်ကားသည် မီးရှို့ ဖျက်ဆီး ခံလိုက်ရသည်ကို တွေ့ရှိခဲ့ရပြီး လူများ ပျောက်ဆုံးနေသည်ဟု ဆိုသည်။ မျက်မြင်သက်သေများက မီးလောင်ခံရသည့် နေရာတဝိုက်တွင် ဆေးဝါး နှင့် အစားအသောက်များ၊ အမျိုးသမီး နှင့် ကလေး အဝတ်အထည်များ ပါ တွေ့ခဲ့ရသည်ဟု ဆိုသည်။ SAVE THE CHILDREN မှ ကယားပြည်နယ် အတွင်း ၎င်းတို့၏ လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်ဟု ဆိုသည်။

စစ်တပ် ထိန်းချုပ်ထားသော မြန်မာ အလင်း သတင်းစာတွင် “သံသယ ဖြစ်ဖွယ် ကောင်းသော” မော်တော်ကား များကို တွေ့ရ၍ စစ်ဆေးရန် ရပ်မပေးဘဲ တိုက်ခိုက်လာသည်။ အဆိုပါ ဖြစ်စဉ်တွင် ကားခုနှစ်စီး မီးလောင် ပျက်စီးသွားသည်ဟု ဖေါ်ပြလာသည်။ ဤသည်ကပင် အမြဲလို လိမ်ညာနေသော စစ်ကောင်စီ၏ ဖြစ်စဉ် အပေါ် ဝန်ခံလိုက်ခြင်း ဖြစ်သည်။

ရန်သူပင် ဖြစ်လင့်စကား လူပေါင်းများစွာအား မီးလောင်တိုက်သွင်း သတ်ဖြတ်ခဲ့မှုကို ကျူးလွန်ခဲ့သူများသည် လူစစ်စစ်မှ ဟုတ်ပါလေစ ဟု ကြားရသူအပေါင်း မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ရသည်။ အမျိုးသား ညီညွတ်ရေး အစိုးရမှလည်း ကရင်နီပြည်နယ် အတွင်း က ခရစ်စမတ် လူသတ်ပွဲကြီး အဖြစ် ကင်ပွန်းတပ် ပြောဆိုလာခဲ့ သည်။

ကောင်းကင် ဂြိုလ်တု မှတ်တမ်း ဓါတ်ပုံများအရ သောကြာနေ့ နေ့လည် ၁း ၀၀ ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း ဖေါ်ပြနေသည်။

လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကုလ လက်ထောက် အထွေထွေ အတွင်းရေးမှုးချုပ် မာတင် ဂရစ်ဖစ် ကလည်း အဆိုပါ ဖြစ်စဉ်ကြီး အပေါ် “ထိတ်လန့် တုန်လှုပ်မိကြောင်း” ကြေညာချက် ထုတ်ပြန်လာခဲ့ပြီး ပွင့်လင်း မြင်သာစွာ ဖြင့် စေ့ငုစွာ စစ်ဆေးပေးပါရန် လည်း တောင်းဆိုလိုက်သည်။

ယင်းနှင့် အတူ တခါ က ဂုဏ်ရောင် ထွန်းပြောင်ခဲ့သည့် မြန်မာ့ တပ်မတော်သို့ ဝင်ရောက်လာသူများသည် တိုင်း ပြည်နှင့် လူမျိုး ကို ကာကွယ်ရန်ဟူသော စိတ်မျိုးဖြင့် လာရောက်စုစည်း နေကြသူများ မဟုတ် ဆိုသည်ကလည်း ပြည်သူများ အဖို့ မျက်ဝါးထင်ထင် သိမြင်လာခဲ့ကြရပေသည်။ ထိုသို့ ခံယူချက်ဖြင့် ဝင်ရောက်လာသူများ ဆိုလျှင် လက်ရှိ ဖြစ်ပျက်နေသည်များကို မည်သို့မျှ လက်ခံနိုင်ကြမည်လည်း မဟုတ်ပေ။

၎င်းတို့အား ဦးဆောင်နေသူ မင်းအောင်လှိုင်သည် ရွေးကောက်ပွဲကို ၂၀၂၃ တွင် ပြုလုပ်ပေးမည်ဟု ကြေညာခဲ့ သော်လည်း ၎င်းတို့၏ လုပ်ရပ်များကြောင့် ဟန်ပြသဘောမျိုး ပြုလုပ်ကာ ရာထူးမှ ဆင်းပေးရဲတော့မည် မဟုတ်၍ မဖြစ် ဖြစ်သည့်နည်း ဖြင့် ဆုပ်ကိုင်ထားမည်မှာ သေချာနေပေသည်။ ထိုသို့သော လူမျိုးက ဒီမိုကရေစီ ပြန်လည် ထားရှိပေးမည် ဆိုသည်ကို ရူးသွပ်နေသူ မှ လွဲ၍ မည်သူမျှ အယုံအကြည် ရှိကြမည်လည်း မဟုတ်ပေ။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်သည် အိမ်ဖြူတော်မှနေ၍ ဒီမိုကရေစီ ၁၀၀ ညီလာခံကြီး ကျင်းပနေသော်လည်း မင်းအောင်လှိုင် တပ်များကတော့ ပြည်သူများကို သတ်ဖြတ်နေဆဲပင် ဖြစ်သည်။

ထို့အတွက် မြန်မာ ကဲ့သို့ ဒီမိုကရေစီ စံနှုန်းများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည့် အရေးကို ဖြေရှင်း ရန် ဂျိုး ဘိုင်ဒင်သည် အလုပ်နှင့် သက်သေ မပြနိုင်က Zoom အစည်းအဝေး လုပ်မနေသင့်တော့၊ ဒီမိုကရေစီ ၁၀၀ နှင့် Playstation သာ ပြောင်း၍ ကစားသင့်သည်ဟု လန်ဒန် ထုတ် ဂါဒီယန်း သတင်းစာကြီး တွင် ရေးသား ထားသည်။

မင်းအောင်လှိုင် အဖွဲ့၏ ရာဇဝတ်မှု မကင်းသော လုပ်ရပ်များ အတွက် မည်သူကမျှ ယခုထိ အညှာကို ကိုင်နိုင် သည့် အရေးယူမှုမျိုး ပြုလုပ်နေခြင်းလည်း မတွေ့ရသေးပေ။

မင်းအောင်လှိုင် အဖို့ကား အနောက်အုပ်စုသည် ၎င်းတို့၏ အိမ်တံခါးဝ တွင် ရှိသော ယူကရိန်း၏ အချုပ်အခြာ အာဏာပိုင်စိုးမှု နှင့် ဒီမိုကရေစီ စနစ်ကို အပြည့်အဝ အာမ မခံ နိုင်သေးဘဲ အမောဆိုက်နေချိန် မျိုးတွင် မြန်မာပြည်အဖို့ အနေသာကြီး ဆိုသည်ကို မင်းအောင်လှိုင်က သဘောပေါက်ထားပုံရသည်ဟု ဆောင်းပါးက ဆက်လက် ရေးသားထားသည်။

မြန်မာပြည် အကြပ်အတည်းသည် ကုလသမဂ္ဂ စနစ်ကြီး မည်မျှ အားနည်းနေသည်ကို မီးမောင်းထိုးပြ နေခြင်း လည်း ဖြစ်သည်။ ကုလ ရှိ နိုင်ငံ အသီးသီးမှ သံအမတ်ကြီးများ သူတို့၏ ရုံးခန်း တံခါးများကို ပိတ်၍ ခရစ်စမတ် ညစာ စားပွဲများ ကျင်းပနေချိန်တွင် မြန်မာ စစ်တပ်သည် လေကြောင်းမှ ဗုံးကြဲကာ အပြစ်မဲ့ ပြည်သူများအား စိတ်ကြိုက် သတ်ဖြတ်လျှက် ရှိနေပြီ ဖြစ်သည်။ ဒေသခံ ပြည်သူများသည်လည်း အသက်ဘေးမှ လွတ်ရာလွတ် ကြောင်း တဖက်နိုင်ငံ အတွင်းသို့ အလုံးအရင်း နှင့် ပြေးဝင်လာနေချိန်ဖြစ်သည်။

မင်းအောင်လှိုင် နှင့် အဖွဲ့သည် ထိုသို့ ပြည်သူတရပ်လုံး အပေါ် စစ်ပွဲကြီး ဆင်နွှဲကာ အာဏာ ကို ကုက်ကပ်ရယူ ထားရသည့် အဖြစ်အား တကမ္ဘာလုံး က သိရှိနေသည့် အဖြစ်ကိုလည်း ယခုထိ ရှက်ရကောင်းမှန်း မသိပေ။ သို့သော် သူ၏ လုပ်ရပ်ကြောင့် နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာ တရားရုံး တွင် ရင်ဆိုင်ရမည့် အရေး ကိုတော့ စိုးရိမ်ထိတ်လန့် နေသည်။ သို့သော် ထိန်းထိန်းသိမ်းသိမ်း လုပ်နေပြီး အရေးယူခြင်းမျိုး မလုပ်ရဲပြန်ပေ။ သူ့အား ပုန်ကန်လာမည်ကို စိုး၍ဖြစ်သည်။ ထို့အတွက် ဆိုးချင်တိုင်းဆိုး ရမ်းချင်တိုင်း ရမ်း နေသည်ကို လက်ပိုက်ကြည့် ရင်းက တဖြေးဖြေး နှင့် ခုံရုံးတက်ရတော့မည့် အဆင့် ရောက်လာနေပြီ ဖြစ်သည်။

နိုင်ငံတော် အတိုင်ပင်ခံ လက်ထက် ဒီမိုကရေစီ အညှောင့်သာသာ ဘဝဖြင့် စီမံ အုပ်ချုပ်နေခဲ့ရသည့် အဖြစ်ကို လည်း စာနာရမှန်း မသိ၊ ဝေဖန် ပြောဆိုလာမှုများကြောင့် လူထု ထောက်ခံမှု ကျဆင်း နေသည်ဟု မင်းအောင်လှိုင် အား ယုံကြည်အောင် ပံ့ပိုးပေးလာခဲ့သည်။

ယခုအခါ အလှူငွေများ ဖြင့်သာ ဆင်ပါးစပ် နှမ်းပက် ဘဝဖြင့် အတင်းကာရော ရုန်းကန်နေရသည့် အမျိုးသား ညီညွတ်ရေး အစိုးရကိုလည်း ဝေဖန်နေကြပြန်သည်။ ဖြစ်သင့်သည်က သူတို့ နေရာတွင် မိမိတို့ ဆိုလျှင် ထိုမျှ အထိ အစွမ်းရှိလာအောင် လုပ်နိုင်ပါမည်လားဟု အရင် စစ်ကြောသင့်သည်။ လုပ်နိုင်သည် ဆိုက အကျိုးနှင့် အကြောင်း နှင့် ပြောဆိုသင့်ပေသည်။

လက်ရှိတွင် PDF တပ်များ၏ ထိရောက်စွာ တွန်းလှန်ဆန့်ကျင်နေမှု များကြောင့် စစ်အာဏာသိမ်း အဖွဲ့သည် ပြည်သူတို့၏ တော်လှန်ရေးကို မချေမှုန်း နိုင် ဖြစ်လာရပြီး ငွေကုန်ကြေးကျ များလှသော လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်လာရသည့် အထိ ကျုးလွန်လာခဲ့ရပြီ ဖြစ်သည်။

ထိုင်းနိုင်ငံ အတွင်းသို့ ထွက်ပြေးခိုလှုံလာသူ များ ငါးထောင်ကျော်ခန့် ရောက်ရှိလာပြီ ဖြစ်ပြီး ထိုင်းနယ်စပ် ကျေးရွာများမှ လူများလည်း အတွင်းပိုင်းသို့ ရွှေ့ပြောင်းကုန်ကြပြီ ဖြစ်သည်ဟု ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!