D-Day နောက်ကွယ်ကသူလျှိုမဟုတ်သောသူလျှိုများ (၈၉)

by Hla Soewai - Dec 30 2021

နောက်ဆုံးတွင် အခန်းတံခါးဝ မှ မီး စိမ်းလာခဲ့သည်။ ဗီကာရီလည်း ဘုသီ၏ ခန့်ညားလှသော တံခါးရွက် နှစ်ရွက် ကို တွန်းဖွင့်ကာ ဝင်လာခဲ့လိုက်သည်။ သူဖက်က ပြတ်ပြတ်သားသား မသိရမချင်း ပြန်ထွက်မလာဟု လည်း စိတ်ထဲက ကြုံးဝါးလိုက်ပြန်သည်။

 

စားပွဲနောက် တွင် ထိုင်နေသော ဘုသီက “ကဲ…ဆို အယ်ဖရက်” ဟု ပြောလာသည်။

 

ဗီကာရီက သူရရှိထားသော ဂျာမန်တို့၏ အပြန်အလှန် အသံလွှင့်ချက် များ တွင် ပါရှိလာသည့် အကြောင်းအရာ များ နှင့် သူ၏ ထင်မြင်ချက် များကို တင်ပြလိုက်သည်။ ဘုသီက သူပြောသည်များကို နားထောင်ရင်းက လူကလည်း တလှုပ်လှုပ်နှင့် ဂဏှာမငြိမ် ဖြစ်နေပြန်သည်။

 

“ဘုရား..ဘုရား၊ သတင်းတွေက တနေ့ထက် တနေ့ ဆိုး လာနေပါပေါ့လား”

 

ဆာ ဘက်ဆယ်၏ နောက်ထပ် ပြောင်မြောက်သော ထိုးနှက်ချက် တခု ဟု ဗီကာရီက တွေးလိုက်သည်။

 

“ကျွန်တော်တို့ဖက်ကတော့ လောလောဆယ် အမျိုးသမီး အေးဂျင့် ရဲ့ နောက်ကြောင်း ရာဇဝင်ကို အတော်လေး ပြည့်ပြည့်စုံစုံ သိနိုင်အောင် ကြိုးစားခဲ့တာ တိုးတက်မှုတွေ ရှိလာပါတယ်၊ ကားလ် ဘက်ကာ က ဒီအမျိုးသမီး နာမည်ရင်းက အင်နာ ဗွန် စတိန်နား လို့ ဆိုပါတယ်၊ ၁၉၁၀ ခရစ်စမတ်ည မှာ လန်ဒန်က ဂိုင်းစ် ဆေးရုံကြီး မှ မွေးဖွားခဲ့ပြီး အဖေက ပီတာ ဗွန် စတိန်းနား ဆိုတဲ့ ပရပ်ရှား အနောက်ဖက်ခြမ်းက ချမ်းသာကြွယ်ဝတဲံ့ သူကောင်းမျိုးနွယ်ထဲက ဆင်းသက်လာတဲ့ သံတမန်တဦး၊ အမေကတော့ အင်္ဂလိပ် လူမျိုး ဒက်ဖနီ ဟာရီဆန် ဖြစ်ပါတယ်၊ သူတို့ မိသားစုက ပထမ စစ်ကြီး ဖြစ်တဲ့ အထိ လန်ဒန်မှာ ရှိနေပြီး နောက်ပိုင်းမှ ဂျာမဏီ ကို ပြောင်းသွားကြတယ်၊ စတိန်နား ရဲ့ ရာထူး အရှိန်ကြောင့် ဒက်ဖနီ က အခြား ဗြိတိသျှ နိုင်ငံသားတွေ လို ဂျာမဏီ မှာ စခန်းသွင်း မခံလိုက်ရဘူး၊ ၁၉၁၈ မှာ ပရပ်ရှား အနောက်ပိုင်း မှာ ရှိတဲ့ စတိန်နား တို့ ရဲံ အိမ်တော်မှာပဲ တီဘီ ရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်၊ စစ်ကြီး ပြီးသွားတဲ့ နောက်ပိုင်း စတိန်နား နဲ့ သူ့သမီး က သံအမှုထမ်း အဖြစ် တနေရာပြီး တနေရာ ပြောင်းရွှေ့နေလာကြတယ်၊ ၁၉၂၀ အစောပိုင်းလောက် လန်ဒန်မှာတောင် ခဏ တာဝန် ကျလို့ ပြန်ရောက်လာကြသေးတယ်၊ စတိန်နားက ရောမ နဲ့ ဝါရှင်တန်က ဂျာမန် သံရုံးတွေမှာလည်း လုပ်ခဲ့ ဖူးသေးတယ်”

 

“ဒီအတိုင်း ဆို ကျွန်တော် အမြင်တော့ ဒီလူက စပိုင် ပဲ ဖြစ်မယ်၊ ဆက်ပါဦး အယ်ဖရက်”

 

“၁၉၃၇ မှာ အင်နာ စတိန်နား ပျောက်ခြင်းမလှ ပျောက်သွားတယ်၊ နောက်ပိုင်း ဘာဖြစ်ခဲ့လည်း ဆိုတာတော့ ခန့်မှန်းလို့ပဲ ရတော့မယ်၊ ဒီအမျိုးသမီးကို အပ်ဗဲယား သင်တန်းကျောင်း တက်ခိုင်းပြီး နယ်သာလန်ကို လွှတ်ပြီး ကရစ်စတီနာ ကွန်း ဆိုတဲ့ အမည် နဲ့ နေခိုင်းခဲ့တာ ဖြစ်မယ်၊ ပြီးမှ အင်္ဂလန် ကို အဲ့ဒီအမည် နဲ့ ပဲ ဝင်လာတယ်၊ ဂျာမန် တွေ ရဲ့ မှတ်တမ်း မှာ အင်နာ စတိန်နားက ၁၉၃၈ မတ်လ ထဲ မှာ ဘာလင် မြို့ပြင်က ယာဉ်မတော်တဆ မှု မှာ သေဆုံးသွားတယ်လို့ ဖေါ်ပြထားတယ်၊ ဒါကလည်း ဗိုဂဲလ် ဆိုတဲ့လူ လုပ်ကြံ လီဆယ် ထားတယ်ဆိုတာ အသိသာကြီးပဲ”

 

ဘုသီက ထိုင်နေရာမှ ထကာ ရုံးခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း စဉ်းစားနေသည်။

 

“ခင်ဗျား ပြောတာ အတော်လေး စိတ်ဝင်စားဖို့တော့ ကောင်းသားဗျ၊ ဒါပေမယ့် ချို့ယွင်းချက်ကြီး တခု ရှိနေတယ်၊ အဲ့တာ ဘာလဲ ဆို‌တော့ ခင်ဗျားရလာတဲ့ သတင်းတွေ အားလုံးက ကားလ် ဘက်ကာဆီက ရလာတာချည်း ဖြစ်‌နေလို့ပဲ၊ ဘက်ကာ က ထောင်ထဲမှာ အခွင့် အရေး တွေ ရအောင် ပြောချင်တာ ပြောမှာပဲ”

 

“ဒါနဲ့ ပတ်သက်ပြီး ဘက်ကာ က ကျွန်တော်တို့ကို ဘာမှ လိမ်စရာ အကြောင်းမရှိပါဘူး ဆာ ဘက်ဆဲလ်၊ သူပြောတာတွေကလည်း ကျွန်တော်တို့ဖက်က အသေအချာ သိထားတဲ့ အချက် အချို့နဲ့ သွားကိုက်ညီနေတယ်”

 

“ကျွန်တော် ပြောနေတာက ဒီလူ ပါးစပ်က ထွက်လာတဲ့ စကား မှန်သမျှ မှန်လား မမှန်လား ဆိုတာ ယုံရဖို့ ခက်နေတယ် လို့ ဆိုလိုတာပါ”

 

“ဒါဆိုရင်လည်း ပြီးခဲ့တဲ့ အောက်တိုဘာလ တုန်းက ခင်ဗျား ဘာလို့ သူနဲ့ အချိန် အကြာကြီး တွေ့ခဲ့ရတာတုန်း”

 

ဆာ ဘက်ဆဲလ်က ပြတင်းပေါက်နားတွင် ရပ်နေဆဲ ဖြစ်ပြီး ရင်ပြင်မှ မီးတိုင်များ တဖြေးဖြေး မှိန်ဖျော့ပျောက် ကွယ်သွားနေသည်ကို ငုံ့ကြည့်နေသည်။ သူမျက်နှာ ပျက်သွားသည်ကို ပြန်၍ ထိန်းလိုက်နိုင်ပြီဟု ယူဆပြီးမှ ဗီကာရီ ဖက် တဖြေးဖြေးချင်း ပြန်လှည့်လာသည်။

 

“ကျွန်တော် ဘာလို့ ဘက်ကာ နဲ့ သွားတွေ့တယ် ဆိုတာ ခင်ဗျား သိဖို့ မလိုဘူး”

 

“အလို ဘက်ကာ က ကျွန်တော့် အေးဂျင့်လေ” ဟု ပြောရင်း သူ့အသံတွင် ဒေါသသံများ ပါလာသည်ကို သတိ ထားမိလိုက်သည်။ “ဒီလူကို ကျွန်တော်ကိုယ်တိုင် ဖမ်းခဲ့ရုံတင်မကဘူး သူ့လူ ကိုယ်ဖက်သား ဖြစ်လာအောင် ကျွန်တော်ပဲ စီမံခဲ့တာ၊ ခင်ဗျား သူ့ဆီက သိလာတဲ့ သတင်း တွေက အခု ကျွန်တော်တို့ စုံစမ်းနေတဲ့ ကိစ္စ အတွက် အကျိုးရှိကောင်း ရှိနိုင်တယ် ဆိုတာ သိသိကြီးနဲ့ ကျွန်တော်ကို မပြောဘဲ ထိန်ချန်ထားခဲ့တာ ဘာသဘောလဲ”

 

ဘုသီ က ယခုထိ တည်တည်ငြိမ်ငြိမ် နှင့် ရှိနေဆဲ ဖြစ်သည်။ “ဘက်ကာ က ခင်ဗျားကို ‌ပြောခဲ့တဲ့ အတိုင်းပဲ ကျွန်တော်ကို ‌ပြောလာတယ်၊ အထူး ထောက်လှန်းရေး ‌အေးဂျင့်တွေ၊ ဘာဗေးရီးယားက လျှို့ဝှက်စခန်း၊ အထူး သင်္ကေတ တွေ၊ အချိန်းအချက် လုပ်ပုံလုပ်နည်း တွေ အားလုံးပဲ၊ နောက်ပြီး ပွင့်ပွင့်လင်းလင်း ပြောရစတမ်းဆို အဲ့ဒီအချိန်က သူပြောတာတွေ ကျွန်တော် မယုံခဲ့ဖူး၊ ကျွန်တော်တို့မှာ သူပြောတာ မှန်မမှန် စစ်ဆေးနိုင်တာမျိုး တခုမှ မရှိခဲ့သေးဘူး၊ အခု ရှိလာပြီ”

 

သူပြောသည်က အပေါ်ယံ အားဖြင့် ဆိုက လုံးဝ အဓိပ္ပါယ် ရှိနေသည်။

 

“ဒါဆိုလည်း ကျွန်တော်ကို ဘာကြောင့် မပြောနိုင်ရတာလဲ”

 

“အဲ့တာက ကြာလှပြီ”

 

“ဘရွန်း ဆိုတာကကော ဘယ်သူလဲ”

 

“ဝမ်းနည်းပါတယ်၊ အယ်ဖရက်”

 

“ဘရွန်း ဘယ်သူလဲဆိုတာကို ကျွန်တော် သိချင်တယ်”

 

“ကျွန်တော် ခင်ဗျားကို အတတ်နိုင်ဆုံး ယဉ်ယဉ်ကျေးကျေး စကားလုံးတွေ သုံးပြီး ပြောပြီးပြီ၊ ဘရွန်း ဘယ်သူ လဲဆိုတာ ခင်ဗျား သိခွင့်မရှိဘူး” ဟု ပြောပြီး ခေါင်းကို ရမ်းပြလိုက်ပြန်သည်။ “ဒီမှာ..ဒီနေရာက တယောက်နဲ့ တယောက် အသိပညာ တွေ ထိုင် ပြီး ဖလှယ်ကြတဲ့ ကောလိပ်ကျောင်းက ကလပ် တခု မဟုတ်ဘူး၊ ဒီနေရာ တန်ပြန်ထောက်လှန်းရေး ဌာန၊ ဒီတော့ ‘သိဖို့ လိုမှ အသိပေးမယ်” ဆိုတဲ့ အရမ်း ရိုးရှင်းတဲ့ မူ နဲ့ လှုပ်ရှားနေတာ၊ ခင်ဗျား အနေနဲ့ ဘရွန်း ဘယ်သူဘယ်ဝါ ဆိုတာ သိဖို့ မလိုဖူး၊ ဘာကြောင့်လဲဆိုတော့ ဘရွန်း နဲ့ ခင်ဗျား တာဝန်ယူ ထားတဲ့ ကိစ္စ ဘယ်လိုမှ မပတ်သက်လို့ဘဲ၊ ဒီတော့ ခင်ဗျား သိစရာ မလိုဘူး”

 

“ဒါဆို သိဖို့လိုမှ အသိပေးမယ် ဆိုတဲ့ မူက အခြား အရာရှိတွေကို လှည့်စားဖို့ လုပ်ထားတဲ့ မူလား”

 

“လှည်စားတယ် ဆိုတဲ့ စကားကို မသုံးစေချင်ဘူး” ဟု ဘုသီက သူ့အား ဆဲလိုက်သလို ခံစားရသည့် မျက်နှာပေး မျိုး နှင့် ပြောလိုက်သည်။”အခု ဟာက ရှင်းရှင်းလေး၊ လုံခြုံရေးအရ အရာရှိတယောက် အဖို့ သူ့ကို ပေးထားတဲ့ တာဝန် ကို ထမ်းဆောင်ဖို့ လိုအပ်တဲ့ သတင်းအချက် အလက်တွေပဲ သိဖို့ လိုတယ်”

 

“လှည့်ဖျားတယ် မသုံးစေချင်ရင် လိမ်တယ် လို့ ပြောမယ်ဗျာ၊ ဒါကိုကော သုံးလို့ ရလား”

 

သူတို့ ဆွေးနွေးနေမှု သည် ဘုသီ အား ထိခိုက် နာကျင်စရာ ဖြစ်လာနေသည်။

 

“တခါတရံမှာ အခြား တယောက်က လုပ်နေတဲ့ စစ်ဆင်ရေးမျိုးကို မပေါက်ကြားအောင် ကာကွယ်ဖို့ အခြား အရာရှိတယောက်ကို သတင်းအမှန် တွေကို လျော့ပေါ့ ပြောဖို့ လိုအပ်ကောင်း လိုအပ်နေတယ်လို့ ကျွန်တော် ယူဆတယ်၊ အခု ကျွန်တော် ပြောနေတာက ခင်ဗျား အထူး အဆန်းတွေ လည်း မဟုတ်ဘူး”

 

“မဟုတ်ပါဘူး ဆာ ဘက်ဆဲလ်” ဟု ဗီကာရီက ပြန်ဖြေလိုက်ရင်း ရှေ့ဆက် ပြောရမည့် စကားကို ပြောသင့် မပြောသင့် ချိန်ဆနေမိသည်။ “ကဲဗျာ..နောက်တခု မေးစရာ ရှိနေတာက ခင်ဗျား ဗိုဂဲလ် ဖိုင်ကို ဖတ်ပြီးရက်သားနဲ့ မဖတ်ရသေးဘူးလို့ ဘာလို့ လိမ်ပြောရလဲ ဆိုတာပဲ”