D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၉၉)

by Hla Soewai - Jan 16 2022

ဒရေးကော့ ပလေ့စ် ရှိ သူ့အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက်လာခဲ့သည်၊ တံခါးကို တွန်းဖွင့်ပြီး အိမ်ထဲသို့ ဝင်လိုက်သည့်အခါ သူ၏ မှောင်မဲနေသော ဧည့်ခန်းထဲတွင် မ ဖွင့်ရသေးသော စာအိတ်များကို တထပ်ကြီး တွေ့လိုက်ရသည်။


အဲလစ် ဆင်ပဆန်ကို ညစာစား ဖိတ်ဖို့ စိတ်ကူးလိုက်သေးသော်လည်း ပီယဝါစာ စကားများဖြင့် ဧည့်ခံစကား ပြောရ‌ဦးမည်ကို တွေး၍ မဖိတ်တော့ဟု ဆုံးဖြတ်လိုက်သည်။


 

ရေချိုးကြွေဇလုံထဲသို့ ရေပူများ ဖြည့်ထည့်ပြီး ဝင်စိမ်နေရင်း ရေဒီယို မှ လာနေသော ဆွတ်ပျံ့ကြည်နူးဖွယ် ဂီတသံကို နားစွင့်နေမိပြန်သည်။ အသင့်ယူလာသော ဝီစကီ ဖန့်ခွက်ကို မော့သောက်လိုက်ပြီး သတင်းစာများကို လှန်လှောဖတ်ရှု့‌လိုက်သည်၊ လျို့ဝှက်ထောက်လှန်းရေး လောကထဲ ရောက်လာချိန်ကစပြီး သတင်းစာထဲတွင် ရေးနေသည်များကို တလုံးတပါဒမျှပင် ယုံကြည်ချင်စိတ် မရှိတော့ပေ။

 


ထိုအချိန်တွင် တယ်လီဖုန်း မြည်သံ ထွက်ပေါ်လာသည်။ ရုံးမှာပဲဖြစ်မည်၊ အခြားမည်သူတဦးတယောက်မျှ သူ့ကို အရေးအရာ လုပ်ပြီး ဆက်ဖို့ မရှိပေ။ ရေချိုး ကြွေဇလုံကြီးထဲမှ အားယူ ထလိုက်ပြီး ကိုယ်ကို အဝတ်နှင့် ပတ်ကာ စာကြည့်ခန်းထဲရှိ ဖုန်းရှိရာသို့ ထွက်လာခဲ့သည်။


စကားပြောခွက်ကို ကောက်မလိုက်ပြီး "ပြော..ဟာရီ"


ဟာရီကလည်း သူလို့ပင် အချီးနိဒန်း ပျိုးမနေပဲ
"ကားလ် ဘက်ကာ နဲ့ အာစရိ တို့ ပြောခဲ့တဲ့ စကား
တွေ ကို ဖတ်ပြီး ကျွန်တော် အိုင်ဒီယာ တခု ရလာတယ်"


ဗီကာရီ ကိုယ်ပေါ်မှ ရေစက်များက စားပွဲပေါ်က စာရွက်များ ပေါ်သို့ တစက်စက် နှင့် ကျနေသည်။ သန့်ရှင်းရေး လုပ်သည့် အမျိုးသမီးအား စာကြည့်ခန်းထဲ ဝင်ခွင့်မရှိဟု ပြောထား၍လည်း တအိမ်လုံး သန့်ရှင်း ပြောင်လက်‌နေ‌ေပသည့် သူ့ အခန်းထဲတွင်တော့ စာရွက်စာတမ်းများ တောင်လို ပုံနေသည်။



"အန်နာ စတိန်နာက ၁၉၂၀ ကျော် ကာလတွေတုံးက
သူ့အဖေ တာဝန်ကျတဲ့ လန်ဒန်မှာ နှစ်နှစ်လောက် နေသွားခဲ့တယ် ဆိုတော့ သူတို့အိမ်မှာ အစေခံ‌တို့၊ ထမင်းချက်တို့ စားဖိုမှုး တို့ ရှိမှာ ကြိမ်းသေတယ်"



"ဟုတ်ပါပြီ၊ ရှိတော့ ဘာဖြစ်လဲ"


"ကျွန်တော်လည်း သုံးရက်လောက် အချိန်ယူပြီး အဲ့ဒီအိမ် မှာ ဘယ်သူတွေ လုပ်သွားလဲ သိရအောင် အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေကို လျှောက်စုံစမ်းကြည့်လိုက်တယ်"


"အိုင်ဒီယာ ကောင်းသားပဲ"


"စုံစမ်းစရာဆိုလို့ နဲနဲပဲ ကျန်တော့တယ်၊ အတော်များများက သေကုန်ပြီ၊ အဲ့ဒီအထဲမှာ ကျန်နေတဲ့ အလားအလာ အကောင်းဆုံး ကတော့ ရို့စ် မော်လီ ဆိုတဲ့ အမျိုးသမီးကြီးပဲ၊ သူက ငယ်ငယ်က စတိန်နား အိမ်မှာ ထမင်းချက် ဝင်လုပ်ခဲ့ဖူးတယ်၊ အခု ရေတပ်က တပ်မှုးကြီး ဟစ်ဂင် ရဲ့ အိမ်မှာ လုပ်နေတယ်"



"တော်တယ် ဟာရီ၊ မနက်ရောက်တာနဲ့ သွားတွေ့လို့ရအောင် အချိန်းအချက် လုပ်ထားလိုက်"



"ကျွန်တော် အဲ့လိုလုပ်ဖို့ အစီအစဉ် ရှိပြီးသားပါ၊ ဒါပေမယ့် တယောက်ယောက်က အဲ့ အမျိုးသမီး မျက်လုံးတဲ့တဲ့ ကို သေနတ်နဲ့ ပစ်ပြီး သတ်ထားတဲ့ အလောင်းကို ဟိုက်ပတ် ပန်းခြံထဲမှာ တွေ့ထားပါတယ်"


"ကျုပ်ကို အဝတ်အစား လဲဖို့ ငါးမိနစ် အချိန်ပေး"


"အာစရိ အိမ်အပြင်မှာ ကား အဆင်သင့် စောင့်နေပါတယ်"


ငါးမိနစ် ခန့် အကြာတွင် ဗီကာရီလည်း အိမ်အပြင်သို့
ရောက်လာပြီး တံခါးကို သော့ပြန်ခတ်လိုက်သည်။ ဟယ်လင် နဲ့ နေ့လည်စာ စားဖို့ ချိန်းထားသည်ကို သူ့ခေါင်းထဲတွင် လုံးလုံးလျားလျား မရှိတော့သည့် အဖြစ်ကိုလည်း သတိထားလိုက်မိသည်။


****************


သူ့ကို လာခေါ်သည့် ယာဉ်မောင်းသည် ဝရင်း ဆိုသည့် ခပ်ချောချော အမျိုးသမီးငယ် တဦး ဖြစ်သည်။ သိပ်မဝေးလှသော ခရီး အတွင်း သူမထံမှ စကားသံ ထွက်မလာခဲ့ပေ၊ ဗီကာရီ အား အခင်းဖြစ်သည့် နေရာနှင့် အနီးဆုံး ကိုက် နှစ်ရာ အကွာအဝေး လောက် ရောက်သည် အထိ မောင်း ခေါ်လာပေးခဲ့သည်။ ထိုနေရာမှ ခပ်ပြေပြေ ရှိမည် ထင်ရသော ကုန်းမြင့်ကလေးသို့  လှမ်းတက်သွားယုံနှင့် ရောက်သွားနိုင်သည်။



မိုးက နောက်တကြိမ် ရွာစပြုလာပြန်၍ ယာဉ်မောင်း
အမျိုးသမီးထံမှ ထီးကို ငှားကာ ထွက်လာခဲ့သည်။ သူ့ရှေ့ခပ်လှန်းလှန်းတွင် အဖြူရောင် မီးအလင်တန်းများက ဟိုမှသည် ယိမ်းထိုးနေသည်၊ ထိုအထဲမှ မီးအလင်းတန်း တခုက သူ့ထံ တဲ့တဲ့ကြီး တိုးဝင်လာ၍ မျက်လုံးကို လက်နှင့် ကမန်းကတန်း ကာလိုက်ရသည်။


အခင်းဖြစ်သည့် နေရာ နှင့် နီးသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် ရောက်အောင် အတော် လျှောက်လိုက်ရသည်။ ခပ်ပြေပြေ ရှိသည်ဟု ထင်ရသော ကုန်းမြင့်ကလေးသည် တကယ်တမ်းတွင် တောင်ကုန်း အသေးစားလေးကဲ့သို့ ဖြစ်နေသည်။ လမ်းတလျောက် မြက်ပင်များက ရှည်လျားစွာ ထွက်နေပြီး မိုးရေကြောင့် စိုစွတ်နေပြန်သည်။ သူ၏ ဘောင်းဘီလည်း ချောင်းတခု ကို
ဖြတ်ကူးလာသည့်အလား ဒူးဆစ် အောက်ပိုင်း တခုလုံး စိုရွှဲကုန်သည်။


သူအနားရောက်သည့် အချိန်တွင် ထိုးထားသော ဓါတ်မီး အလင်းရောင်အား အောက်သို့ စိုက်ပေးလိုက်ပြီး စုံထောက် မင်းကြီးဟု ယူဆရသူတဦးက သူ့အား လာတွဲ ၍ ခေါ်လာသည်။



အလောင်းအား မိုးကာဖျင်စဖြင့် ကမန်းကတန်း အုပ်ထားဟန် ရှိသည်။ မိုးကာဖျင်၏ အလယ်ပိုင်းသည် မိုးရေများ ဖြင့် ချိုင့်ဝင်နေပြီး ရေတံခွန်များအလားဘေးဖက်သို့ စီးကျနေသည်။



ဟာရီသည် အလောင်း၏ ဦးခေါင်းရှိရာ အနီးတွင်
ဒူးထောက် ထိုင်နေသည်၊ သူ့ပုံက အေးအေးလူလူ နှင့်
အလောင်းအား စိမ်ပြေနပြေ ကြည့်နေသည်။


ဗီကာရီ က အခင်းဖြစ်သည့် အနေအထားကို လေ့လာကြည့်လိုက်သည်။ သေသူသည် နောက်ပြန် လဲကျသွားဟန် ရှိပြီး လက်ကားယား ခြေကားယား နှင့် ပက်လက် အနေအထား လဲကျနေသည်။ ဦးခေါင်းတဝိုက်ရှိ မြေကြီးပေါ်တွင် သွေးကွက်များကြောင့် မဲညစ်နေသည်။ လက်တဖက်က ဈေးဝယ်လာသည့် ပစ္စည်းများ ထဲ့လာဟန် ရှိသော အဝတ်အိတ်ကို ဆုပ်ကိုင်ထားပြီး အိတ်ထဲတွင် ဟင်းသီးဟင်းရွက်များ နှင့် အသားဆိုင်မှ စက္ကူဖြင့် အသေအချာ ထုတ်ပိုးပေးလိုက်သည့် အသားတုံး တတုံးလည်း တွေ့ရသည်။


စက္ကူမှ သွေးများ ယိုစိမ့်နေသည်၊ လက်ကိုင်အိတ်ထဲမှ ဖြစ်ဟန် ရှိသော ပစ္စည်းများက ခြေထောက်နားတွင် ပျံ့ကြဲနေသော်လည်း ပိုက်ဆံ ကိုတော့ မတွေ့ရ။



ဗီကာရီ ရပ်နေသည်ကို သတိထားမိသွား၍ ဟာရီသည် အနားသို့ လျှောက်လာသည်၊ သူတို့ နှစ်ဦး ဘေးချင်းယှဉ် ရပ်နေကြသော်လည်း အတန်ကြာသည့်အထိ စကားမပြောဖြစ်ကြ။ သူတို့ပုံက အုတ်ဂူဘေး ရပ်ကာ စိုက်ကြည့်နေကြသလိုမျိုး ဖြစ်နေသည်။ ဗီကာရီက သူအင်္ကျီ အိပ်ထဲရှိ လခြမ်းပုံ စာကြည့်မျက်မှန်‌လေးကို အသာအယာ လက်နှင့် စမ်းနေပြန်သည်။



"တိုက်ဆိုင်တာမျိုးလည်း ဖြစ်နိုင်ပေမယ့် ကျွန်တော်ကတော့ အဲ့တာကို အယုံအကြည် မရှိဘူး၊ အထူးသဖြင့် အမျိုးသမီးတယောက်ရဲ့ မျက်လုံးကိုတဲ့တဲ့ချိန်ပြီး ပစ်သတ်သွားခဲ့တာမျိုးကို၊ ဘုရားကို စူးရပါစေရဲ့ ကျွန်တော့် လုပ်သက်တလျောက် ဒီလိုမျိုး လုပ်သွားတာ တခါမှ မ‌တွေ့ဖူးသေးဘူး၊ လမ်းပေါ်က လူဆိုးသူခိုး‌ ဆိုတဲ့ကောင်‌တွေက မျက်နှာကို ပစ်တာမျိုး မရှိဘူး၊ ဒါမျိုးက လက်မရွံ့ကြေးစားတွေသာ လုပ်လေ့ရှိတာမျိုးပဲ"


"အလောင်းကို ဘယ်သူ စတွေ့တာလဲ"


"ဖြတ်သွားဖြတ်လာ တ‌ယောက်ပဲ၊ သူကို လည်း စစ်မေးပြီးပြီ၊ သူပြောသမျှ က သံသယ ဖြစ်စရာမျိုး မတွေ့ရဘူး"


"သေနေတာ ဘယ်လောက်ကြာသွားပြီလဲ"


"နာရီ ပိုင်းလောက်ပဲ ရှိဦးမယ် ဆိုတော့ ညနေပိုင်း ဒါမှမဟုတ် ညဦးပိုင်းလောက်ကပဲ ဖြစ်မယ်"


"ဘယ်သူကမှ သေနတ်သံ မကြားခဲ့ဖူး ဆိုပါတော့"



"ဟုတ်တယ်"


"သေနတ်ကို ဆိုင်လင်စာ တပ်ထားတာမျိုး ဖြစ်ကောင်း ဖြစ်နိူင်တယ်"


"ဖြစ်နိုင်ပါတယ်"


စုံထောက်မင်းကြီး ဆိုသူ အနားရောက်လာသည်။


"ဪ..စပင်ဆာ သောမတ်စ် အမှုကို ဖေါ်ခဲ့တဲ့ ဟာရီ ဒေါ်လ်တန် ပါလား" ဟု ပြောရင်း ဗီကာရီဖက် တချက် လှည့်ကြည့်လိုက်ပြန်သည်။ ထို့နောက် ဟာရီဖက် ပြန်လှည့်လိုက်ပြီး "မောင်ရင်က အခု တနေရာမှာ ဝင်လုပ်နေတယ်ဆို"


ဟာရီက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "ဟဲလို..မင်းကြီး" ဟု နှုတ်ဆက်လိုက်သည်။



ဗီကာရီက "ကျွန်တော် ဒီအမှုကို နိုင်ငံ လုံခြုံရေး နဲ့
ဆိုင်တယ်လို့ သတ်မှတ်လိုက်ပြီ၊ မနက်ကျရင် အဲ့ဒီ လို သတ်မှတ်လိုက်တာနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ခင်ဗျား စားပွဲပေါ် အရောက်ပို့ပေးလိုက်မယ်၊ ဟာရီကိုလည်း ဒီအမှု အတွက် အတူ ညှိနှိုင်း ဆောင်ရွက်ခိုင်းမယ်၊ ဒီတော့ အမှုနဲ့ ပတ်သက်လာတာ မှန်သမျှ သူ့ကို အသိပေးပါ၊ နောက်တခုက ဟာရီက ခင်ဗျား နာမည်နဲ့ သတင်းထုတ်ပြန်နိုင်ဖို့ စာကြမ်းရေးပေးလိမ့်မယ်၊ အဲ့ဒီအထဲမှာ အမှုကို လုယက်ဖို့ ကြိုးစားရင်း ခြေလွန်လက်လွန် ဖြစ်သွားတာလို့ ပါလိမ့်မယ်၊ ဒဏ်ရာကို တိတိကျကျ ဖေါ်ပြထားပေမယ့် အခင်းဖြစ်တဲ့ ‌အသေးစိတ် ကို ပြောမှာ မဟုတ်ဘူး၊ ရဲအဖွဲ့က လူသတ်မှု ဖြစ်ပွားချိန် မှာ ပန်းခြံထဲမှာ ရှိနေတယ်လို့ ယူဆရတဲ့ ဘယ်နိုင်ငံသားလို့ မသိရသေးတဲ့
ဒုက္ခသည် နှစ်ယောက်ကို ရှာနေတယ်လို့ ‌သတင်းထုတ်ပြန်ချက်ထဲမှာ ထည့်ထားမယ်၊ ခင်ဗျား လူတွေကိုလည်း နှုတ်လုံမှု ရှိပါစေ၊ ကျေးဇူးပဲ မင်းကြီး၊ ဟာရီ မနက်ကျ ရောက်တာနဲ့ ကျုပ် ရုံးခန်းကိုသာ တန်းလာခဲ့တော့"