သက်မဲ့များ အလား

by Hla Soewai - Jan 17 2022

နယ်သာလန် နိုင်ငံ ဟိတ်ဂ် မြို့ရှိ နိုင်ငံတကာ တရားရုံးတွင် မြန်မာ အား ရိုဟင်ဂျာများ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှုအား ပြန်လည် ကြားနာရန် ဖေဖေါ်ဝါရီ ၂၂ ရက်နေ့ကို ချိန်းဆိုလိုက်ပြီ ဖြစ်သည်ဟု ဂမ်ဘီယာ ရှေ့နေချုပ်မှ ပြောဆိုလာသည့် အခါတွင်တော့ လွန်ခဲ့သည့် နှစ်နှစ်ခန့်က တရားရုံးသို့ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ပြီး ထုချေခဲ့သည့် နိုင်ငံတော် အတိုင်ပင်ခံ ကို ပြည်သူတရပ်လုံး က မျက်စိထဲ ပြန်လည် မြင်ယောင်လာကြမည်ကား အမှန်ပင် ဖြစ်သည်။

သူမကို အားပေးရန် မိမိအပါအဝင် ကမ္ဘာတဝှမ်း မှ တကူးတက လာရောက် အားပေးခဲ့ကြသည့် လူများနှင့် ပြည့်နှက်နေခဲ့သော တရားရုံးချုပ် ရှေ့ရှိ ကာနေဂျီပလန်း လမ်းပေါ်တွင်တော့ တိတ်ဆိတ် ခြောက်ကပ်လျက် ရှိနေကြမည် က ကျိမ်းသေပေသည်။ တရားရုံးတဖက်ရှိ ကော်ဖီဆိုင်လေးကလည်း ယခုအခါ အရင်ကလို အဘယ်ကြောင့် လူများ ရောက်မလာရသနည်းဟု လည်း တွေးတောနေကြပေလိမ့်မည်။ ထိုစဉ်က ဒီဇင်ဘာ၏ အအေးဒဏ်ကို အန်တုရင်း တရားရုံးရှေ့ လမ်းပေါ်တွင် ဆိုင်းဘုတ်ကိုင်ရင်း၊ ကြွေးကြော်သံများ အော်ဟစ်ရင်း လမ်းလျှောက်ရင်း စည်းကမ်းသေဝတ်စွာ အန်တုရင်ဆိုင်ကြရင်း အဆိုပါ ကော်ဖီဆိုင်လေးသို့လည်း အအေးဒဏ်မှ ခဏ သက်သာလို သက်သာငြား သွားရောက် ထိုင်ခဲ့ကြရသည်ပင်၊ တခါတခါ ထိုင်စရာ နေရာပင် မရှိလောက်အောင် အမြဲလို ပြည့်ကျပ်နေတတ်သည်။

နိုင်ငံတော် အတိုင်ပင်ခံသည် သူမအား မလိုမုန်းထား ရှိသူများက အဆင်ခြင်မဲ့စွာ ကျုးလွန်ခဲ့သည့် ပြစ်မှုများ ဖြစ်သော်လည်း နိုင်ငံ အဖို့ သမိုင်း အစဉ်ဆက် နာမည်ဆိုးကြီး တွင်ကျန်ရစ်ခဲ့မည့် အဖြစ်ကို နိုင်ငံခေါင်းဆောင်တဦး အနေဖြင့် မည်သို့မျှ လက်ပိုက်ကြည့်နေ၍ မဖြစ်ဟု ဆိုကာ အတတ်နိုင်ဆုံး ခုခံ ချေပရန် ရောက်ရှိလာခဲ့ခြင်းလည်း ဖြစ်ပေသည်။ ထိုအမှုကြီး ၏ အရေးပါပုံ ကို ကောင်းစွာ သိနားလည်ထားပြီး ဖြစ်သော ပြည်သူများကလည်း ရင်တမမဖြင့် ထွက်ပေါ်လာမည့် ရလဒ်ကို စောင့်မျှော်ခဲ့ကြသော်လည်း စစ်တပ်၏ ရက်စက်စွာ ပြုကျင့်မှုများက ထင်ရှားလာနေ၍ နိုင်ငံတော် အတိုင်ပင်ခံ၏ အမှုအား ရုပ်သိမ်းပေးရန် ချေပ ပြောဆိုခဲ့မှုသည် အရေးနိမ့်သွားခဲ့ရပေသည်။

သို့သော် စစ်ခေါင်းဆောင်များ၏ ကိုယ်စားလှယ်များ ရောက်ရှိလာမည့် ရည်ရွယ်ချက်မှာ ကမ္ဘာ အဆင်မြင့်ဆုံး တရားရုံးချုပ်မှ တရားဝင် အစိုးရ ကိုယ်စားလှယ် အဖြစ် ဆင့်ခေါ်ခြင်း ဖြစ်သည် ဆိုကာ နိုင်ငံရေး အမြတ်ထုတ်ရန် ရောက်ရှိလာကြမည် သာ ဖြစ်သည်။ ငါးစာသာ မြင်၍ ငါးမျှားချိတ်ကို မူ မြင်နိုင်စွမ်း မရှိသူများ ဖြစ်သည်။ 

လူထု၏ စိတ်ခံစားမှုကို အလေး မမူပဲ မိမိတို့ ကိုယ်ကျိုးကိုသာ ရှေ့တန်းတင်ပြီး တိုင်းပြည် အာဏာကို သိမ်းယူခဲ့ကြသူများ အဖို့ ယခုအခါ ရလာသည့် အကျိုး နှင့် မကာမိအောင် ဝဋ်ကြီးစွာ ဖြင့် နေ့စဉ် နှင့်အမျှ စိတ်၏ ဆင်းရဲခြင်း၊ ကိုယ်၏ ဆင်းရဲခြင်း များကို ခံစားကာ အသက်ဆက်နေကြရပြီ ဖြစ်သည်။ အမှန်ကို မမြင်နိုင်မှု နှင့် စိတ်ကြီး ဝင်ခဲ့မှုများ ကြောင့် လက်အောက်ငယ်သားများလည်း အတုံးအရုံး သေဆုံးကုန်ကြရသည်။ ၎င်းတို့ နှင့် ပူးပေါင်းခဲ့ကြသူများလည်း ရှေ့လျောက် ဒုက္ခရောက်ကြရပေဦးမည်။

အမေရိကန်မှ လည်း ကွန်ဂရက်က ခွင့်ပြုထားသော NDAA ကို အသုံးချကာ မည်သို့ မည်ပုံ လှုပ်ရှားလာမည်ကို ရင်တမမဖြင့် စောင့်ကြည့်နေကြရပြီ ဖြစ်သည်။

တိုင်းပြည်သည်လည်း ဆီရီးယား၊ အာဖဂန်နစ္စတန် တို့ နှင့် တတန်းစားထဲ ထားကာ ပြောဆိုခံနေရပြီ ဖြစ်သည်။ ဆယ်နှစ်အတွင်း ရခဲ့သည့် အကျိုးဖြစ်ထွန်းခဲ့မှုမှန်သမျှ ဆယ်လ အတွင်း ဖျက်ဆီးခံလိုက်ရကြောင်း မြန်မာ စီးပွားရေး ပညာရှင် တဦး၏ အပြောကို ကိုးကား၍ နယူးယောက်တိုင်းမ် သတင်းစာတွင် ဖေါ်ပြထားသည်၊

လျပ်စစ်ဓါတ်အားခများ အလုံအလောက်မရ၊ ဝင်ငွေခွန်များ လည်းမရ၊ နိုင်ငံတကာမှ ဖွံ့ဖြိုးရေး အကူအညီများလည်း တပြားတချပ်မှ မရသဖြင့် လုပ်ငန်းများကို လည်ပတ်နိုင်သည် ဆိုသည့် အဆင့်လောက်ဖြင့်သာ တင်းတိမ်ရောင့်ရဲနေကြရသည့် Zombie (အသက်မဲ့နေသလို လေးကန်ထိုင်းမှိုင်းစွာ တရွေ့ရွေ့) လှုပ်ရှားနေကြရပြီဟု ၎င်းက မှတ်ချက်ချခဲ့သည်။

ဟွန်ဆန်အား ပြည်တွင်းသို့ ဖိတ်ခေါ်၍ လူရာဝင်အောင် ကြိုးစားခဲ့မှုသည်လည်း ပို၍ ပြင်းထန်စွာ ဆန့်ကျင် ကန့်ကွက်မှုများ နှင့် သာ ရင်ဆိုင်လာခဲ့ရသည်။ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး တီဒရို လော့ဆင်က နိုင်ငံတော် အတိုင်ပင်ခံ အား ထောင်ဒက်ချမှတ်ခဲ့မှုသည် စစ်အာဏာသိမ်း အဖွဲ့မှ တရားစီရင်ရေး စနစ်ကို အသုံးချပြီး ၎င်းတို့အား ဆန့်ကျင်သူများကို ချေမှုန်းနေခြင်းသာ ဖြစ်ပြီး တိုင်းပြည်တွင် ဒီမိုကရေစီ ပြန်လည် ထွန်းကားရေး နှင့် အနာဂတ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် မြန်မာတို့၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မဖြစ်မနေ ပါဝင်ရမည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလိုက်သည်။

ကုလ စုံစမ်း စစ်ဆေးရေး အရာရှိများအားလုံး က လူမျိုးတုံး သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ကျုးလွန်ခဲ့ကြသည့် သက်သေ အထောက်အထားများကို တဖြေးဖြေး နှင့် အခိုင်အမာ တည်ဆောက်လာခဲ့ကြပြီး ဖြစ်သည်။

ယခု စီစဉ်ထားသည့် တရားခွင်သည် တရားရုံး၏ စီရင် ဆုံးဖြတ်ပိုင်ခွင့် မရှိဟု မြန်မာ တို့ဖက်မှ စောဒက တက်လာမှု ကို ကြားနာ ဆုံးဖြတ်သွားရန် ဖြစ်သည်။ နောက်ပိုင်း ကြားနာစစ်ဆေးပွဲများတွင်သာ မြန်မာမှ ဂျီနိုဆိုက် ကျူးလွန်ခြင်း ရှိမရှိ ကို စစ်ဆေးပြီး စီရင်ချက် ချမည်လည်း ဖြစ်သည်။

လူကိုယ်တိုင် လာရောက် ချေပခွင့်ကိုလည်း ပေးထားပြန်၍ ထိုအမှု ကြီး အတွက် တာဝန်အရှိဆုံးဟု စွပ်စွဲခံထားရသည့် မလုပ်ရဲတာ ဘာမှ မရှိ ဆိုသော စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှုးကြီးသာ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ပြီး ကြည်လင် ပြတ်သားလှသည့် အင်္ဂလိပ် အသံထွက်ဖြင့် So What? , So What ဟု ဆိုကာ လက်သီးလက်မောင်း တန်းကာ ချေပနေပုံကိုပင် တမြန်နေ့က အိမ်မက် မက်နေမိခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။ အိမ်မက်ထဲတွင် ငါတို့ ခေါင်းဆောင်ကြီး ကိုယ်တိုင် သွားပြီ ဆိုကာ လမ်းတလျှောက် အားပေးနေသည့် ပြည်သူများ နှင့် နေပြည်တော်တခွင် ကြက်ပျံ မကျ စည်ကားနေသည်ဟုလည်း ပါရှိခဲ့သည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!