အိုမီကရွန် ဗိုင်းရပ်စ် ကူးစက်ခံရက မည်မျှကြာ သီးခြားနေထိုင်သင့်သနည်း

by Hla Soewai - Jan 18 2022

ကိုဗစ်-၁၉ ၏ မျိုးကွဲ တခု ဖြစ်သည့် အိုမီကရွန် ကူးစက်မှု ပျံ့နှံ့လာနေသည်နှင့် အမျှ ရောဂါလက္ခဏသည် ၎င်း၏ ယခင် ညီနောင်များကဲ့သို့ ပြင်းထန်မှု မရှိလှသည်က တနေ့တခြား ထင်ရှားလာခဲ့သည်၊ ရောဂါ ကူးစက်ခံထားရသူများ ဆေးရုံတက်ကုသရခြင်း၊ သေဆုံခြင်း များ ကြုံရဖို့ နည်းပါးလာခဲ့ခြင်းသည်ကပင် သတင်းကောင်း တခုပင် ဖြစ်သည်။

 

သို့သော်လည်း ကူးစက်မှု နှုန်းက လျှင်မြန်လွန်းလှ၍ သီးခြား ခွဲနေရမည့် စည်းမျဉ်းများအရ လူများ သန်းနှင့်  ချီ၍ အိမ်တွင်း အောင်းနေခဲ့ကြရသည်၊ ထိုအထဲတွင် အများစုက အလုပ်သွားနိုင် သည်အထိ ဒေါင်ဒေါင်မြည်နေသူများလည်း ပါဝင်နေသည်။

 

ထို့အတွက် နိုင်ငံအတော်များများသည် သတ်မှတ်ထားသော စည်းကမ်းများကို ပြန်လည် သုံးသပ်လာခဲ့ကြရသည်။ ဒီဇင်ဘာလ အတွင်း အမေရိကန် ရောဂါ ထိန်းချုပ်‌ရေး ဌာနကြီးမှ ယခင် ဆယ်ရက် သီးခြားနေထိုင်ဖို့ သတ်မှတ်ထားခဲ့သည်ကို ငါးရက်အထိ လျော့ချပေးလာခဲ့သည်။ အင်္ဂလန်ကလည်း နဂ္ဂတစ် ရလဒ် နှစ်ကြိမ် ပြနိုင်မည် ဆိုက ဆယ်ရက်မှ ခုနှစ်ရက်အထိ လျော့ချခဲ့ပြန်သည်။ ဇန်နဝါရီ ၁၃ ရက်နေ့တွင်တော့ အင်္ဂလန်သည် နဂ္ဂတစ် ရလဒ် နှစ်ခု ထွက်မည် ဆိုက ငါးရက်အထိသာ နေရမည်ဟု ‌ပြင်ဆင် သတ်မှတ်လာခဲ့သည်။

 

ထိုသို့ သီးခြားနေထိုင်ရမည့် အချိန်အတိုင်းအတာ လျော့ချပေးခဲ့မှု နှင့် မည်သို့သော အန္တရာယ်များ ရှိနိုင်သည် နှင့် အိုမီကရွန်သည် အဘယ်ကြောင့် ပြောင်းလဲသွားခဲ့ရပေသနည်း ဆိုသည့် မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။

 

ကိုဗစ်-၁၉ ကို ဖြစ်ပေါ်စေခဲ့သော မူလ SARS-CoV-2 သည် ကူးစက်ခံရသည် အချိန်နှင့် ရောဂါလက္ခဏာ ပြသည့် အချိန် အကြား ခြောက်ရက်ခံ ကြာမြင့်ခဲ့သည်ဟု သုတေသီများ အကြား လေ့လာသုံးသပ်ချက်များအရ ထွက်ပေါ်လာခဲ့သည်။ ထိုသို့ လက္ခဏ ပြလာသည့် အချိန် ခြောက်ရက် ခန့်အတွင်း ကူးစက်ခံရမှု အတိုင်းအတာသည် မြင့်တက်လာခဲ့ပြီး နောက်ပိုင်း ခုနှစ်ရက်အတွင်း တွင်တော့ လျော့ပါးသွားခဲ့သည်၊ ရောဂါလက္ခဏာများ ရှိလာသည့် လူများ အဖို့ အနည်းဆုံး ဆယ်ရက်ခန့် သီးခြား ခွဲနေသင့်ပြီး ရောဂါလက္ခဏာ မပြတော့သည့် နောက် သုံးရက်ခန့် ဆက်နေသင့်သည်ဟု  ကမ္ဘာကျန်းမာရေး အဖွဲ့ချုပ်ကြီးမှ လမ်းညွှန်လာခဲ့သည်။ ရောဂါ လက္ခဏာ တစုံတရာ ထွေထွေထူးထူး မရှိပဲ ပေါ့စတစ် ထွက်လာသူများ အဖို့ ဆယ်ရက် သီးခြားနေသင့်သည်ဟု လည်း ဆိုသည်။

 

သို့သော် အစိုးရများ၏ လမ်းညွှန်ချက်များသည် အကွဲကွဲ အပြားပြား ထွက်ပေါ်လာသည်၊ အချို့ နိုင်ငံများက ပို၍ တင်းကျပ်စွာ ပြဋ္ဌာန်းလာခဲ့သည်။ နယူးဇီလန်တွင် ကာကွယ်ဆေး ထိုးမထားပဲ ရောဂါလက္ခဏ ပြလာလျှင် ၁၄ ရက်ခန့် သီးခြားခွဲနေရန် နှင့် ကာကွယ်ဆေး ထိုးပြီးသူများ အဖို့ ဆယ်ရက် နေရမည်ဟု ထုတ်ပြန်လာခဲ့သည်။

 

အိုမီကရွန် မျိုးကွဲသည် လူများ သီးခြား ခွဲနေရမည့် အချိန်အတိုင်းအတာကို ပြောင်းလဲစေခဲ့သည်လော၊ အစောပိုင်း လေ့လာတွေ့ရှိချက်များအရ ထိုအတိုင်းပင် ညွှန်ပြလာခဲ့သည်၊ အမေရိကားတွင် ကနဦး တွေ့ရှိလာသော အိုမီကရွန် ကူးစက်မှု ခြောက်ခုတွင် မျိုးပေါက်ပွားမှု ကာလ သည် အခြားမျိုးကွဲများကဲ့သို့ ငါးရက်မကြာပဲ ပျှမ်းမျှ သုံးရက်သာ ရှိကြောင်း ဒီဇင်ဘာ ၂၈ ရက်နေ့ စီဒီစီမှ ထုတ်ပြန်သော လေ့လာတွေ့ရှိချက်တွင် ဖေါ်ပြထားသည်။ နော်ဝေး လူထု ကျန်းမာရေးဌာနကြီးမှ ရုံးဌာန တခု၏ ခရစ်စမတ် ပါတီပွဲတွင် ရုတ်ခြည်း ရောဂါကူးစက်ပျံ့နှံလာခဲ့ပြီး ပါတီပွဲ တက်ရောက်သူ ၁၁၁ ဦး အနက် ၆၆ ဦး ကို ရောဂါ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ထုတ်ပြန် ကြေညာခဲ့သည်။ ၎င်းတို့ အဖို့ သုံးရက်အတွင်း ရောဂါပိုး ပေါက်ဖွားလာခဲ့ခြင်း ဖြစ်သည်ကို တွေ့ရှိခဲ့ရသည်ဟု ပါရှိလာခဲ့သည်။

 

သိပ္ပံပညာရှင်များက အိုမီကရွန်ကို လေ့လာ ဆန်းစစ်နေကြဆဲပင် ဖြစ်သည်။ ထိုမျိုးကွဲ သည် တိုတောင်းသော ကာလအတွင်း ပေါက်ဖွားလာခဲ့ခြင်းသည်ကပင် လျင်မြန်စွာ ပျံ့နှံ့လာရသည့် အကြောင်းရင်း တခုလည်း ဖြစ်သည်။

 

ထို့အတွက် ကာလ မည်မျှအထိ သီးခြား ခွဲနေခြင်းထက် ပုံမှန် စစ်ဆေးပေးခြင်းသည်သာ ရောဂါမပျံ့ပွားအောင် ထိန်းချုပ်နိုင်သည့် အကောင်းဆုံး နည်လမ်း လည်း ဖြစ်သည်။ ဗြိတိန်မှ ထုတ်ပြန်သော စည်းမျဉ်း အသစ်အရ rapid antigen test လုပ်ပြီး နဂ္ဂတစ် ရလဒ်ထွက်လျှင် သီးခြားခွဲနေရန် မလိုတော့ဟု ဆိုလာသည်။ သမ္မတ ဘိုင်ဒင်၏ အစိုးရမှ ဇန်နဝါရီလ လယ်တွင် rapid antigen test Kit သန်း ၅၀၀ အား ပထမဆုံး အကြိမ်အဖြစ် အိမ်ထောင်စုများထံ အရောက်ပို့ပေးမည်ဟု ကတိပြုခဲ့သည်၊ ထိုကဲ့သို့ စမ်းသပ်မှုသည် ပို၍ အားစိုက်ထုတ်ရသည့် PCR လောက် အနုစိတ် စမ်းသပ်နိုင်ခြင်း မရှိသော်လည်း အလွန်အကျွံ ကူးစက်ခံနေရသူများအား ဖေါ်ထုတ်ရာတွင် အကောင်းဆုံး နည်းလမ်း ဖြစ်ပြီး ကိုဗစ်-၁၉ ပျံ့နှံ့မှု နှေးကွေးသွားစေနိုင်သည်။

 

အစိုးရများ အနေဖြင့် ကျန်းမာနေပုံရသော လူများအား လုပ်ငန်းခွင် ပြင်ပ တွင် ထိန်းထားဖို့ နှင့် လုပ်ငန်းခွင်အတွင်းရှိ အခြားလူများ ထံ ကူးစက်သွားမည်တို့ အကြားတွင် အကောင်းဆုံး အခြေအနေရောက်အောင် အတိုးအလျော့ ပြုလုပ်သွားရတော့မည် ဖြစ်သည်။

 

ဗြိတိန်သည် သီးခြား နေထိုင်သင့်သည့် ကာလကို လျော့ချပေးခဲ့ပြီး ဖြစ်သော်လည်း အလုပ်သမား အင်အား မလုံလောက်မှု နှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။ အထူးသဖြင့် ကျန်းမာရေး ဌာနများတွင် ဖြစ်သည်။ ဇန်နဝါရီ ၇ ရက်နေ့တွင်တော့ ဗြိတိန် အစိုးရသည် ဝန်ထမ်းအင်အား မလုံလောက်မှုကို ကူညီဖြေရှင်းရန် လန်ဒန်ရှိ ဆေးရုံများသို့ တပ်များကို စေလွှတ်ပေးလာခဲ့သည်။