မစ်ချ် ကွန်နယ် ပြောသော NDAA နှင့် ဒေါ် မီမီဝင်းဘတ်၏ စကား

by Hla Soewai - Jan 20 2022

အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလီကင် လူနည်းစု ခေါင်းဆောင် မစ်ချ် မက်ကွန်းနယ်မှ အာဏာသိမ်း စစ်တပ်မှ နိုင်ငံအတွင်း မဲမဲ မြင်ရာ အကြမ်းဖက်နေသည့် လုပ်ရပ်များ ကြောင့် ပြည်တွင်းရှိ ဒီမိုကရေစီ အင်အားစုများ၊ ပြည်ပ ရှိ မြန်မာ တိုင်းရင်းသား များ အားလုံး စည်းလုံးညီညွတ်မှုကို ခိုင်မာသည်ထက် ခိုင်မာအောင် အားဖြည့်ပေးလာနေ၍ ထိုအရှိန်အဟုန်ကို ဆက်လက် အားဖြည့်ပေးသွားနိုင်ရန် အမေရိကန် နှင့် ကမ္ဘာကြီးမှ လုပ်ပေးနိုင်တာ မှန်သမျှ လုပ်ပေးခြင်း ဖြင့် ဆက်လက် ကြိုးပမ်းသွားရမည် ဖြစ်သည်ဟု ၎င်း၏ ပြည်နယ် ကင်တပ်ကီ တွင် ထုတ်ဝေ‌သော Lexington Herald သတင်းစာတွင် ရေးသားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာတို့၏ ဒီမိုကရေစီ တိုက်ပွဲရှည်ကြီးတွင် လမ်းပြ အလင်း‌ရောင် အဖြစ် ရပ်တည် ပေးခဲ့သူ ဖြစ်၍ မိမိအနေဖြင့် သူမဖက်မှ ရပ်တည်ပေးပြီး မိတ်ဆွေ အဖြစ် သဘောထား ဆက်ဆံမှု အပေါ် ဂုဏ်ယူလျက် ရှိကြောင်းလည်း ပါရှိခဲ့သည်။

မိမိကိုယ်တိုင် ပြိုင်ဖက်ပါတီ ကြီး နှင့် အတူ ၂၀၂၂ နိုင်ငံကာကွယ်‌ရေး အသုံးစရိတ် ဥပဒေ NDAA ကို ပြင်ဆင်ပြဠာန်း နိုင်ခဲ့ကြောင်း နှင့် ထိုဥပဒေတွင် အမေရိကန် အစိုးရအနေဖြင့် စစ်အာဏာသိမ်း အဖွဲ့အား ၎င်းတို့၏ လုပ်ရပ်များ အတွက် တာဝန်ခံမှု ရှိလာစေပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ဦးတည်ရန် မဟာဗျုဟာ တရပ် ချမှတ်သွားရေး ပါရှိခဲ့သည်ဟု ဆိုသည်။

အာဏာသိမ်း အဖွဲ့ကို တွန်းထုတ်ပြီး အမျိုးသား ညီညွတ်ရေး အစိုးရကဲ့သို့ ဒီမိုကရေစီ ရရှိရေး လှုပ်ရှားနေသူများကို ထောက်ခံမှု ပေးရန် နှင့် နိုင်ငံအတွင်း ဒီမိုကရေစီ ပြန်လည် ရှင်သန်ရေး အတွက် အထောက်အကူ ပြုမည့် အစိတ်အပိုင်းများ ပါဝင်လာပြီး ထိုဥပဒေကို သမ္မတ မှ လက်မှတ်ရေးထိုး အတည်ပြု ပေးခဲ့မှုကို ဂုဏ်ယူမိသည်ဟု ပါရှိခဲ့သည်။ ထိုအရေးကိုလည်း အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ နှင့် ဦးစားပေး ဆွေးနွေးသွားမည်ဟုလည်း ဆိုသည်။

စစ်အာဏာသိမ်းမှုသည် တနှစ်နီးပါး သို့ ချည်းကပ်လာနေချိန်တွင် မြန်မာ အား ဒီမိုကရေစီ လမ်းကြောင်း ပေါ်သို့ ပြန်လည် ဦးတည်ရေး အတွက် စည်းလုံးညီညွတ်စွာ ကြိုးပမ်းသွားရမည်ဟု နိဂုံးချုပ်ထားခဲ့သည်။

NDAA သည် စစ်ခေါင်းဆောင်များ အတွက် မျက်ခုံးလှုပ်စရာ ဖြစ်လာခဲ့သည်က အမှန်ပင် ဖြစ်သည်၊ အမေရိကန် အစိုးရ အနေဖြင့် ကွန်ဂရက်၏ ခွင့်ပြုချက် မရပဲ ဘာမှ လှုပ်၍ မရဟု စစ်ခေါင်းဆောင်များ ယူဆထားခဲ့မှုကို ပြောင်းပြန်လှန်ပစ်ခဲ့ခြင်းပင် ဖြစ်သည်။ 

NDAA ဖြင့် အမေရိကန် အစိုးရသည် မြန်မာ ကို ကိုယ်ထိလက်ရောက် ဝင်ရောက်တိုက်ခိုက်ခြင်းမှ လွဲ၍ ကျန်သည့် နည်းလမ်းပေါင်းစုံကို လုပ်ပိုင်ခွင့် ပြုလိုက်သည့် အနေအထား ဖြစ်လာခဲ့သည်။

ဟာဝိုင်အီရှိ အာရှ-ပစိဖိတ် လုံခြုံရေး ဆိုင်ရာ လေ့လာရေး စင်တာ မှ ဒေါ်မီမီဝင်းဘတ်ကလည်း ဧရာဝတီ နှင့် တွေ့ဆုံ မေးမြန်းခန်း တွင် မြန်မာ စစ်တပ်သည် တပ်မတော်ဟု ခေါ်ဝေါ်ခံရသည့် ဂုဏ်သိက္ခာ ပြုတ်သွားပြီး၊ တပ်မတော်ဟု ကမ္ဘာ သတင်း မီဒီယာများက သုံးစွဲလာတိုင်း တာလီဘန်၊ အယ်ကိုင်ဒါ ကဲ့သို့ အကြမ်းဖက် အဖွဲ့အစည်းများ ဟု ယူဆသွားကြပြီ ဖြစ်၍ နောင်တချိန်တွင် ထိုစကားလုံးကို သုံး၍ မဖြစ်တော့ဟု ပြတ်သားစွာ သုံးသပ်သွားခဲ့သည်။

တဖက်တွင်လည်း နိုင်ငံတော် အတိုင်ပင်ခံ၏ မိတ်ဆွေရင်းချာကြီး ဖြစ်ခဲ့သည့် ဗားကလပ် ဟေဗယ် ၏ ချက် သမ္မတ နိုင်ငံသည် အမျိုးသား ညီညွတ်ရေး အစိုးရ၏ ကိုယ်စားလှယ် ရုံး ကို ဖွင့်လှစ်ပေးလာသည့် အထိ အီးယူ ထဲ ထိုးဖောက်လာနိုင်ခဲ့ပုံကို ဂျာမန် သတင်းဌာန DW မှတခမ်းတနား ရေးသား ဖေါ်ပြလာခဲ့သည်။

အာဆီယံ အဖွဲ့ကြီး အတွင်းလည်း အက်ကြောင်းများ ထ လာခဲ့ပြီ ဖြစ်သည်၊ ဟွန်ဆန်သည် ယခင် အာဆီယံ ဥက္ကဌ လုပ်ခဲ့သည့် ၂၀၁၂ အတွင်း ပူးတွဲ ကြေညာချက်ပင် ထုတ်ပြန်၍ မရအောင် ဖြစ်လာသည်၊ ထိုသို့ ဖြစ်ခဲ့ခြင်းမှာလည်း တောင်တရုတ်ပင်လယ် အတွင်း နိုင်ငံများ လိုက်နာရမည့် စည်းမျဉ်း များ Code of Conduct (COC)  အပေါ် သဘောကွဲလွဲ မှု ဖြစ်လာခဲ့ခြင်းကြောင့် ဖြစ်သည်။

ယခုလည်း အာဆီယံ အဖွဲ့ အတွင်း တရုတ်၏ အနီးကပ် ဆုံး မဟာမိတ် ဖြစ်လာသည့် ဟွန်ဆန်သည် ထိုအရေး ကို ထပ်မံ ဆွေးနွေးခြင်း မပြုအောင် တမင်တကာ မြန်မာ ကိစ္စအား ရှေ့တန်းတင်ပြီး အက်ကြောင်းများ ထလာအောင် ဖန်တီးလိုပုံ ရသည်ဟု East Asia Forum ၏ ဆောင်းပါးတပုဒ်တွင် သုံးသပ်ထားသည်။

ဟွန်ဆန် သည် မြန်မာ စစ်တပ်မှ အပစ်အခတ်ရပ်စဲလိုက်ပြီ ဆိုသည့် ဘူးလုံး နားမထွင်း စကားကိုပင် ၎င်း၏ အောင်မြင်မှုကြီး တရပ် အသွင် ကြံဖန်ပြောဆိုနေရချိန်တွင် စစ်ခေါင်းဆောင်များက လေတပ် အင်အားကို အသုံးပြု၍ ဒလကြမ်း တိုက်ခိုက်လာနေပြီ ဖြစ်သည်။

သို့သော် ထိုသို့ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အသုံးပြုလာခဲ့ခြင်းကပင် ခုခံတော်လှန်စစ် ဆင်နွှဲနေသော PDF များ အတွက် တန်ပြန်နိုင်မည့် နည်းလမ်းကို ရှာဖွေ လာကြတော့မည်သာ ဖြစ်သည်။

သမိုင်းကြောင်းကို လေ့လာနိုင်မည်ဆိုက အာဖဂန်နစ္စတန် ကို သိမ်းပိုက်ခဲ့သည့် ဆိုဗီယက် တပ်များသည် မူဂျာဟီဒင် တော်လှန်ရေး တပ်ဖွဲ့များကို နှိမ်နှင်း နိုင်ခြင်း မရှိတော့၍ စစ်ပွဲ၏ အဆုံးသတ်ကာလများတွင် ထိုနည်းကို ကျင့်သုံးလာခဲ့ကြသည်။ သို့သော် မူဂျာဟီဒင်တို့၏ စတင်းဂျား ခေါ် မြေပြင်မှ ဝေဟင်ပစ် ပုခုံးထမ်း ဒုံးကျည်များ အသုံးပြုလာကြ၍ နှစ် နှစ် အတွင်းမှာပင် ဆိုဗီယက် နှင့် အာဖဂန် အစိုးရပိုင် တိုက်လေယာဉ် နှင့် ရဟတ်ယာဉ် အစီးပေါင်း ၃၅၀ ကို ပစ်ချ နိုင်ခဲ့၍ စစ်ပွဲ၏ အနေအထားသည် လုံးဝပြောင်းလဲသွားခဲ့ရပြီး ဆိုဗီယက်တပ်များ ၁၉၈၉ တွင် အပြီး အပိုင် ဆုတ်ခွာပေးခဲ့ရသည်ကို တွေ့နိုင်မည်ဖြစ်သည်။

အမေရိကန်၏ NDAA သည် ထိုသို့ အနေအထားများ ဖန်တီးပေးလာနိုင်သည်ကို သိနေ၍လည်း စစ်ခေါင်းဆောင်များ ထိတ်လန့်နေကြခြင်းလည်း ဖြစ်သည်။

ဧရာဝတီ သတင်းဌာန နှင့် အမျိုးသား ညီညွတ်ရေး အစိုးရမှ စုဆောင်း ရရှိခဲ့သည့် အချက်အလက်များအရ ၂၀၂၁ မတ်လ ကုန်ပိုင်းမှ စ၍ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယားနှင့် ရှမ်းပြည်နယ်များ ရှိ မြို့နယ် ၂၀ ခန့်အား လေကြောင်း မှ အကြိမ်ပေါင်း သုံးဒါဇင်ထက် မနည်း တိုက်ခိုက်လာ၍ အရပ်သား ပြည်သူ ၂ သိန်းခန့် တိမ်းရှောင်ကုန်ကြရသည်ဟု သိရသည်။

တနင်္လာနေ့က ဖရူးဆိုး မြို့နယ် အတွင်းရှိ စစ်ရှောင်စခန်း နှစ်ခုအား အာဏာသိမ်းတပ်များက ဗုံးကြဲတိုက်ခိုက်ခဲ့ကြ၍ ခြောက်ဦးထက် မနည်း သေဆုံးခဲ့ရပြီးနောက် ကယားပြည်နယ် နေ ပြည်သူများ အား ဗုံးခိုကျင်းများ တူးထားရန် ကရင်နီ ပြည်နယ် အတိုင်ပင်ခံကောင်စီမှ တိုက်တွန်းလာခဲ့ရပြီ ဖြစ်သည်။ (ပုံတွင် တွေ့ရစဉ်)

မင်းအောင်လှိုင်သည် သူ့ဖက်က အနိုင်ရနေပြီဟု ထင်မြင်လာစေရန် ရေရှည်တွင် မည်သို့မျှ တောင့်ခံထားနိုင်ခြင်း မရှိသည့် လေကြောင်း တိုက်ခိုက်မှုကို အတင်းကာရော ပြုလုပ်လာနေခြင်းသည် နိုင်ငံတကာ မှ ပါဝင် ပတ်သက်လာရန် လမ်းခင်းပေးသလို ဖြစ်လာမည့် အရေးကြောင့် ထိတ်ပိုင်း ခေါင်းဆောင်များ အကြား သဘောထား ကွဲလွဲလာနေပြီ ဖြစ်သည်။

ရခိုင်တပ်တော်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်မှ လက်ရှိ အခြေအနေအတိုင်း အတိုင်းဆိုက စစ်ကောင်စီသည် ဆူပါနိုဗာ ကြယ်ကြီး တလုံးကဲ့သို့ ပေါက်ကွဲ ထွက်လာနိုင်ကြောင်း၊ သို့သော် ၎င်းတို့သည် အာဏာကို ဆုပ်ကိုင်ထားနိုင်ရေး အတွက် အဆင်ခြင်မဲ့ ရက်စက်လာနိုင်သည်ကို သတိထားရမည် ဖြစ်သည်ဟု Asia Times နှင့် တွေ့ဆုံမေးမြန်းခန်း တွင် မှတ်ချက်ချသွားခဲ့သည်။

တော်လှန်ရေးကြီး မုချ အောင်ရမည်!!!

ဓါတ်ပုံ - ဧရာဝတီ သတင်း