D-Day နောက်ကွယ်က သူလျို မဟုတ်သော သူလျိုများ  (၁၀၄)

by Hla Soewai - Jan 23 2022

အယ်ဖရက် ဗီကာရီသည် စိန့်ဂျိမ်း လမ်းရှိ ရုံးတွင် ဂဏှာမငြိမ် ဖြစ်နေမှုကို ကြိုးစားဖြေဖျောက်နေရသည်။ ည ကိုးနာရီ လောက်တွင် ရုံးက ကန်တင်းသို့
တခုခု စားဖို့ ရောက်ခဲ့သော်လည်း ဈေးက ကြီးပြီး
အာလူး ပြုတ်ရည် နှင့် ငါး‌ ပေါင်းဟင်းသာရသည်၊ ငါးကလည်း မြစ်ထဲမှ ရလာသည်မှာ မကြာသေးဟုပင် ထင်ရသည်။



ဗီကာရီ လည်း ဆာဆာ နှင့် နှစ်ပန်းကန် ပင် ကုန်သွားခဲ့သည်၊ အမြဲတမ်း အရက်နာ ကျသည့် ပုံထွက်နေသော ဝတ်လုံတော်ရ ဟောင်း တဦးကလည်း ဗီကာရီအား စစ်တုရင် ကစားဖို့ အဖေါ်လာစပ်နေ၍ စိတ်မပါလှသော်လည်း အချိန်ကုန် မြန်သည့် သဘောဖြင့် အတူထိုင်ကစားလိုက်သည်၊ စိတ်မပါဟု ဆိုပေသည့် သူ၏ အကွက်များက ပြောင်မြောက်လွန်းလှ၍ ပွဲတိုင်း အနိုင်ရခဲ့သည်၊ ထို့အတွက် သူ့အမှု သည်လည်း ထိုနည်းနှင်နှင် ရလဒ်ကောင်း ထွက်လာလိမ့်မည်ဟု စိတ်အား တက်ကြွလာခဲ့သည်။



အပြန်တွင် လှေကား၌ ဂရေ့စ် ကလာရင်ဒန် နှင့် သွားဆုံနေသည်၊ သူမလက်ထဲတွင် ဖိုင်များ တပွေ့တပိုက်ကြီးနှင့် ဖြစ်သည်၊ သူ့ကို မြင်သည့်အခါ မလို မုန်းထား သည့် အကြည့်မျိုး နှင့် ကြည့်သွားပြီး အောက်ထပ် ရှိ မှတ်တမ်းရုံးသို့ ဆောင့်ကြီး အောင့်ကြီး နှင့် ဆင်းသွားသည်။



သူရုံးခန်းသို့ ပြန်ရောက်သည်နှင့် အလုပ်ကို အာရုံစိုက် လုပ်နေခဲ့သည်၊ ဘက်ကာ ၏ ကွန်ယက်ကို ဂရုတစိုက် စောင့်ကြည့်ဖို့ လိုအပ်လာသော်လည်း
အကြောင်းမထူး ဖြစ်နေသည်။



"ခင်ဗျား ဘာဖြစ်လို့ စောစောက မပြောတာလဲ"



"ဘုသီ ကို ပြောပြီးပြီလေ"



ဟာရီ သည် ရုံးသို့ လှမ်းသတင်းပို့သော်လည်း အကြောင်းမထူး။



သူ့အဖို့ တနာရီလောက် မှေးခွင့်ရဖို့ လိုအပ်နေသော်လည်း တဖက်ခန်းရှိ ကြေးနန်းစက်များမှ ထွက်လာသော အသံများ‌များက တင်းပုတ်ကြီး နှင့် ထုနေသလို ဖြစ်လာနေသည်။ အိပ်မရ ဖြစ်လာ၍ ရုံးခန်းထဲရှိ သူ့ကုတင်သေးသေး လေးကို
နေရာ အမျိုးမျိုး ပြောင်း၍ အိပ်ပျော်ရန် ကြိုးစားနေပြန်သည်။ အသံများ ထွက်လာ၍ လက်နှိပ်စက် အဖွဲ့၏ ကြီးကြပ်ရေးမှုး ဖြစ်သူ မစ္စက် ဘလန်ချက်က အခန်းတံခါးဝမှ ခေါင်းပြူကြည့်လာသည်။ သူ့အဖြစ်ကို သဘောပေါက်သွား၍ ဝီစကီ ကို ဖန်ခွက်ကြီး တခု နှင့် ထည့်လာကာ သောက်ပြီး ပြန်အိပ်ရန် ပြော ပြောဆိုဆို ထွက်သွား၍ သူလည်း ကုတင်ကို အရင်နေရာသို့ ပြန်ရွှေ့လိုက်တော့သည်။



ဟာရီက နောက်တကြိမ် လှန်းသတင်းပို့သော်လည်း
ထူးခြားမှု မရှိ။



သူလည်း တယ်လီဖုန်း ခွက်ကို ကောက်ကိုင်ပြီး ဟယ်လင် နံပတ်ကို လှည့်လိုက်သည်။


တဖက်မှ "ဟဲလို...ဒီအချိန်ကြီး..အခုပြောနေတာ ဘယ်သူလဲ" ဟု ပြန်ဖြေသံ ကြား၍ ဖုန်းခွက်ကို အသာ ပြန်ချလိုက်သည်။


ဟာရီက တတိယအကြိမ် သတင်းပို့လာပြန်သော်လည်း ဘာမှ မထူးခြားပြန်၍ ဗီကာရီလည်း စိတ်ပျက်လက်ပျက် နှင့် နှုတ်ထွက်စာ တင်ရန် စာကြမ်း ချရေးနေမိသည်။


"ဗိုဂဲလ် ဖိုင်ကို ခင်ဗျား ဖတ်ခဲ့သေးလား"


"မဖတ်ရသေးဖူး"


ထိုစကားများကို ပြန်ကြားယောင်လာ၍ ရေးလက်စ စာရွက်ကို အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် ဆွဲဖြဲလိုက်သည်။ ပြီးလျင် စာရွက်စများကို မီးရှို့ရန် ထည့်ရမည့် အိတ်ထဲသို့ ပစ်ထဲ့လိုက်သည်။ ကုတင်ပေါ် လှဲချလိုက်ပြန်ပြီး မျက်နှာကြက်ကို စိုက်ကြည့်နေမိသည်၊ စားပွဲပေါ်က စာကြည့်မီး၏ အလင်းရောင်က သူ့မျက်နှာ ကို လာဟပ်နေသည်။


ဒီအမျိုးသမီးသည် အဘယ်အတွက်ကြောင့် ပုပ်တို့ညီအကိုနှင့် ပတ်သက်နေရသနည်း ဆိုသည်ကို စဉ်းစားနေမိပြန်သည်။ ဒီညီအကို နှစ်‌‌ ယောက်သည် သူတို့ လုပ်နေကျ ဒုစရိုက် မှုများ အပြင် သူမနှင့် ကြံရာပါတွေများ ဖြစ်နေလေမလား။ မဖြစ်နိုင်လောက်ဟု တွေးမိပြန်သည်။ သူတို့ဆီက ရနိုင်သည့်
မှောင်ခိုဈေးကွက် မှ ဓါတ်ဆီ၊ လက်နက်တွေ ရဖို့များလား၊ ဒါမှမဟုတ် သူလျို လုပ်ငန်း အတွက် တ‌ယောက်ယောက်ကို စောင့်ကြည့်ခိုင်းဖို့ များလော။


ထိုမေးခွန်းများ၏ အဖြေကို ရောဘတ် ပုပ်ကို လက်ရ ဖမ်း မမိမချင်း ဘယ်လိုမှ အသေအချာ သိနိုင်ဖို့ မရှိ၊ ထို့အတွက် ပုပ်ကို ရှာဖို့ စစ်‌ဆင်ရေးကို
အသေအချာ စီစဉ် ခဲ့ခြင်း ဖြစ်သည်။ သူ့အဖို့ တခုခု မသင်္ကာစရာ တွေ့လာရသည်နှင့် အားလုံးကို ဂျာမဏီ အတွက် စပိုင် လုပ်မှုဖြင့် နှစ်ရှည်ထောင်ချပစ်မည်။



ရို့စ် မော်လီ ဆိုသည့် အမျိုးသမီးကကော၊ ဖြစ်ခဲ့သမျှ အားလုံးသည် ကြောက်စရာ ကောင်းလောက်အောင် တိုက်ဆိုင်မှုများ ဖြစ်နေလေမလား။ ရို့စ်သည် အင်နာ စတိန်နားကို မှတ်မိသွားခဲ့၍ အသက်ပေးသွားရခြင်း လော၊ ဤသည်က လွန်စွာ ဖြစ်နိုင်ခြေ ရှိနေသည်။ သို့သော် ဒီထက် ဆိုးလာနိုင်သည့် အကြောင်းက ရို့စ် မော်လီကိုယ်တိုင် အေးဂျင့်တယောက် ဖြစ်နေနိုင်ခြင်းပင်၊ သူမ အသတ်ခံခဲ့ရသည့် အကြောင်းရင်းကို အသေအချာ သိနိ့င်ဖို့ သူမ၏ နောက်ကြောင်းရာဇဝင်ကို နှံ့နှံ့စပ်စပ် စုံစမ်း
မှ ဖြစ်တော့မည်။



လက်ပတ်နာရီကို တချက်ကြည့်လိုက်သည်၊ မနက် တစ်နာရီ ရှိနေပြီ ဖြစ်သည်။ တယ်လီဖုန်းခွက်ကို
ကောက်ကိုင်လိုက်ပြီး ‌စောစောက နံပတ်ကို ထပ်လှည့် လိုက်ပြန်သည်။ ဒီတကြိမ်တွင်တော့ ဟယ်လင်၏ အသံကို ကြားလိုက်ရသည်၊ သူ့အဖို့ နှစ်ဆယ့်ငါးနှစ် အတွင်း ဟယ်လင်၏ အသံကို ပထမဆုံး အကြိမ် ပြန်ကြားခဲ့ရခြင်းပင် ဖြစ်သည်။
"ဟဲလို ကျေးဇူးပြုပြီး အခု စကားပြောနေတာ ဘယ်သူလဲ သိပါရစေ"၊ ဗီလာရီက ပြန်ပြောချင်မိသော်လည်း ဘာစကား မှ ထွက်မလာ၍ လိုင်း ပြတ်သွားသည်။

*************


ကက်သရင်းသည် စာကြည့်ခန်း တံခါးကို ဖွင့်ပြီး အထဲသို့ ဝင်လာခဲ့သည်။ တံခါးကို မသံမကြားအောင် ပြန်ပိတ်လိုက်သည်။ စားပွဲပေါ်က စာကြည့်မီးအိမ်ကို ဖွင့်လိုက်သည်၊ သူမ၏ လက်ပွေ့အိတ်ထဲမှ ကင်မရာ နှင့် မော်ဆာ ပစ္စတိုကို ထုတ်လိုက်သည်။
ပစ္စတို၏ သေနတ်ဒင်ကို သူမဖက်လှည့်ပြီး စားပွဲပေါ် တင်လိုက်သည်၊ သို့မှသာ အရေး အကြောင်းဆိုက
‌ချက်ခြင်း နောက်ပြန် လှည့်ပစ်နိုင်ပေမည်။



မီးခံသေတ္တာရှေ့ ဒူးထောက် ထိုင်လိုက်ပြီး ဒိုင်ခွက်ကို
ရှေ့နောက် လှည့်ဖွင့်လိုက်သည်။ အထဲ ရှိ ဘရိဖ်
ကေ့စ်က ‌သော့ခတ်ထားဆဲပင် ဖြစ်သည်။ သူမတွင် ရှိ သော့နှင့် ဖွင့်ပြီး အထဲကို လှန်လှောကြည့်လိုက်သည်။


အမည်းရောင် အဖုံး ဖုံးထားသော စာအုပ် မျက်နှာဖုံးတွင် "ထိပ်တန်း လျို့ဝှက်" ဟု ရေးထားပြီး BIGOT Only ဆိုသည့် စာလုံးကို ပါ တွေ့ရသည်။



သူမ၏ နှလုံးက တဆတ်ဆတ် ခုန်လာနေပြီ ကို သတိထားမိနေသည်။



စာအုပ်ကို စားပွဲရှိရာ ယူလာပြီး အဖုံးကို ဓါတ်ပုံ ရိုက်ယူလိုက်သည်။



အထဲကို လှန်လိုက်ရာ ပထမ စာမျက်နှာတွင်
ဖီးနစ် စီမံချက်" ဟု ရေးထားပြန်သည်။


ဖီးနစ် စီမံချက်
၁။ ဒီဇိုင်း သတ်မှတ်ချက်
၂။ တည်ဆောက်ရေး အချိန်ဇယား
၃။ နေရာ ချထားမှု

အလို ဘုရားရေ၊ ငါလိုချင်တာ တကယ်ကို ရနေပါလား ဟု ကက်သရင်းက ရေရွတ်လိုက်မိသည်။


ထို စာမျက်နှာကိုပါ ဓါတ်ပုံ ရိုက်ယူလိုက်ပြန်သည်။ ဆက်လှန်ကြည့်လိုက်ရာ ဒီဇိုင်းများ နှင့် သတ်မှတ်ချက်များ ဖေါ်ပြထားသော စာမျက်နှာ များ ဖြစ်နေ၍ တခုမကျန် ဓါတ်ပုံ ရိုက်ယူလိုက်သည်။


အလုပ်သမား လိုအပ်ချက် ဟု ခေါင်းစဉ် တပ်ထားသည့် စာမျက်နှာကိုပါ ရိုက်လိုက်သည်။



ရိုက်ရင်း ဖလင်ကုန်သွားပြန်၍ အဟောင်းဆွဲထုတ်ကာ ဖလင်လိပ် အသစ်ကို ထပ်ထဲ့လိုက်သည်။ နောက်ထပ် စာမျက်နှာ နှစ်မျက်နှာကို ဓါတ်ပုံ ရိုက်ယူလိုက်ပြန်သည်။



ထိုအချိန်တွင် အပေါ်ထပ်မှ ခြေသံကြားလိုက်ရသည်၊ ဂျော်ဒန် အိပ်ယာမှ ထလာခြင်း ဖြစ်မည်။



နောက်ထပ် တရွက်လှန်လိုက်ပြီး ဓါတ်ပုံ ရိုက်လိုက်ပြန်သည်။



ကက်သရင်းသည် အပေါ်ထပ် ကြမ်းပြင်ပေါ်တွင် ဖြတ်လျှောက်နေသော ခြေသံများကို အတိုင်းသားကြားလာရသည်။ ထို့နောက် ရေချိုးခန်းထဲမှ ရေသံများ ကြားရပြန်သည်။



နောက်ထပ် နှစ်ရွက်ကို ထပ်ရိုက်ယူလိုက်ပြန်သည်၊ ဒီစာအုပ်ကို နောက်တကြိမ် ဘယ်တော့မှ ပြန်တွေ့ရဖို့ မရှိ ဆိုသည်ကိုလည်း အလိုလို သိနေသည်။



အခုတွေ့နေရသော စီမံချက်သည် မဟာမိတ်တို့၏ စစ်ရေး စီမံချက်များ ဖြစ်နေမည်ဆိုလျှင် သူမအနေဖြင့် မရရအောင် ယူရတော့မည် ဖြစ်သည်။ ဓါတ်ပုံ ရိုက်နေရင်းက အကယ်၍များ ဂျော်ဒန် အခန်းထဲ ဝင်လာခဲ့ချင် ဘာလုပ်ရမလဲဟု အတွေးဝင်လာပြန်သည်။ ‌စားပွဲပေါ်ရှိ မော်ဆာ ပစ္စတိုနှင့် ပစ်သတ်လိုက်ယုံပင်။


ဆိုင်လင်စာ တတ်ထား၍ မည်သူမျှ ကြားနိုင်မည် မဟုတ်၊ စာရွက်စာတမ်း မှန်သမျှ တခု မှ မကျန်အောင် ဓါတ်ပုံ ရိုက်ယူ၊ ပြီးသည်နှင့် ဟမ်တန် ဆန်းရှိ နျုမန် ရှိရာ လိုက်သွားမည်၊ ရေငုပ်သင်္ဘော ဖြင့် လာခေါ်ရန် ဆက်သွယ်မည်၊ ထို့အတွက် လုပ်စရာရှိတာ ပြီးအောင် ဆက်လုပ် ဟု အားပေးလိုက်ပြန်သည်။



သို့သော် SHAEF တန်ပြန်ထောက်လှန်းရေး အဖွဲ့က
ဥရောပ စစ်ဆင်ရေး စီမံချက်၏ လျိုဝှက်ချက်များကို သိထားသည့် အရာရှိတဦး၏ အလောင်းကို တွေ့ရှိသွားခဲ့မည် ဆိုလျှင် ဘာတွေ ဖြစ်လာနိုင်မည်နည်း။
ချက်ခြင်းလို စုံစမ်းစစ်ဆေး လာ‌ကြတော့မည် ဖြစ်သည်။ ထိုအခါ သူ့အား အမျိုးသမီးတဦးနှင့် အတူ တွေ့ခဲ့ဖူးသည်ဟု သိသွားပေမည်၊ ထိုအမျိုးသမီးကို မရ မရ ရှာကြတော့မည် ဖြစ်ပြီး၊ ရှာမတွေ့ဖူးဆိုက သူမသည် အေးဂျင့် တဦး ဖြစ်မှန်း ကောက်ချက်ချလာကြပေမည်။ တဆက်တည်းမှာပင် သူ၏ မီးခံသေတ္တာထဲရှိ စာရွက်စာတမ်းများကိုလည်း ဓါတ်ပုံ ရိုက်ယူသွားမည်ဟု ယူဆလာကြပေမည်။



ထိုအခါတွင်တော့ ဥရောပ ကမ်းတက် စစ်ဆင်ရေးကြီး တခုလုံး ၏ လျို့ဝှက်ချက်များ ပေါက်ကြားကုန်ပြီဟု သတ်မှတ်ကြတော့မည် ဖြစ်သည်။


ပီတာရေ ကျေးဇူးပြုပြီး ရှင် နဲ့ ကျမတို့ နှစ်‌ယောက်လုံး အတွက် အောက်ကို ဆင်းမလာပါနဲ့ဟု ဆုတောင်းလိုက်မိပြန်သည်။


ထိုအချိန်မှာပင် ရေချိုးခန်းထဲမှနေ၍ အိမ်သာ ရေဆွဲချသံကို ကြားလိုက်ရသည်။