အိုင်စီဂျီ အစီရင်ခံစာ (၉)

by Hla Soewai - Jan 23 2022

(၃) (ဃ) အလွတ်သဘော ဆက်ဆံမှုများ



အာဏာသိမ်းပြီး နောက်ပိုင်း NUG ဘက်မှ အခိုင်အမာ ရပ်တည်ပေးလာသည့် တိုင်းရင်းသား လက်နက်ကိုင် လေးဖွဲ့ ထွက်ပေါ်လာခဲ့သည်။ အဆိုပါ အဖွဲ့များသည်က KIO, KNU, KNPP နှင့် ချင်း CDF တို့ပင် ဖြစ်သည်။ ထိုအထဲတွင် CDF သည်သာ NUG နှင့် သဘောတူညီချက် တရားဝင် ချုပ်ဆိုခဲ့သေးသော်လည်း ကျန် သုံးဖွဲ့၏ ထောက်ခံပေးနေမှုများသည် ထပ်တူထပ်မျှ အရေးပါလာခဲ့သည်။



နိုင်ငံရေးဖက်တွင် အဆိုပါ အဖွဲ့များသည် NUG အဖွဲ့ဝင်များနှင့် စစ်တပ်နှင့် လွတ်ရာလွတ်ကြောင်း ထွက်လာသူများကိုပါ ခိုလှုံခွင့် ပေးထားပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် အတွက် ပါ ပါဝင်ဆွေးနွေးခဲ့ကြသည်။ NUG တွင် ပါဝင်ရန် ၎င်းတို့ဖက်မှ ကိုယ်စားလှယ်များ လျာထားပေးခြင်း ၊ ကိုဗစ် ကူးစက်ရောဂါ တုန့်ပြန် ကာကွယ်ရေး နှင့် အခြား အကူအညီ ပေးနိုင်သည့် ကိစ္စများတွင် လည်း ပူးတွဲ လုပ်ကိုင်ခဲ့ကြသည်။



စစ်ရေး နယ်ပယ်တွင်လည်း PDF များကို လေ့ကျင့်ပေးခဲ့ပြီး အတူတွဲ၍ တိုက်ခိုက်လာခဲ့သည်။ NUG အတွက် လက်နက်များ ရအောင် ကူညီပေးခဲ့သည့်အပြင် စစ်ရေး မဟာဗျုဟာများကိုလည်း အကြံပေးခဲ့သည်။



တကယ်တမ်းတွင် အဆိုပါ အဖွဲ့များသည် NUG နှင့်
ပူးပေါင်းရန် မည်သည့် အကြောင်းတစုံတရာမျှ မရှိဟု ဆိုရမည် ဖြစ်သည်။ စောစောပိုင်းက တင်ပြခဲ့သည့်အတိုင်း ၎င်းတို့သည် ဒေသတွင်းရှိ လူထု၏ အသံကို နားထောင်တတ်သည့် အစဉ်အလာများ အခိုင်အမာ ရှိနေခဲ့ကြသူများ ဖြစ်သည်၊ ၎င်းတို့ ကာကွယ်ပေးရန် တာဝန်ရှိသည့် လူထုကြီးက အာဏာသိမ်းမှုအား ဒေါသတကြီး တုန့်ပြန်လာကြသည့် နောက်တွင်တော့ စစ်တပ်၏ ရက်စက်စွာ လက်တုန့်ပြန်ခြင်းကို ခံခဲ့ကြရသည်ကို တွေ့မြင်လာခဲ့သည်။



အချို့ကလည်း ပြီးခဲ့သည့် ငါးနှစ် အတွင်း ပြုလုပ်ခဲ့ကြသည့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများသည် မည်သို့မှ တိုးတက်မလာခဲ့ခြင်း အပေါ်လည်း စိတ်ပျက်လာခဲ့သည်။ ထို့အတွက် အာဏာသိမ်းလာခဲ့သည်ကို ၎င်းတို့ လိုလားသည့် ရခဲသည့် နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည့် တခုတည်းသော အခွင့်အရေး တရပ် အဖြစ်လည်း ရှုမြင်လာခဲ့သည်။



ဗမာ များအကြား သဘောထား အမြင်များ ပြောင်းလဲလာမှုကိုလည်း ဝမ်းသာအားရ ဖြစ်လာခဲ့သည်။ ၎င်းတို့အား ခွဲထွက်ရေးသမားများ၊ ပြည်ပဩဇာခံများ၊ ငြိမ်းချမ်းမှု ရရှိရေးတွင် ဖျက်လိုဖျက်ဆီး လုပ်နေသူများဟု ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် ဗမာများသည် ဝါဒမှိုင်း တိုက် ခံခဲ့ကြရသူများ ဖြစ်သည်။



ယခုအခါ ဗမာများသည် လက်နက်ကိုင် အုပ်စုများနှင့် တိုင်းရင်းသားလူနည်စုများ၏ အရေးကို မိမိတို့ အရေးဟု ခံယူလာကြပြီ ဖြစ်သည်။ ၎င်းတို့ အထင်အမြင် လွဲမှားအောင် စစ်တပ်၏ ပုံဖေါ်ခြင်းခံခဲ့ရသည့် အဖြစ်ကိုလည်း ဝန်ခံခဲ့ကြသည်။



စစ်တပ်နှင့် ၎င်းတို့၏ လက်ဝေခံများက ဆိုရှယ်မီဒီယာ များ အပါအဝင် နည်းလမ်းပေါင်းစုံဖြင့် ဗမာများအား တိုင်းရင်းသားများနှင့် ဆက်၍ ရန်တိုက်ပေးနေ
ဆဲ ဖြစ်သော်လည်း ထိရောက်မှု မရှိတော့ပေ။



၎င်းတို့ အကျိုးရှိရာ ရှိကြောင်း ထည့်သွင်းစဉ်းစားခဲ့မှုသည်လည်း အကြောင်းရင်းခံ တရပ် အဖြစ် ပါဝင်လာခဲ့သည်။ KIO နှင့် KNU (အထူးသဖြင့် တပ်မဟာ ၅ ) သည် အခွင့်အရေး တရပ် အဖြစ် အသုံးချကာ စစ်တပ် စခန်းများကို သိမ်းယူခဲ့ကြသည်။ ယင်းနှင့် အတူ ဆုံးရှုံးခဲ့သော နယ်မြေများကို ပြန်လည် ရရှိခဲ့ပြီး အင်အားကို ပြန်၍ တည်ဆောက်လာခဲ့သည်။



ယခုအခါ ၎င်းတို့ ထိန်းချုပ်နယ်မြေများ တဝိုက်တွင် PDF များဖြင့် ကြားမှ ခံထား နိုင်မည့် ဇုန်များ ဖန်တီးပေးလာခဲ့သည်။ KIO အတွက် စစ်ကိုင်းတိုင်း အတွင်း၊ KNU အတွက် မွန်၊ တနင်္သာရီ နှင့် ပဲခူးဒေသများတွင် ဖြစ်သည်။



အလားတူပင် လူထု၏ ပုန်ကန်ထကြွမှုနှင့် အတူ ရပ်တည်ပေးခဲ့ခြင်းဖြင့် CDF နှင့် KNPP တို့သည်လည်း မထင်မရှား လက်နက်ကိုင် အဖွဲ့ အဖြစ် ဆယ်စုနှစ်ပေါင်းများစွာ နေလာခဲ့ရာမှ အင်အား ပြန်လည် တောင့်တင်းလာခဲ့သည်။



ငြိမ်းချမ်းစွာ ဆန္ဒပြရာ မှ လက်နက်ကိုင် တော်လှန်ရေး ကြီး အဖြစ် ရွေ့လျားလာခဲ့ခြင်းသည် အဆိုပါ လက်နက်ကိုင် အဖွဲ့ လေးဖွဲ့ အတွက် အန္တရာယ် သဘောမျိုး ဖြစ်လာခဲ့သည်။ ၎င်းတို့၏ ဒေသများ အတွင်း တခုတည်းသော လက်နက်ကိုင် အဖွဲ့အစည်း အဖြစ် ရပ်တည်လာခဲ့ရာမှ ယခုအခါ PDF များ ကို တနည်းတဖုံ ထိန်းချုပ်နိုင်ရန် မဖြစ်မနေ ဆက်ဆံလာခဲ့ကြရပြီ ဖြစ်သည်။



ပေါ်ပေါက်လာ‌ သော တော်လှန်ရေး အင်အားစုများ အပေါ် အတိုင်းအတာ တခုအထိ ထိန်းချုပ်နိုင်ရန် ပြုလုပ်ခဲ့သည်။ ဥပမာ ဆိုရက ကယား ပြည်နယ် အတွင်း KNPP သည် ပဋိပက္ခ အတွင်းသို့ မဖြစ်တော့၍သာ ပါဝင်လာခဲ့ခြင်း ဖြစ်သည်။ မတ်လ နှင့် ဧပြီလ အတွင်း အခြားဒေသများမှ ရောက်ရှိလာ‌ သော တက်ကြွလှုပ်ရှားသူများကို စစ်သင်တန်းများ ပေးခဲ့သော်လည်း ပထမပိုင်းတွင်မူ စစ်တပ်ကို တိုက်ခိုက်ရာတွင် ၎င်းတို့ ပါဝင်ခဲ့ခြင်း မရှိဟု KNPP မှ အထက်တန်း ပါတီကေဒါတဦးက အိုင်စီဂျီအား ပြောပြခဲ့သည်။ နောက်ပိုင်းတွင် ကရင်နီ လူငယ်များက လက်နက်စွဲကိုင်လာပြီး ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းလာသည့် ကို မြင်လာသည့် အခါတွင်တော့ သဘောထား ပြောင်းလဲလာခဲ့ကြသည်။။ ၎င်းတို့ လူငယ်လေးများသည် လက်နက် အင်အား တောင့်တင်းပြီး တိုက်ပွဲ အတွေ့အကြုံ များ‌နေပြီး ဖြစ်သည့် စစ်တပ်ကို ရင်ဆိုင်ကြရပေတော့မည် ဆိုကာ ခေါင်း‌ ဆောင်ပိုင်းက စိုးရိမ်လာခဲ့ကြသည်။



ထိုသို့ စိုးရိမ်မကင်း ဖြစ်လာမှုများ နှင့် အတူ ယခုအခါ KNPP သည် စိတ်ရောကိုယ်ပါ နှစ်မြုပ်ကာ ပါဝင်တိုက်ခိုက်လာကြပြီ ဖြစ်သည်။ (ပုံတွင် ကရင်နီ တပ်တော်ကို တွေ့နိုင်သည်)



အဆိုပါ လက်နက်ကိုင် အဖွဲ့ လေးဖွဲ့သည် NUG နှင့် စစ်ရေး နှင့် နိုင်ငံရေးဖက်တွင် ပုံစံ အမျိုးမျိုး နှင့် ပူးပေါင်းလာခဲ့သည်။ ဥပမာ KIO သည် နိုင်ငံရေး ဖက်တွင် ‌ဆွေးနွေးစရာ ရှိသည်များကို ကချင် နိုင်ငံရေး ကြားကာလ ညှိနှိုင်းရေး အဖွဲ့ကို ဖွဲ့စည်းပြီး တာဝန် လွှဲပေးခဲ့သည်။ ထိုအဖွဲ့ကို မတ်လ အတွင်း က နိုင်ငံအတွင်း နှင့် ပြည်ပမှ ကချင် တိုင်းရင်းသားများ နှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။



သို့သော် NUG အဖွဲ့တွင် ပါဝင်ရန် ကချင် ကိုယ်စားလှယ် ကိုမူ တင်သွင်းရန် ကြိုးစားခဲ့ခြင်း မရှိပေ၊ ၎င်းတို့ ဖွဲ့စည်းပေးသည့် အဖွဲ့နှင့် NUG တို့မှ ကချင် ပြည်နယ် အစိုးရ တရပ် ဖြစ်ပေါ်လာရေး အတွက် ပူးပေါင်းဆောင်ရွက်သင့်သည်ဟု ဆိုသည်။



သို့သော်လည်း PDF တပ်များ ဖွဲ့စည်းတည်ဆောက်ရေး နှင့် လေ့ကျင့်ပေးရေး တို့တွင်တော့ NUG နှင့် တိုက်ရိုက် ဆက်သွယ် ပြုလုပ်ပေးခဲ့သည်။ ယခင်ကတည်းက ၎င်းတို့ဩဇာ သက်ရောက်ခြင်း မရှိခဲ့သည့် စစ်ကိုင်းတိုင်း မြောက်ပိုင်း ဒေသများတွင် အသစ် ဖြစ်ပေါ်လာသော PDF တပ်ဖွဲ့များနှင့် ပူးတွဲတိုက်ခိုက်လာခဲ့သည်။


သို့သော် ချင်း အမျိုးသား တပ်ဦး CNF သည် KIO တို့နှင့် တမူ ထူးခြားစွာ နိုင်ငံရေး ဖက်တွင် သိသိသာသာ ပူးပေါင်း ဆောင်ရွက်လာခဲ့သည်။ NUG အတွက်လည်း ဝန်ကြီး အဆင့် ခန့်အပ်နိုင်ရန် ကိုယ်စားလှယ် လျာထားပေးခဲ့ပြီး KNPP ကလည်း ဒုတိယ ဝန်ကြီး အဆင့် အတွက် တဦးစေလွှတ်ပေးလာခဲ့သည်။



KNU  ကမူ ထိုင်းနယ်ခြား တလျောက် ကျယ်ပြန့်သော နယ်မြေများကို ထိန်းချုပ်ထားနိုင်မှု နှင့် ထိုဒေသများရှိ မြို့ပြ လူ့အဖွဲ့အစည်းများ နှင့် နီးကပ်စွာ လုပ်ကိုင်ဆောင်ရွက်နေမှု များကြောင့်ဝန်ဆောင်မှု လုပ်ငန်းများတွင် အတွေ့အကြုံများစွာ ရှိထားပြီး ဖြစ်၍လည်း NUG ၏ ကိုဗစ် ကာကွယ်တားဆီးရေး နှင့် ကျန်းမာရေး ကော်မတီ လုပ်ငန်းများ အတွက် အလိုအလျောက် ပူးပေါင်းဆောင်ရွက်ပြီးသား ဖြစ်လာခဲ့ရသည်။ ကရင်လက်နက်ကိုင် အဖွဲ့မှ ဖဒိုးမန်းမန်သည်ပင် ကျန်းမာရေး ကော်မတီ ဥက္ကဌ ဖြစ်လာခဲ့သည်။