အိုင်စီဂျီ အစီရင်ခံစာ (၁၀)

by Hla Soewai - Jan 24 2022

(၃) (င)  ထိတွေ့ဆက်ဆံနိုင်မည့် အတိုင်းအတာ




NUG နှင့် ထောက်ခံအားပေးလာသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် လက်ရှိ ခြံစည်းရိုး ခွထိုင်နေသူများ အကြား အနာဂတ် ဆက်ဆံရေး လမ်းကြောင်းသည် ဖက်ဒရယ် နိုင်ငံတော် ပေါ်ထွန်းရေး အတွက် သဘောတူညီချက် ရရှိနိုင်မည် ကို မည်မျှ အတိုင်းအတာ အထိ ယုံကြည်မှု ရှိနေသည် ဆိုသည် အပေါ် မူတည်‌နေပေသည်။ ဖက်ဒရယ်စနစ်အား မည်သို့သော ပုံစံမျိုးနှင့် သွားမည်နည်း၊ စပ်ကူးမတ်ကူး ကာလအတွင်း အာဏာကို မည်သို့ ခွဲဝေကျင့်သုံးသွားမည်နည်း ဆိုသည် တို့ကို သဘောတူညီမှု ရရန် လိုအပ်လာသည်။


တိုင်းရင်းသား ခေါင်းဆောင်များဖက်က CRPH/ NUG သည် အထူးသဖြင့် မည်မျှ အတိုင်းအတာအထိ အုပ်ချုပ်မှုကို ဖြေလျော့ပေးမည်၊ အားလုံး တစုတဝေးတည်း ပါဝင်နိုင်မည့် စစ်မှန်သော နိုင်ငံရေး ဦးဆောင်မှုကို လက်ခံကြမည်လား ဆိုသည် အပေါ် သံသယများ ရှိနေဆဲ ဖြစ်သော်လည်း ၎င်းတို့နှင့် ဆက်၍ လုပ်ကိုင်သွားရန် စိတ်အားထက်သန်‌နေကြဆဲ ဖြစ်သည်။ CRPH ဖက်ကလည်း သဘောကွဲလွဲမှုများ ရှိ‌နေသော်လည်း ထိုအတိုင်းပင် ခံယူထားကြသည်။



လက်ရှိ အနေအထားသည် ယခင်ကာလများထက် ပို၍ အရေးကြီးလာ‌နေပြီး အားလုံး အတူတကွ ပို၍ နီးကပ်စွာ ပူးပေါင်းလုပ်ကိုင်သွားကြမည် ဆိုလျှင် အကျိုး ဖြစ်ထွန်းလာနိုင်ဖွယ် ရှိနေသည်ကို အသိအမှတ် ပြု လက်ခံလာကြသည်။



ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် စာတမ်း အပိုင်း (၂) နှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက စိတ်ပျက်သွားကြသော်လည်း ဆွေးနွေးနေသည့် လမ်းကြောင်းမှ ဖယ်ခွာ မသွားပဲ ဆက်လက်
ထောက်ပြ၍ ဆွေးနွေးခဲ့ကြခြင်းကပင် တိုးတက်မှုများ ဖြစ်ပေါ်လာစေခဲ့သည်။



ရှေ့ပြေး ပုံစံဖြင့် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ အဖွဲ့ကို  ဖွဲ့စည်းကာ CRPH/NUG သည် ၎င်းတို့ စိုးရိမ်မကင်း ဖြစ်နေမှုများကို ဖြေရှင်းရန် ဆက်လက် ဆွေးနွေးခဲ့ကြသည်။ နှစ်ဖက်စလုံးက ၎င်းတို့ အချင်းချင်း အတူတကွ ပူးပေါင်းဆောင်ရွက် နိုင်မည့် လမ်းကြောင်းတခု ဖြစ်သော မြိုပြ အဖွဲ့အစည်းများလည်း ပါဝင် ဆောင်ရွက်နိုင်မည့်လူသားချင်း စာနာ အကူအညီ ပေးနိုင်မည့် လုပ်ငန်းမျိုးကို တွေ့ရှိလာခဲ့ကြသည်။



ယခုအခါ တရားဝင် ဖွဲ့စည်းလာပြီးဖြစ်သည့် ကောင်စီသည် ထိုသို့ ပူးပေါင်းဆောင်ရွက်ရေး နှင့် မူဝါဒ ချမှတ်နိုင်ရေး တို့အတွက် လုပ်ငန်း ယန္တရားများ တည်ဆောက်ပေးလာမည်ဟု မျှော်လင့်ရပေသည်။



ကနဦး ကာလများတွင်တော့ မည်မျှအထိ ထိရောက်မှု ရှိနိုင်သည်ကို ခန့်မှန်းရ ခက်သော်လည်း မယုံမကြည် ဖြစ်နေမှု များ အပြီးအပိုင် ပပျောက်သွားစေနိုင်သည့် ကောင်းကျိုး များ ဖြစ်ထွန်းလာနိုင်သလို အခြေအတင် ငြင်းခုံပြောဆိုလာရသည့် အဆင့်သို့လည်း ရောက်ရှိသွားနိူင်ပေသည်။



ဖက်ဒရယ် ပဋိညာဉ် စာတမ်း၏ အပိုင်း (၂) သည်
တိုင်းရင်းသား လက်နက်ကိုင်များ အတွက် အခြေအတင် ဆွေးနွေးရမည့် အဓိက စိန်ခေါ်မှုကြီး ဖြစ်လာခဲ့သည်။ ၎င်းတို့အဖို့က စစ်အာဏာသိမ်း အဖွဲ့ကို အမြန်ဆုံး ချေမှုန်းနိုင်ရေး နှင့် အတိုက်အခံ အင်အားစုများ နှင့် အနာဂတ် တွင် ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေး အတွက် အုတ်မြစ် အခိုင်အမာ ချမှတ်နိုင်ရေး အကြားတွင် ဟန်ချက်ညီညီ ပြုလုပ်သွားရဖို့ ဖြစ်လာခဲ့သည်။


CRPH/NUG သည်လည်း ရလဒ်ကောင်းများ ထွက်ပေါ်လာအောင် ပြုလုပ်ပေးရန် လူထုကြီး၏ ပြင်းထန်သော ဖိအားများ အပြင် ၎င်းတို့သည် စစ်ကောင်စီကို စိန်ခေါ်နိုင်စွမ်း ရှိသည့် အုပ်ချုပ်ရေး စွမ်းရည် ပြည့်ဝသည့် အဖွဲ့အစည်း အဖြစ် ရပ်တည် လှုပ်ရှား
နိုင်စွမ်း ရှိနေကြောင်းကို ပြည်တွင်း ပြည်ပ မှ စောင့်ကြည့်နေသူများကို သက်သေပြနိုင်ရန်လည်း လုံးပမ်းနေရပေသည်။


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ယခင်ကတည်းက ဗမာလူများစု လွှမ်းမိုးနေသည့် အစိုးရ
အဆက်ဆက် နှင့် ဆွေးနွေးညှိနှိုင်းခဲ့ပြီး ဖြစ်သော်လည်း ကတိများ တသီတတန်းကြီးပေးကာ လိုက်နာခြင်း မရှိသည့် အဖြစ်များနှင့် အဆုံးသတ်သွားခဲ့ရသည့် အတွေ့အကြုံများကလည်း ရှိထားကြပြီး ဖြစ်သည်။



တူညီသော အမြင်များ အပေါ် အခြေခံကာ အချိန်ယူရဦးမည် ဖြစ်သည့် အုပ်ချုပ်ရေး စနစ်သစ် တရပ် ထူထောင်ရေး ဆိုသည်တို့ကို မူအားဖြင့် သဘောတူညီသည့် အဆင့် ရောက်ရှိလာသည့် နည်းလမ်းမျိုးဖြင့် ယုံကြည်မှူ တည်ဆောက်လိုကြသည်။



တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် NUG နှင့် မည်မျှ အတိုင်းအတာ အထိ နက်နက်ရှိုင်းရှိုင်း ထိတွေ့ ဆက်ဆံသွားနိုင်မည် အပေါ် ကန့်သတ်သလို ဖြစ်လာစေသည့် အခြားအကြောင်းများလည်း ရှိထားပြန်သည်။ ၎င်းတို့အဖို့က ဆယ်စုနှစ်ပေါင်းများစွာ တိုက်ခိုက်လာသည့် အတွေ့အကြုံများအရ စစ်တပ်ကို ချေမှုန်းနိုင်ဖို့ ဆိုသည်က မည်မျှ ခက်ခဲကြောင်း သိရှိထားကြပြီး NUG နှင့် ပူးပေါင်းလိုက်ခြင်းဖြင့် ဖြစ်ပေါ်လာမည့် စစ်တပ်နှင့် ထိတ်တိုက် ရင်ဆိုင်ရမည့် အရေးကြောင့်  မိမိတို့ အတွက် အကျိုးများလာဖွယ် ရှိမရှိ ဆိုသည်ကိုလည်း စဉ်းစားလာကြသည်။



လက်ရှိတွင် ၎င်းတို့အဖို့ စစ်တပ်၏ အ‌ချိန်မရွေး တိုက်ခိုက်ခံရနိုင်သည့် အနေအထား ရှိနေသည်။ ဥပမာ ဆိုရက KIO ၏ ဌာနချုပ် ရှိရာ လိုင်ဇာသည် စစ်တပ်၏ အမြှောက်တကမ်း အကွာအဝေး တွင် ရှိနေသည်။ ထို့အတွက် မလိုအပ်ပဲနှင့် ၎င်းတို့ ပစ်မှတ်ကြီး အဖြစ် ရောက်ရှိသွားမည့် အရေးကို မလိုလားကြပေ။


ထို့အတွက် ကြောင့်လည်း NUG နှင့် ပူးပေါင်း လုပ်ဆောင်နေသည်များကို ဖုံးကွယ်ရန် ကြိုးစားသည့် အနေဖြင့် ငြင်းဆိုသည့် ကြေညာချက်များ ထုတ်ပြန်ခြင်း၊ သတင်းများကို စီစစ်ခြင်း၊ ၎င်းတို့ လက်အောက်တွင် စစ်သင်တန်းများ တက်ရောက်နေသည့် အကြောင်းများကို ဆိုရှယ် မီဒီယာများပေါ်တွင် တင်ခြင်းမျိုးကို ပိတ်ပင်ခြင်းများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။



ထို့ပြင် KIO သည် NUG နှင့် နိုင်ငံရေးအရ ထိတွေ့ဆက်ဆံလာစရာ ရှိသည်များကို ကြားကာလ ကချင် နိုင်ငံရေး ညှိနှိုင်းမှု အဖွဲ့ကို တာဝန်ယူစေခဲ့သည်။ ထို့အတွက်လည်း အကြောင်းမသင့်လျင် ၎င်းတို့နှင့် မပတ်သက်ဟု ငြင်းဆို၍ ရနိုင်သည့်အပြင် သတင်းသမားများအားလည်း PDF များကို စစ်သင်တန်းပေးနေသည်များကို ရေးသားခြင်း မပြုရန်ပါ ဟန့်တားခဲ့ကြသည်။



တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံးလိုလိုသည် နယ်စပ်ဒေသများတွင် အခြေစိုက်ထားကြပြန်၍ အိမ်နီးချင်း နိုင်ငံများ ဖြစ်သည့် တရုတ်၊ ထိုင်းနိုင်ငံများ မူဝါဒများဖြင့် ဘောင်ခတ်လာခြင်းကို အတိုင်းအတာ တခုထိ ခံနေရသည်၊ အိန္ဒိယနှင့်မူ ထိုမျှလောက် အထိ မခံခဲ့ရပေ။



အဆိုပါ သုံးနိုင်ငံစလုံးသည် စစ်တပ်နှင့် စစ်ရေး နှင့် နိုင်ငံရေး တို့တွင် နီးကပ်စွာ ဆက်ဆံမှု များ ရှိနေသည်။ သုံးနိုင်ငံစလုံးကလည်း ပဋိပက္ခများ ကြီးထွားလာပြီး ဒုက္ခသည်များ နယ်ခြား ဖြတ်ကျော် ဝင်ရောက်လာမည်ကို မြင်တွေ့လိုကြခြင်း မရှိပေ။



ထို့အတွက် NUG နှင့် နီးကပ်စွာ လုပ်ကိုင်နေကြသည့် KIO နှင့် KNU အဖွဲ့များသည် ၎င်းတို့အား ဗျုဟာ ပိုင်းတွင် အကျိုး ရှိလာနိုင်သည်ဟု ရှုမြင်ထားသော PDF များကို ပံ့ပိုးပေးနေသလို တဖက်ကလည်း ၎င်းတို့ အနေဖြင့် စစ်တပ် နှင့် ရေကုန်ရေခမ်း စစ်ပွဲကြီးမျိုး ဆင်နွှဲသွားဖို့ မရှိပဲ စေ့ဆပ်ဆွေးနွေးနိူင်ရန် လမ်းဖွင့်ထားဆဲဆိုသည်ကို စစ်တပ် နှင့် အိမ်နီးချင်း နိုင်ငံများ သိအောင်လုပ်ဖို့ ရှိနေပြန်၍ သိမ်မွေ့စွာ လှုပ်ရှားနေကြရသည်။



သို့သော် စစ်တပ်သည် ၂၀၂၁ ဒီဇင်ဘာအတွင်း ကရင်ပြည်နယ် လေးကေ့ကော် ဒေသအတွင်း စစ်ရေး အရှိန် မြှင့်တင်လာမှု ကြောင့် အထက်တွင် ဆိုခဲ့သည့် အတိုင်း ရပ်တည်သွားဖို့က ခက်ခဲလာရသည်။




ပြီးခဲ့သည့် လအနည်းငယ် အတွင်း စစ်ရေး အရ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု မရခဲ့သည့်အပြင် NUG သည် PDF များအပေါ် မိမိတို့ လက်အောက်တွင် တစုတစည်းထဲ ထိန်းချုပ် ကွပ်ကဲ နိုင်စွမ်း မရှိ ဖြစ်နေရမှုများ နှင့် ရောက်ရှိလာသူများကို စစ်ရေးလေ့ကျင်ပေးရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ဆက်ပြီး မှီခို‌‌ နေရဆဲ ဆိုသည်များကြောင့် သဘောကွဲလွဲစရာများ ဖြစ်လာခဲ့ရသည်။



ယခုအခါ NUG နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ဖြစ်လာနိုင်သည့် အငြင်းပွားမှုများကို လက်ဦးမှု ယူ၍ ကြိုတင်ဖြေရှင်းနိုင်ရန် စီမံလာနေကြပြီ ဖြစ်သည်။



၂၀၂၁ အောက်တိုဘာ ၂၈ ရက်တွင် NUG သည် ဗဟိုကွပ်ကဲမှုနှင့် ညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။



အဆိုပါ အဖွဲ့၏ ရည်ရွယ်ချက်သည် တိုင်းရင်းသား လက်နက်ကိုင်များ နှင့် ညှိနှိုင်းပြီး တခုတည်းသော အမိန့်ပေး အမိန့်ခံ စနစ်ဖြင့် ဦးဆောင်မှု ပေးသွားရေး၊ နယ်မြေ အငြင်းပွားမှု များ မဖြစ်ပေါ်အောင် ရှောင်ရှားရေး နှင့် PDF များ အပေါ် မည်သို့မည်ပုံ စီမံအုပ်ချုပ်နေသည်တို့ကို ရှင်းလင်းစွာ အသိပေးရေး တို့ အကောင်အထည် ဖေါ်ရန် ပင် ဖြစ်သည်။



ထိုကဲ့သို့သော ကော်မတီမျိုး ဖွဲ့စည်းနိုင်ဖို့က မရှိမဖြစ် လိုအပ်လာသည်၊ PDF များသည် NUG ၏ ဦးဆောင်မှု အောက်တွင် ရှိနေသည်ဟု အပြင်ပန်းအားဖြင့် ယူဆရသော်လည်း လက်တွေ့တွင် ၎င်းတို့ကို လေ့ကျင့် သင်ကြားပေးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ၏ လွတ်မြောက်နယ်မြေများထဲတွင်ပင် ရှိနေကြဆဲ ဖြစ်သည်။ အချို့ကလည်း လေ့ကျင့် သင်ကြားနိုင်ရန် စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။


KIO နှင့် KNU နှစ်ဖွဲ့စလုံးက မည်သည့် လက်နက်ကိုင် အဖွဲ့ကိုမျှ မိမိတို့ နယ်မြေများ အတွင်း ကိုယ့်သဘောနှင့် ကိုယ် လှုပ်ရှားခွင့် မပြုဟု
ကြေညာထားပြီး ဖြစ်သည်။ ထိုအစား ကရင်နှင့် ကချင် ပြည်နယ်များ မှ သင်တန်းသားများ အပါအဝင် PDF အချို့ကို ၎င်းတို့ တပ်များထဲသို့ သွတ်သွင်းခဲ့ကြသည်။



ထိုအကြောင်းနှင့် ပတ်သက်၍ KNU တာဝန်ရှိသူ တဦးက အိုင်စီဂျီ သို့ ယခုလို ပြော လာခဲ့သည်။



"ဂူတဂူထဲမှာ ခြင်္သေ့နှစ်ကောင် အောင်းလို့တော့ မဖြစ်ဖူးဗျ၊ ကျွန်တော်တို့က NUG ကို လက်ခံပေမယ့် PDF တွေကျတော့ သူတို့နယ်မြေထဲ သူတို့နေဖို့ လိုတယ်လေဗျာ၊ ကျွန်တော်တို့ တပ်တွေလည်း ကိုယ့်နယ်မြေထဲ ကိုယ်နေကြတာပဲ"


KIO သည်လည်း အလားတူ ပုံစံမျိုး ကျင့်သုံးခဲ့သည်။ လိုင်ဇာတွင် လေ့ကျင့်ပေးခဲ့သော ပထမဦးဆုံး ခုနှစ်သုတ် ထဲတွင် နှစ်သုတ်သာ ၎င်းတို့ဒေသများသို့ ပြန်သွားခဲ့ကြပြီး ကျန်လူများကိုမူ အတွေ့အကြုံရရန် ဆိုကာ ရှေ့တန်းတွင် အကူ သဘောမျိုး ထားရှိခဲ့ကြသည်။



ကွပ်ကဲရေး နှင့် ထိန်းချုပ်ရေး နှင့် စပ်လျင်းပြီး ရှင်းရှင်းလင်းလင်း မရှိမှုကြောင့် ရှုပ်ထွေးစရာများ ဖြစ်လာပြီး အချို့နေရာများတွင် မကျေမနပ် တိုင်တန်းမှုများပင် ပေါ်ပေါက်လာခဲ့ရသည်။ ဥပမာအားဖြင့် PDF သင်တန်းသားများကို ၎င်းတို့ အဖွဲ့များထဲ သွတ်သွင်းနေမှုပင် ဖြစ်သည်။



ထိုပြဿနာများကို တိုင်းရင်းသား ခေါင်းဆောင်များ သတိပြူမိလာကြသည့် အခါတွင်တော့ ထုံးစံ အတိုင်း အလွတ်သဘော ဖြေရှင်းပေးလာခဲ့ကြသည်။


ညှိနှိုင်းရေး ကော်မတီသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ၎င်းတို့နယ်မြေ အတွင်းရှိ PDF များ အပါအဝင် တပ်များ အားလုံးကို ထိန်းချုပ်ပိုင်ခွင့် ရှိနေသည်ဟူသော နားလည်မှု ကို အခိုင်အမာ တည်ဆောက်ပေးခဲ့ပြီး ဖြစ်သည်၊ ထို့နောက်တွင် ၎င်းတို့အား မည်သို့မည်ပုံ စီမံခန့်ခွဲပြီး ဖြန့်ကျက် ချထားရမည် တို့ကို ဆုံးဖြတ်ပေးမည့် လုပ်ထုံးလုပ်နည်းများကို သတ်မှတ်ပေးသွားမည် ဖြစ်သည်။



KNU နယ်မြေ အတွင်းရှိ သင်တန်း ဆင်းပြီးစ PDF အင်အား သုံးပုံနှစ်ပုံ နှင့် KNU တပ်အင်အား သုံးပုံတပုံ ခန့်ထည့်သွင်းပြီး ကွပ်ကဲပေးသွားမည် ဖြစ်သည်။ NUG သည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အငြင်းပွားမည့် အရေးကို ရှောင်ရှားလို၍ ထို အစီအစဉ်ကို တစိတ်တပိုင်း အားဖြင့် သဘောတူ ပေးခဲ့သည်။ ၎င်းတို့ အနေနှင့်လည်း လက်တွေ့တွင် PDF သင်တန်းဆင်းများအား ကွပ်ကဲရန် နှင့် လက်နက် တပ်ဆင်ပေးရန် တို့ကို စီစဉ် မပေးနိုင်ခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။



ညှိနှိုင်း‌ဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းများသည် လျို့ဝှက်ထားသော နေရာများတွင် စစ်သင်တန်း
တက်ရောက်‌‌နေသည့် PDF တပ်မများ၏ လှုပ်ရှားမှု များနှင့် ပတ်သက်၍ အငြင်းပွားစရာ ဖြစ်လာနိုင်သည်များ ကို ဖြေရှင်းပေးနိုင်ရန် အထောက်အကူ ရလာခဲ့သည်။