ဦးမင်းအောင်လှိုင် အဖြစ်ကိုပင် မစောင့်နိုင်ရှာတော့

by Hla Soewai - Jan 25 2022

စစ်တပ်၏ ကိုယ်ကျိုးရှာ အာဏာသိမ်းမှုကြောင့် တိုင်းပြည်သည် အသူရာနက်သော ဂျောက်ကြီးထဲသို့ ထိုးဆင်းနေသည်ကို ၎င်းတို့ လုပ်သမျှကို မျက်စိမှိတ် ထောက်ခံနေသည့် လက်တဆုပ်စာ လူနည်းစု မှ လွဲ၍ တတိုင်းပြည်လုံး တွေ့မြင်လာနေရပြီ ဖြစ်သည်။

သို့သော် အာဏာသိမ်း ခေါင်းဆောင်က ပြည်တွင်း ပြည်ပကို နားလှည့်ပါးရိုက် လုပ်နိုင်ရန် အကြံဖြင့် ဗိုလ်ရှု့ခံ ပွဲကို ကျပ် ငွေ ဘီလီယံ ပေါင်းများစွာ အကုန်အကျ ခံ၍ ပြုလုပ်ရန် စီစဉ်နေပြီ ဖြစ်သည်။

ထိုသို့သော ဗိုလ်ရှုခံ သဘင်သည် အရပ်သား သမ္မတ ဖြစ်သူအား ကြည်းရေလေ တပ်ပေါင်းစုက ချီတက် အလေးပြုသည့် အစဉ်အလာ ရှိခဲ့သော်လည်း ယခုအခါ မင်းအောင်လှိုင်သည် အရပ်သား သမ္မတ အဖြစ်ကိုပင် မစောင့်နိုင်ရှာတော့၊ သူ၏ သမ္မတ ဖြစ်ရေး ရည်မှန်းချက်သာ ပြည်သူ့အစိုးရက မဟန့်တားနိုင်ခဲ့ပါမူ ယခုအခါ တရားဝင် ပျော်ပျော်ကြီး ပြုလုပ်တော့မည်က ကြိမ်းသေနေပေသည်၊ ယခုအခါ တွင်တော့ "ငါလုပ်ချင်တာ အတင်းလုပ်မည့်" အဖြစ်မျိုးနှင့်သာ ကျင်းပရတော့မည့် အဖြစ်ရောက်သွားခဲ့ရရှာပြီ ဖြစ်သည်။

တတိုင်းပြည်လုံး ရှိ ပြည်သူများ အနာဂတ် ပျောက်နေချိန်၊ လူများစုကြီးက တထွာမျှသာ ရှိသော ဝမ်းကို ဖြည့်တင်းနိုင်ဖို့ အရေး နေဝင်မှ နေထွက် မသေယုံတမည် ရုန်းကန်နေရချိန်၊ ၎င်းတို့၏ အုပ်ချုပ်နေမှုကို အသိအမှတ် ပြုသည့် နိုင်ငံဟူ၍ လက်ငါးချောင်းပင် မပြည့်သော အချိန်မျိုးတွင် ထိုကဲ့သို့ ကြံစည်စိတ်ကူးလာသည့် အဖြစ်ကို ရူးနှမ်းခြင်း သက်သက်ဟု မပြောက အခြား မည်သို့များ ပြောနိုင်ပေဦးမည်နည်း။
လုပ်သင့် မလုပ်သင့်ကိုပင် မိမိ အသိညဏ် ဖြင့် ဆင်ခြင်သုံးသပ်နိုင်သည့် အသိလိမ္မာ ကင်းမဲ့နေသည်ကိုလည်း ပြဆိုနေပေသည်။

ယခု အချိန်အထိ နိုင်ငံသားများ ကောင်းကျိုးချမ်းသာ ရေး အတွက် ဘာတခု မျှ မယ်မယ်ရရ လုပ်ပြနိုင်ခြင်း မရှိ၊ နေပြည်တော်တွင်လည်း ကြာကြာ‌နေရဲဟန် မရှိ နိုင်ငံ အနှံ့လှည့်လည်ကာ ယတြာချေခြင်း၊ ကြက်ခြံ ဝက်ခြံများ လှည့်လည် ကြည့်ရှုခြင်း၊ ဘွဲ့ထူးဂုဏ်ထူး များ ပေး‌နေခြင်းများသာ တွေ့နေရသည်။ ယခုအခါ ဘာသာရေး အရေခြုံများ၏ မြှောက်ထိုးပင့်ကော် လုပ်လာခဲ့မှုကို အကျေနပ်ကြီး ကျေနပ်ကာ နေပြည်တော်တွင် သာယာစား အလိုတော်ရိများ၏ လက်ခုပ်သံများကြားတွင် ဗိုလ်ရှု့သဘင် ဆင်ယင်ကျင်းပရန် မိုက်မဲစွာ ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်သည်။

ထိုသို့ စစ်အုပ်ချုပ်ရေး သမားများက လုပ်ချင်သည့် အရာများကို  တိုင်းပြည်မျက်နှာ မထောက်ပဲပြောင်ပြောင်တင်းတင်း ပြုလုပ်လာနေမှုများကြောင့် ၎င်းတို့ဗိုက်ထဲ အူဘယ်နှစ်ခွေ ရှိသည်ကအစ တတိုင်းပြည်လုံး သိမြင်လာကြပြီး ၎င်းတို့၏ လုပ်ကြံ လီဆယ်မှုများကိုလည်း အကွင်းသား အကွက်သား  အလွယ်တကူ သိမြင်လာနိုင်ကြပြီ ဖြစ်၍ တစထက်တစ စက်ဆုပ်ရွံရှာလာနေကြပြီ ဖြစ်သည်။

စစ်ခေါင်းဆောင်များ၏ စစ်‌ ရေး ဗျုဟာ များလည်း တနေ့တခြား ဆုတ်ယုတ် ကျဆင်းလာနေမှုများကြောင့် ၎င်း၏ လက်ပါးစေ အာဏာပါးကွက်သားများက ရှုံးမဲ မဲကာ  နိုင်ငံတဝှမ်းလုံးရှိ ပြည်သူများ အပေါ် လက်နက်အားကို ဖြင့် ဗိုလ်ကျချင်တိုင်း ဗိုလ်ကျလာ‌နေမှုကြောင့် ၎င်းတို့အား တော်လှန် မောင်းထုတ် နိုင်မှ ဖြစ်မည်ဟူသော သံဓိဋ္ဌာန်များက ခိုင်ခံ့သည်ထက် ခိုင်ခံ့ကြီးထွား လာနေသည်မှာလည်း အထင်အရှားပင် ဖြစ်သည်။

မဇ္ဇျိမ သတင်း အဆိုအရ မကွေးတိုင်း ပေါက်မြို့နယ် အတွင်းရှိ ရေနံတွင်း ဆယ်တွင်းခန့်အား PDF များကို အားပေးနေသည်ဟု စွပ်စွဲကာ မီးရှို့ဖျက်ဆီးသွားကြပြန်သည်။

နိုင်ငံရေး အရ ကွဲပြားမှုများကို လမ်းပေါ်ထွက် 
ထုတ်ဖေါ်ခွင့်ပင် မပေးပဲ ဒလကြမ်း ဖမ်းဆီး သတ်ဖြတ်နေယုံဖြင့် အားမရသေး၊ ပြည်သူများ ထွက်ပေါက် အဖြစ် အိမ်ထဲတွင် ထိုင်ကာ သုံးစွဲနေရရှာသည့် ဆိုရှယ်မီဒီယာ များကိုပင် မထိရဲ မတို့ရဲအောင် ထောင်ချ ပစ်မည်ဆိုကာ ခြိမ်းချောက်သည့် အဆင့်ပင် တက်လှမ်းလာခဲ့ပြီ ဖြစ်သည်။

ဤသည်ကပင် တစထက်တစ ကြီးထွားလာနေပြီ ဖြစ်သော တော်လှန်ရေး ကြီးအား စိုးရိမ် ကြောက်ရွံ့လာမှု များ နှင့် အတူ PDF များကို နှိမ်နှင်းချင်သော စိတ် က မွှန်ထူလာပြီး ကြံရာမရ ဖြစ်ကာ ဂမူးရှူးထိုး လုပ်လာ‌‌ကြခြင်းသာ ဖြစ်ပြီး ၎င်းတို့ကို ပို၍ မုန်းတီး ရွံရှာလာကာ ဆန့်ကျင်လာဖို့သာ ရှိတော့သည်။

ထိုသို့ ပြည်သူများ၏ နားမျက်စိများကို ပိတ်ပစ်ရန် ကြိုးစား‌နေသူများက လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကြီး ကျင်းပပေးပါမည်ဆိုသည့် စကားထက် ပို၍ ဟာသမြောက်သည့် ပျက်လုံးမျိုး ရှိနိုင်မည် မဟုတ်ပေ။

သို့သော် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်မှ အရပ်သား ဦးမင်းအောင်လှိုင်သို့ အာဏာ ပြန်လွှဲမည့် ရွေးကောက်ပွဲကြီးကား အလိုတော်ရိ ပါတီများနှင့် မဖြစ်မနေ ကျင်းပကာ အရပ်သား အစိုးရဟု လုပ်ကြံ ဖန်တီးလာမည်ကား ကြိမ်းသေနေပေသည်။

တဖက်ကလည်း အာဏာကို သေနတ်ပြောင်းဝမှ ထွက်သည်ဟု ယူဆနေပြန်သဖြင့် ထိုသို့ လက်လွတ်ခြေလွတ် ဖြစ်သွားမည့် အရေးကို စိုးရွံ့နေမည်ဟုလည်း ယူဆရပေသည်။

ကျုးလွန်ထားသော စစ်ရာဇဝတ်မှု များ အတွက် အရေးယူပေးရန် ပြည်တွင်း ပြည်ပရှိ လူ့အဖွဲ့အစည်းများ၏ တောင်းဆိုနေမှုသည် တနေ့တခြား ကျယ်လောင်စွာ ထွက်ပေါ်လာနေပြီလည်း ဖြစ်သည်။

တော်လှန်ရေးကြီး မုချ အောင်ရမည်!!!

Illustration credit - Original uploader