သွေးသောက် ညီနောင်ကြီးလည်း လေသံပြောင်းရရှာပြီ

by Hla Soewai - Jan 26 2022

နိုင်ငံတွင်း စစ်တပ်၏ အကြမ်းဖက်မှုများ မြင့်တက်လာနေသည်နှင့် အမျှ တဖက်တွင် အာဆီယံ ၏ အစီအစဉ်များကို ဖျက်လို ဖျက်ဆီး လုပ်နေသည်ဟု အပြင်းအထန် ဝေဖန်ခံလာရသော ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန် မှ ‌လေသံပြောင်းလာခဲ့ပြီ ဖြစ်သည်။

မိမိအနေဖြင့် မင်းအောင်လှိုင်မှ အာဆီယံ ဘုံရပ်တည်ချက် ငါးရပ်ကို အကောင်အထည် ဖေါ်ရာတွင် တိုးတက်မှု များ ရှိလာမှသာ  တက်ရောက်ရန် ဖိတ်ကြားခဲ့သည်ဟု မလေးရှား ဝန်ကြီးချုပ် နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ပြီးနောက် ၎င်း၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားလာခဲ့သည်။

ထို‌သို့ ဆွေးနွေးခဲ့စဉ် အတွင်း မလေးရှား ဝန်ကြီးချုပ် မှ စစ်ခေါင်းဆောင်အား အာဆီယံ အစည်းအဝေးသို့ တက်ရောက်ခွင့် မပြုရန် မလေးရှား၏ ရပ်တည်ချက် ကို ထပ်လောင်း အတည်ပြုခဲ့ပြန်သည်။

ဟွန်ဆန်သည် ဇန်နဝါရီ ၂၆ ရက် ယနေ့တွင် မင်းအောင်လှိုဂ်နှင့် ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးရန် ရှိနေချိန်တွင် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

ဟွန်ဆန်သည် အတိုက်အခံ ခေါင်းဆောင်တဦး ဖြစ်သော ကင် ဆိုခါး အား နိုင်ငံတော် သစ္စာ
ဖေါက်မှု နှင့် ဖမ်းဆီး တရားစွဲဆိုထားသည့် အတွက် နိုင်ငံတကာ၏ ပြစ်တင် ရှုတ်ချမှုကို ခံနေရသူလည်း ဖြစ်သည်။

ဟွန်ဆန်သည် ၎င်းနိုင်ငံ အတွင်း အတိုက်အခံ တဦးတလေမျှပင် လွှတ်တော်ထဲ မဝင်ရအောင် ဖန်တီးခဲ့သည့် ရွေးကောက်ပွဲလိုမျိူး မဟုတ်ပဲ တရားမျှတမှု ရှိပါသည်ဟု နိုင်ငံတကာ လေ့လာစောင့်ကြည်ရေး အဖွဲ့များက တညီတညွတ်တည်း မှတ်ချက်ပေးထားသည့် မြန်မာရွေးကောက်ပွဲကို မင်းအောင်လှိုင် က မတရားဟု တကမ္ဘာလုံးနှင့် တယောက်  မျက်နှာပြောင်တိုက် ပြောရဲသည့် သတ္တိကိုလည်း ကြိတ်၍ အားကျနေမည့် လူမျိုးလည်း ဖြစ်သည်။

စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လုံး နှင့် အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီ တို့မှ မြန်မာ အကျပ်အတည်းကို ဖြေရှင်းရေး အတွက် သက်ဆိုင်နေကြသူ များ အနေဖြင့် မြန်မာ ပြည်သား များ၏ လုံခြုံရေး နှင့် ကောင်းကျိုး ချမ်းသာ ရရှိရေး ကို ဦးစားပေး ထည့်သွင်း စဉ်းစားရမည်ဟု ၎င်းတို့နှစ်ဦး အင်ဒိုနီးရှား ရှိ ဘင်တန် အပန်း‌ဖြေ စခန်းတွင် သီးခြားတွေ့ဆုံစဉ် ထုတ်ဖေါ်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မင်းအောင်လှိုင် အနေဖြင့် အစည်းအဝေး တက်ရဖို့ အရေးထက် လတ်တလော အာဏာလက်လွှတ် ဆုံးရှုံးခံရမည့် အရေးကြောင့် အကြမ်းဖက် သတ်ဖြတ်နေမှု များကို ရပ်တန့်၍ မဖြစ်၊ လောလောဆယ် သိန်း ကိုးထောင်ခန့် အကုန်အကျ ခံပြီး ‌‌ဗိုလ်ရှုခံ သဘင်ကြီး ဆင်ယင် ကျင်းပ‌မည် ဖြစ်သော်လည်း အိမ်နီးချင်း နိုင်ငံ ခေါင်းဆောင်များ၏ အစည်းအဝေးတိုင်းတွင် ဖယ်ကျဉ်ခြင်း ခံ‌ နေရသည့် အဖြစ်ကို တတိုင်းပြည်လုံးက သိရှိနေကြပြီ ဖြစ်သည်။

ရပ်ကွက်ထဲရှိ သာရေးနာရေး တွင် ဖိတ်ကြားခြင်း မခံရသည့် ပုဂ္ဂိုလ် ဘဝ အား ကိုယ်ချင်းစာကြည့်က သိနိုင်ပေသည်။

၎င်းအဖို့ လျပ်စစ်ကား၊ ရထားများ ထုတ်လုပ် ပြေးဆွဲရန် ပြောနေသော်လည်း ဆိုလာဓါတ်အားကိုပင် ထုတ်လုပ်နိုင်စွမ်း မရှိတော့ပေ၊ တရုတ် ကုမ္ပဏီများအား နှစ် နှစ်ဆယ် BOT စနစ်ဖြင့် တည်ဆောက်လုပ်ကိုင်ရန် ခွင့်ပြုထားသည့် ဆိုလာ ဓါတ်အား ထုတ်လုပ်ရေး စီမံကိန်း ၂၉ ခုသည်လည်း ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။

နယူးယောက်  အခြေစိုက်  လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW မှ စစ်‌‌ ကောင်စီ သည် အာဏာရယူထားသည်မှာ တနှစ်နီးပါး ရှိလာပြီ ဖြစ်သော်လည်း လူထု အား အကြမ်းဖက် နေမှုများသည် လျော့ပါးလာခြင်း မရှိပဲ တိုးပြီး ကျုးလွန်နေသဖြင့်  သဘာဝဓါတ်ငွေ့များ မှ ဝင်ငွေများ ရရှိနေခြင်းကို ပိတ်ဆို့ ပစ်ရန် အမေရိကန်၊ အီးယူ၊ ဗြိတိန် နှင့် ဂျပန် တို့မှ အရေးတကြီး လုပ်ဆောင်ရန် လိုအပ်နေပြီ ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်လိုက်သည်။

ထို့ပြင် ကုလ လုံခြုံရေး ကောင်စီ အနေဖြင့် တရုတ် နှင့် ရုရှားတို့၏ ဗီတိုကို စိုးရွံ့မနေပဲ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို လူသိရှင်ကြား ဆွေးနွေးပြီး လက်နက်တင်ပို့ရောင်းချနေမှု များ ပိတ်ပင်သည့် ဆုံးဖြတ်ချက်ကို ချမှတ်ပေးရန်လည်း တောင်းဆိုခဲ့သည်၊ ဆီရီယား အရေး အပေါ် ရုရှားတို့က တရုတ်၏ ထောက်ခံမှု ဖြင့် လုံခြုံရေး ကောင်စီ
ဆုံးဖြတ်ချက် မူကြမ်းများကို ၁၆ ကြိမ် တိုင်တိုင် ဗီတိုဖြင့် ပယ်ချခဲ့သော်လည်း ယခုအခါ ရုရှား နှင့် တရုတ်တို့က ဗီတိုပင် သုံးစရာ မလိုသေးသည် အခြေအနေမျိုး ဖြစ်နေရမှုကိုလည်း HRW က မေးခွန်းထုတ်လိုက်သည်။

မကွေးတိုင်း အတွက် နယ်စပ်ရေးရာ လုံခြုံရေး ဝန်ကြီးအဖြစ် စစ်ကောင်စီ ခန့် ဗိုလ်မှုးကြီး ကျော်ကျော်လင်း မိမိတိုင်း အတွင်း မြိုနယ် ၂၅ မြို့နယ် ရှိသည့် အနက် ၆ မြို့နယ် ဆုံးရှူံးသွားခဲ့ရပြီဟု တိုင်းဝန်ကြီးများ အစည်းအဝေးတွင် ဝန်ခံလိုက်သည့် အသံဖိုင်ကို ခေတ်သစ် မီဒီယာ က ရရှိသွား၍ သတင်းထုတ်ပြန်ခဲ့ပေသည်။

၎င်း၏ အပြောအရ ဆုံးရှုံးခံလိုက်ရသော မြို့နယ်များမှာ ဂန့်ဂေါ ခရိုင် အတွင်း သုံးမြို့နယ်၊ ပေါက်ခရိုင် အတွင်းရှိ ပေါက်၊ မြိုင် နှင့် ရေစကြို မြို့နယ်များ ဖြစ်သည်ဟု သိရသည်။

ဇန်နဝါရီ ၂၄ ရက်နေ့မှစပြီး ဂန့်ဂေါ ခရိုင်အတွင်း ယောမြိုနယ် ကာကွယ်ရေး တပ် YDF အလံ တလှုလှုလွှင့်ထူလာသည်ကို တွေ့ရသည်ဟု ဧရာဝတီ သတင်းက ဆိုသည်။

ဇန်နဝါရီ ၂၂ ရက်နေ့တွင် ယင်းမာပင် ခရိုင် ပုလဲ မြိုနယ်ရှိ တော်လှန်ရေး အင်အားစု ၁၂ ဖွဲ့ စုပေါင်း၍ မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ် ဖွဲ့ (ပကဖ) လက်အောက်တွင် တစုတစည်း ပူးပေါင်းလိုက်သည်ဟု သိရသည်။

သို့သော် တမီလ်ကျား ခေါင်းဆောင် ပရာဘာ ကာရမ် နှင့် နှိုင်းယှဉ် ပြောဆိုလာသည့် ပုလဲမြို့ PDF ခေါင်းဆောင် ဗိုလ်နဂါး အဖွဲ့ မပါဝင်သေးဟု သိရသည်။

လောလောဆယ်တွင် စစ်ကောင်စီ ၏ အကြမ်းဖက် လက်ပါးစေ တပ်များသည် ၎င်းတို့ ခြုံခို တိုက်ခိုက်ခံရ၍ ဆိုကာ ရွှေဘို ခရိုင်အတွင်းရှိ ကျေးရွာများကို မီးရှို့ ဖျက်ဆီးခဲ့ကြသဖြင့် ပြည်သူ ၂,၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်ဟု သိရသည်။

ဖေဖေါ်ဝါရီ ၂၀ မှ မတ်လ ၅ ရက်အထိ နှစ်စဉ် ပြုလုပ်နေကျ အမေရိကန် ဦးဆောင်သော နိုင်ငံစုံ တပ်များ နှင့် ထိုင်း တပ်ဖွဲ့ ပူးပေါင်းအင်အား ၃,၆၀၀ ပါဝင်မည့် Cobra Gold စစ်ရေးလေ့ကျင့်မှု ကြီးကိုလည်း စစ်ကောင်စီ က မျက်ခြေမပြတ် စောင့်ကြည့်နေကြဦးမည် ဖြစ်သည်၊ စစ်ရေးလေ့ကျင့်မှု မှသည် တပ်များစုရုံးမှု Staging အဆင့်သို့ ကူးပြောင်းသွားမည်ကို စိုးရိမ်ပူပန်နေကြပေတော့မည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!