ယူကရိန်း ၏ တင့်ကားဖျက် ဒုံးကျည်များက ရုရှား ကျုးကျော်မှုကို ဟန့်တား နိုင်မည်လော

by Hla Soewai - Jan 27 2022

ဇန်နဝါရီ ၁၇ ရက်နေ့တွင် လေယာဉ်များ ကို စောင့်ကြည့်တတ်သည့် ဝါသနာရှင်များက ကောင်းကင်တွင် ဗြိတိန် ဘုရင့်လေတပ်မတော်၏ C-17 ကုန်တင်လေယာဉ်ကြီးများ ဗြိတိန် နှင့် ယူကရိန်းအကြား ပျားပန်းခပ်မျှ ပျံသန်းနေသည်ကို သတိထားလာမိကြသည်။

 

ထို့နေ့ညနေပိုင်းမှာပင် ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီး ဘင် ဝေါ့လေ့စ်မှ ယူကရိန်းအား အပေါ့စား တင့်ကားဖျက် လက်နက် များ ထောက်ပံ့ရန် ဆုံးဖြတ်ခဲ့သည်ဟု ကြေညာလာခဲ့သည်။ ယူကရိန်း မှ ထွက်ပေါ်လာသော ဓါတ်ပုံများအရ NLAW ဟု အတိုကောက် ခေါ်သည့် Next-Generation Light Anti-Tank Weapons နှင့် ဗြိတိန် နှင့် ဆွီဒင်တို့ ပူးတွဲ ထုတ်လုပ်သည့် တင့်ကားဖျက် ပဲ့ထိန်းတပ် ဒုံးခွင်းလက်နက် Anti-Tank Guided Missile (ATGM) များ အပြည့်အသိပ် တင်‌ဆောင်လာသည့် လေယာဉ်များ ဆိုက်ရောက်လာသည်ကို သိလာခဲ့ကြသည်။

 

ဗြိတိန် ဒုတိယ ကာကွယ်ရေးဝန်ကြီး ဖြစ်သူ၏ အဆိုအရ ထိုကဲ့သို့သော လက်နက်များ ထောင်နှင့်ချီ၍ ပို့ပေးခဲ့ပြီ ဖြစ်သည်ကို သိလာခဲ့ကြပြန်သည်၊ အမေရိကန်သည် Javelin ဟု အမည်ပေးထားသည့် ATGM လက်နက်များကို ၂၀၁၈ ခုနှစ်ကတည်းကပင် ယူကရိန်းသို့ ထောက်ပံ့ထားခဲ့ပြီး ဖြစ်သည်၊ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း Javelin  များ အပါအဝင် ဒေါ်လာ သန်း ၂၀၀ ဖိုးရှိ လက်နက်များ ထပ်မံပေးပို့သွားဦးမည်ဟု ကြေညာခဲ့သည်။ ယခုလအတွင်း အက်စတိုနီယား အားလည်း အဆိုပါ လက်နက်များ တင်ပို့ရန် ခွင့်ပြုလာခဲ့သည်။

 

ထို့အတွက် တင့်ကားဖျက် လက်နက်များသည် ရုရှား ကျုးကျော်မှုကို ဟန့်တားရန် တကယ်တမ်း အရေးပါနေပြီလော၊ အလုပ်ကော ဖြစ်နိုင်ပါ့မလားဟု မေးခွန်းများ ထွက်ပေါ်လာသည်ကို အီကော်နော်မစ် မဂ္ဂဇင်းကြီးက ယခုလို သုံးသပ်ပြခဲ့သည်။

 

ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း တင့်ကားတစီးအား ရှေ့မတိုးနိုင်အောင် ဟန့်တားထားနိုင်ရေး အတွက် အဓိက အသုံးပြုသည့် လက်နက်များမှာ တင့်ကားဖျက် အမြှောက်များ ဖြစ်သည်၊ ထိုအမြှောက်များတွင် အရွယ်အစားအားဖြင့် သိသိသာသာ သေးငယ်သည့် ကျည်များ နှင့် အမြှောက်ဆံများကို ပြောင်းရှည် အမြှောက်များထဲ ထည့်သွင်း ပစ်ခတ်နိုင်ပြီး အလွန်လျှင်မြန်သော အရှိန်ဖြင့် ပစ်လွှတ်နိုင်ခဲ့သည်။

 

ဒုတိယ ကမ္ဘာစစ်ကြီး အပြီး တွင်တော့ တင့်ကားများအား ပို၍ လေးလံသော ကိုယ်ထည်များ နှင့် အခိုင်အခံ တည်ဆောက်လာကြ၍ ကြည်းတပ်များ အနေဖြင့် လက်နက် အသစ်များ တီထွင် အသုံးပြုရန် လိုအပ်လာသည်။ ပထမဆုံး အနေနှင့် ပုခုံးထမ်း ရော်ကက်လောင်ချာများကို အသုံးပြုလာကြသည်၊ ပစ်မှတ်ကို တိုက်ရိုက် ချိန်ရွယ် ပစ်ခတ်နိုင်စွမ်း ရှိသည့် အမေရိကန်၏ နာမည်ကြီး M1 ဘဇူကာ အမျိုးအစားများ ကဲ့သို့ ဖြစ်သည်၊ ထို့နောက်တွင်တော့ ပြစ်မှတ်ကို ထိမှန်ရန် လိုသလို ထိန်းချုပ်နိုင်သည့် ATGM အမျိုးအစား ဒုံးကျည်များ ပေါ်ထွက်လာခဲ့သည်။

 

သို့သော် ပုံစံအမျိုးမျိုး နှင့် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်၊ ပထမဆုံး အမျိုးအစားသည် ဒုံးကျည်ကို တင့်ကား အား တိုက်ရိုက်ထိမှန်ရန် ဝိုင်ယာကြိုး အရှည်များ အား Joystick မောင်းတံ နှင့် ဆက်ထားခြင်း ဖြစ်သည်။ ထိုသို့ ဆိုဗီယက်လုပ် ဝိုင်ယာ နှင့် ထိန်းချူပ်ထားသည့် ဒုံးကျည်များသည် ၁၉၇၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ယွန်ကစ်ပူး စစ်ပွဲကြီးတွင် အီဂျစ်တို့က အသုံးပြုလာသဖြင့် အစ္စရေး တင့်ကား အများအပြား ပျက်စီးသွားခဲ့ရသည်။ ဒုတိယ မျိုးဆက် အဖြစ် ဆက်ခံလာခဲ့သည်က ပထမဆုံး ဝိုင်ယာနှင့် မြင်ကွင်းသို့ ရောက်အောင် ချိန်တွယ်ပြီး နောက်ပိုင်းတွင် ရေဒီယို အချက်ပြ စနစ်ဖြင့် ပစ်ခတ်ခြင်းမျိုး ဖြစ်သည်။

 

နောက်ဆုံး ထွက်ပေါ်လာသော NLAW နှင့် Javelin တို့သည် ထိုသို့ ချိန်တွယ်စရာ မလိုသည့် အပြင် ပစ်ပြီးသည်နှင့် လှည့်ကြည့်စရာ မလိုအောင် တိကျမှု ရှိလာခဲ့သည်။ အဆိုပါ ဒုံးကျည်များ ထိတ်တွင် ဆင်ဆာ အသေးစား များ၊ အပူလှိုင်း ဖြစ် ပစ်မှတ်ကို ရှာသည့် ကိရိယာများ တပ်ဆင်ထားပြီးသောကြောင့် ပင် ဖြစ်သည်။ ထိုဒုံးကျည်များသည် စက်ဝိုင်းခြမ်း ပုံစံ လမ်းကြောင်း အတိုင်း သွားပြီး Top-attack ခေါ် ပစ်မှတ်ကို အပေါ်စီး မှ ဗုံးကြဲချလိုက်သလို ထိမှန်အောင် ပစ်ခတ်နိုင်သည့် အမျိုးအစားများ ဖြစ်လာသည်။ ထို့အပြင် တင့်ကား၏ အပါးလွှာဆုံး အပိုင်းကို ထိမှန်အောင်လည်း ပရိုဂရမ် ထည့်သွင်းထားပြန်သည်။

 

ထိုလက်နှက် နှစ်မျိုးစလုံးသည် လွန်စွာမှ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ထိရောက်မှု ရှိနေသည်၊ ဆီရီးယား ပြည်တွင်းစစ်တွင် ဆိရီယားစစ်တပ် ရှိ ရုရှားလုပ် သံချပ်ကာ ယာဉ် အစီး ၃,၀၀၀ ကျော်ကို ဆီရီယား သူပုန်များက အာရပ်နိုင်ငံများက ထောက်ပံ့ထားသည့် ဝိုင်ယာ ထိန်း ATGM ဒုံကျည်များကို သုံး၍ ဖျက်ဆီးပစ်နိုင်ခဲ့သည်။

 

အဆိုပါ ဒုံးကျည်များကို မည်သို့မျှ ကြားဖြတ်တိုက်ခိုက် နိုင်စွမ်း မရှိဟု မပြောနိုင်ပြန်ပေ။ ATGM များသည် တကယ်တမ်းတွင် ခြုံခို တိုက်ခိုက်ရာတွင် သုံးသည့် လက်နက်များ အဖြစ် သာ သတ်မှတ်ထားကြသည်။ Javelins သည် နှစ်မိုင် ခန့် အကွာတွင် ရှိသော ပစ်မှတ်ကို ကောင်းစွာ ထိမှန်နိုင်စွမ်း ရှိနေသော်လည်း NLAW ကမူ ပစ်မှတ်နှင့် မီတာ ၈၀၀ ခန့်အကွာထိ ရောက်အောင် သွားပြီးမှ ပစ်ခတ်နိုင်စွမ်း ရှိနေ၍ တောအုပ်ကြီးများနှင့် မြို့ပြ စစ်ပွဲများ အတွက် လွန်စွာ အသုံးဝင်လှသည်။

 

အဆိုပါ ဒုံးကျည်များကို မြေပြင်မှ လှည့်စားနိုင်စွမ်း ရှိနေပြန်သည်၊ ခေတ်မီ သံချပ်ကာ ယာဉ်များသည် ယင်းတို့အား မြင်ကွင်းမှ ဖုံးကွယ်နိုင်စွမ်း ရှိသည့် ပူပြင်းလှသည့် အဖြူရောင် ဖေါ့စဖရပ်စ် မီးခိုးလုံးများကို မှုတ်ထုတ် နိုင်စွမ်း ရှိနေ၍ တင့်ကားဖျက် ဒုံးကျည် ထိပ်ဖူးတွင် ပါရှိလာသည့် အပူလှိုင်းရှာ ဆင်ဆာ ကို မျက်စိလည်သွားအောင် လုပ်ပစ်နိုင်သည်။

 

နိုဝင်ဘာလ အတွင်း ယူကရိန်း နယ်စပ်ကို ရောက်ရှိလာသော ရုရှားတင့်ကား အချို့၏ အမြှောက်တင် ဆုံလည် ရှိရာ နေရာတွင် Slat ဟု ခေါ်သည့် သံချပ်ကာ အပြားများ တပ်ဆင်ထားသည်ကို တွေ့လာရသည်။ ယင်းသည် အသေးစား ဖေါက်ခွဲရေး ပစ္စည်းများကို လမ်းကြောင်းလွှဲနိုင်ရန် စီမံထားခြင်းလည်း ဖြစ်သည်။ အချို့တင့်ကားများကတော့ အမြှောက်ပြောင်းဝတွင် အပူလှိုင်း ထုတ်လွှင့်ပေးသည့် ကိရိယာများ တပ်ဆင်ထားပြီး ဒုံးကျည်ကို လမ်းလွှဲအောင် ပြုလုပ်နိုင်စွမ်း ရှိနေသည်။

 

သို့သော် အချို့ Javelins များသည် ထိပ်ဖူး နှစ်ခု ပါရှိပြီး တခု လွဲက ကျန် တခုက ထိမှန်နိုင်စွမ်း ရှိနေသည်။ အချို့ တင့်ကားများတွင် နောက်ထပ် နည်းတမျိုးဖြင့် ကာကွယ်နိုင်သည့် နောက်ဆုံးပေါ် Active Protection System (APS) စနစ်ကို ထည့်သွင်းလာခဲ့သည်၊ ထိုစနစ်သည် ပြစ်လွှတ်လိုက်သည့် ဒုံးကျည်များကို ရေဒါဖြင့် ချိန်ပြီး ထိမှန်လျှင် ပေါက်ကွဲစေနိုင်သည့် ပစ္စည်းမျိုး လွှတ်တင် ဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်သည်။

 

APS စနစ်ကို အသုံးပြုနေသည့် အစ္စရေး တင့်ကားများသည် ဂါဇာ စစ်ပွဲတွင် ၎င်းတို့ထံ ပစ်လွှတ်လိုက်သော ဒုံးကျည်များ နှင့် လက်ပစ်ဗုံးများကို ထိရောက်စွာ ကာကွယ်နိုင်ခဲ့သည့် သက်သေအထောက်အထားများ တွေ့လာရသည်။

 

ရုရှားတွင် APS တပ်ဆင်ထားသည့် တင့်ကား များ အနည်းငယ်သာ ရှိသည်၊ ထို အမျိုးအစား တင့်ကားများကို တပ်ဦး တွင် ထားပြီး တိုက်ခိုက်လာနိုင်သည်၊ အဆိုပါ အရေးသည် ယူကရိန်း ရှိ စစ်ရေး စီမံချက်များ ရေးဆွဲသူများသာမက နေတိုး အဖွဲ့ကြီး အတွက်လည်း အနာဂတ်တွင် တိုက်ခိုက်လာနိုင်သည့် ရုရှား တို့ ရန်မှ မည်သို့မည်ပုံ ကာကွယ်ရမည် ဆိုသည်နှင့် ပတ်သက်၍ ခေါင်းခဲစရာ ဖြစ်လာခဲ့ရသည်။

 

တခုတည်း သော နည်းလမ်းက ယခင် အတိုင်း မော်တာများ၊ သေနတ်များ သုံး၍ လက်ဦးမှုယူကာ ရေဒါကို ဖျက်ဆီးပစ်နိုင်မှသာ ဖြစ်မည်။

 

လက်ရှိ ယူကရိန်း တွင် အများအပြား ရှိလာနေပြီ ဖြစ်သော ATGM တင့်ကားဖျက် ဒုံးကျည်များသည် မြို့တွင်း နှင့် တောတွင်း စစ်ဆင်ရေး များ အတွက် လွန်စွာ ထိရောက်သော လက်နက်များ ဖြစ်သည်၊ ရန်သူ မမြင်နိုင်အောင် တိုက်ကြိုတိုက်ကြား နှင့် သစ်ပင်များကြားမှ အနီးကပ် ပစ်ခတ်၍ ရနေသောကြောင့် ဖြစ်သည်။

 

ရုရှား တပ်မှုးများကလည်း ၁၉၉၀ နှစ်များ အလွန်က ချက်ညာ မြို့တော် ဂရပ်စ်နီ တွင် ထိုအတွေ့အကြုံများ ကို ခါးသီးစွာ ရင်ဆိုင်ခဲ့ရပြီး ဖြစ်သည်ကို ကောင်းစွာ အမှတ်ရနေကြမည် ဖြစ်သဖြင့် ယူကရိန်း၏ တင့်ကားဖျက် ကာကွယ်ရေးစနစ်ကို ကြိုတင်လက်ဦးမှု ယူကာ ချေမှုန်းရန် ကြံစည်ကြမည်မှာ သေချာနေပေသည်။

 

ရုရှားတို့ စစ်ပွဲ ဆင်နွှဲသော နည်းလမ်းမျိုးက ရိုးရှင်းလှသည်၊ ရန်သူအား လက်နက်ကြီးများ နှင့် အရင် စုပြုံ ပစ်ခတ်ပြီး အသက်ရှင် ကျန်နေသူများကို ကြည်းတပ် နှင့် တင့်ကား တပ်ဖွဲ့က ကောက်သင်းကောက် ချေမှုန်းခြင်းမျိုးပင် ဖြစ်သည်။ ထို့အတွက် တင့်ကားဖျက် လက်နက်များ ကိုင်ဆောင်ထားသူများကို ၎င်းတို့ တင့်ကားများ အနား ကပ်မလာစေရန် အဝေးမှ လက်နက်ကြီးများ နှင့် အရင်ဦးဆုံး ပစ်ခတ်ကြမည်သာ ဖြစ်သည်။