အိုင်စီဂျီ အစီရင်ခံစာ (၁၂)

by Hla Soewai - Jan 27 2022

ရှင်လျက်နှင့် သေနေသော ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်များ

 

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် ရှင်သန်လျက်ပင် ရှိနေဆဲ ဖြစ်ကြောင်း စစ်ကောင်စီက အပြင်ပန်း ပြောဆိုနေဆဲပင် ဖြစ်သည်၊ အာဏာသိမ်းသည့် နေ့မှာပင် မင်းအောင်လှိုင်သည် အချက် ငါးချက်ပါ လမ်းပြမြေပုံ ဟု ဆိုကာ ထုတ်ဖေါ်ပြောဆိုလာခဲ့သည်၊ ထိုအထဲတွင် စတုတ္ထ အချက် အဖြစ် ပါဝင်လာသည်က “နိုင်ငံတဝှမ်း ထာဝရ ငြိမ်းချမ်းရေး ရရှိစေရေး” ဟူ၍ ပါဝင်လာခဲ့သည်။ သို့သော် ယခုအချိန်အထိ မည်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တခုတလေနှင့်မျှ ငြိမ်းချမ်းရေး အတွက် ဆွေးနွေး အဖြေရှာချင်းမျိုး မရှိခဲ့ပေ။ သို့သော် NCA လက်မှတ်ရေးထိုးသည့် ခြောက်နှစ်မြောက် နှစ်ပတ်လည် နေ့ဖြစ်သည့် အောက်တိုဘာ ၁၅ ရက်နေ့တွင်မူ ဆွေးနွေးပွဲများ ဆက်လက် ပြုလုပ်သွားမည်ဟု ပြောဆိုလာခဲ့ပြီး ထိုသို့ ပြုလုပ်ရန် သူ့အဖွဲ့သည် တရားဝင်မှု မရှိဟု ‌ပြောဆိုနေမှုများကို ပယ်ချခဲ့သည်။

 

စစ်တပ်လက်အောက်ရှိ မီဒီယာများတွင်တော့ လမ်းပြ မြေပုံပါ အချက် ငါးချက် နှင့် အညီ NCA တွင် ပါရှိသော သဘောတူညီချက်များ နှင့် အညီ နိုင်ငံတဝှမ်းလုံး တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရေး အလေးအနက်ထား ကြိုးပမ်းသွားမည်ဟု နေ့စဉ်လို ခေါင်းစည်း စာတမ်းကြီးများဖြင့် ဖေါ်ပြခဲ့သည်၊ သို့သော် အတွင်းစည်းဝိုင်း တွင်တော့ စစ်ကောင်စီ ဖက်မှ ဆွေးနွေးညှိနှိုင်းမည့် လူများကမူ ၂၀၂၃ ဩဂုတ်လ တွင် ပြုလုပ်ရန် သတ်မှတ်ထားသည့် ရွေးကောက်ပွဲ ပြုလုပ် ပြီး ၎င်းတို့ ထောက်ခံမှုဖြင် သေချာပေါက် ဖွဲ့စည်းလာမည့် အစိုးရသစ်ကို အာဏာ လွှဲမပြီးမချင်း  ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်မြောက်အောင် တွန်းအားပေးလိမ့်မည် မဟုတ်ဟု အသံထွက်လာခဲ့သည်။

 

ထိုအချိန်က ၎င်းတို့ သတ်မှတ်ထားသော အချိန်ဇယားသည် လက်တွေ့နှင့် မနီးစပ်လှဟု ပြော၍ရသော်လည်း ယခုအခါတွင်မူ စစ်တပ်က ထောက်ခံထားသော အစိုးရသစ် ပေါ်ပေါက်လာစေကာမူ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းကမှ ၎င်းတို့ နှင့် အဓိပ္ပါယ် ရှိရှိ ဆွေးနွေးပွဲများ ပြုလုပ်ကြမည် မဟုတ်တော့ပေ၊။

 

NLD အစိုးရ ငါးနှစ် သက်တမ်း အတွင်း မှာပင် တိုးတက် မှု မရရှိခဲ့သော်လည်း ထိုသို့ ဆွေးနွေးပွဲများ ဆက်လက် ပြုလုပ်ရန် ကျန်ရှိနေသေးသည့် အနည်းငယ်မျှ သော ယုံကြည်မှု ကိုပင် စစ်တပ်သည် လုံးလုံးလျားလျား ဖျက်ဆီးပစ်ခဲ့ပြီ ဖြစ်သည်။ စေ့ဆပ် ဆွေးနွေးရေး စားပွဲဝိုင်းသို့ ပြန်လာချင်စိတ် ရှိသည် ဆိုရင်တောင်မှ ၎င်းတို့ ဒေသများ အတွင်းရှိ ပြည်သူများက လူတကာ၏ မုန်းတီးခြင်း ခံနေရသည့် အုပ်စု နှင့် စေ့ဆပ်ဆွေးနွေးရကောင်းလား ဆိုသည့် ဆန့်ကျင်မှုများနှင့် ရင်ဆိုင်ရမည့် အရေးကြောင့် ချုပ်တည်းနေကြမည်သာ ဖြစ်သည်။

 

ထိုသို့ အနေအထား ရှိနေသော်ငြားလည်း NCA လက်မှတ်ထိုးထားသည့် အဖွဲ့ အချို့သည် လူသိရှင်ကြား ဆက်သွယ်မှုများ ပြုလုပ်ပြီး အချို့ကမူ လူထု၏ ဒေါသကို စိုးရွံ့၍ လူမသိ သူမသိ ဆက်သွယ်နေကြဦးမည် ဖြစ်သည်။ NCA သက်ဆိုးရှည်နေမှသာ ဆက်လက် ဆွေးနွေးရန် တံခါးပွင့်နေမည်ဟု ယုံကြည်နေကြ၍လည်း ဖြစ်သည်။

 

ထိုသို့ မပြတ်မသား သဘောထား ရှိနေကြခြင်းကြောင့် အပြင်းအထန် ဝေဖန်ခံနေရပြီး အတွင်းတွင် သဘောကွဲလွဲမှု များ ဖြစ်လာနေသော်လည်း အခြား အကြောင်းများ ရှိနေပြန်သည်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် NCA ကို ပြတ်ပြတ်သားသား စွန့်လွှတ်လိုက်မည်ဆိုက စစ်တပ်၏ ပစ်မှတ် ဖြစ်လာမည်ကို စိုးရွံ့နေကြသည်၊ အချို့ကလည်း  ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရပ်ဆိုင်းနေသည့်တိုင် စစ်တပ်က ၎င်းတို့ အပေါ် စစ်ပွဲကြီး ရေကုန်ရေခမ်း ဆင်နွှဲလာမည့် အနေအထား ရောက်မလာအောင် NCA သည် အသုံးချ၍ ရနေသည့် ကိရိယာ တခု အဖြစ် ခံယူထားကြသည်။ ထို့ပြင် NCA သည် နိုင်ငံ လွှတ်တော်မှ အတည်ပြုထားခဲ့ပြီး ဖြစ်၍ အာဏာသိမ်းမှုကြောင့် ပျက်ပျယ် မသွားနိုင်ဟူသော ဥပဒေ ရှု့ဒေါင့်မှ ဆွဲကိုင်ထားကြပြန်သည်။