D-Day နောက်ကွယ်ကသူလျှိုမဟုတ်သောသူလျှိုများ (၁၀၇)

by Hla Soewai - Jan 28 2022

“ကဲ..ထိုင်စမ်းပါဦး အယ်ဖရက်၊ ကျွန်တော်တို့ အခုဆို ပြဿနာကြီးက ခေါင်းဆောင့်လာနေပြီ အယ်ဖရက်ရေ” ဆိုကာ သူ့ရှေ့ရှိ ကုလားထိုင် ကို လက်ညိုးထိုးပြရင်းက ပြောလိုက်သည်၊ သူလည်း အခုမှ ရုံးခန်းထဲ ဝင်လာပုံရသည်၊ သူ၏ ကက်ရှ်မီယား လောင်းကုတ် အင်္ကျီကြီးပင် ချွတ်လို့ မပြီးသေး၊ ကုတ်အင်္ကျီ ကို သူအား သခင် ဘာပြောမည်ကို အာရုံစိုက်နေသော ခွေးတကောင်၏ စူးရှသော မျက်လုံးမျိုးဖြင့် စောင့်ကြည့်နေသော အတွင်းရေးမှူး အမျိုးသမီးအား လှမ်းပေးလိုက်သည်ပြန်ပြီး “ကော်ဖီ ပလိစ်” ဟု လည်း ပြောလိုက်သည်။

 

ဗီကာရီလည်း ခုံပေါ် ထိုင်ချလိုက်သည်၊ သူ့စိတ်ထဲတွင်လည်း ကျွဲမြီးတိုနေသည်၊ ဆာ ဘက်ဆယ် သည် ရုံးမှ ပျောက်သွားသည်မှာ သုံးနာရီခန့် ကြာသွားခဲ့ပြီ ဖြစ်သည်၊ ရုံးက ထွက်သွားစဉ်ကလည်း ပိုးစာပင် ဟု ပါးစပ်က တတွတ်တွတ် ရွတ်နေရင်း တံခါးအပြင် ပြေးထွက်သွားသည်ကို နောက်ဆုံး တွေ့လိုက်ရသည်၊ လျို့ဝှက် သင်္ကေတ မှန်း သိသော်လည်း ဘာကိုရည်ညွှန်းမှန်း ဗီကာရီ မသိ၊ သူသိသည်က ချိုသော အသီးများ ခူး၍ ရသည့် အပင်တမျိုးဟုသာ သိထားသည်၊ ဗီကာရီ အဖို့က တချိန်လုံး သူ့ရုံးခန်းထဲတွင် ခေါက်တုန့်ခေါက်ပြန် လျှောက်ရင်း ဘယ်လောက်အထိများ ထိခိုက်ကုန်ပြီလဲဟု တွေးနေရင်း အချိန်ကုန်လွန်ခဲ့ရသည်။ သူ့စိတ်ထဲတွင် မတင်မကျ ဖြစ်နေသည့် နောက်တချက်လည်း ရှိသေးသည်၊ ယခုအမှုသည် စကတည်းက သူကိုင်ခဲ့လာခဲ့ရပြီး ယခုအခါ အိုက်စင်ဟောင်ဝါ နှင့် ချာချီ တို့ကို သွားရောက်တင်ပြရသူသည် ဘုသီ ဖြစ်နေခြင်းကိုပင်။

 

ဘုသီ၏ အတွင်းရေးမှုး အမျိုးသမီးသည် ကော်ဖီ ခရား နှင့် တရုတ် ကော်ဖီပုဂံလုံး ပုပုလေးများကို ငွေလင်ပန်း နှင့် ထည့်ယူလာသည်၊ ဘုသီ စားပွဲပေါ်တွင် လင်ပန်းကို သေသေသပ်သပ် ချထားပေးပြီး ပြန်ထွက်သွားသည်၊ ဘုသီက ကော်ဖီကို ခရားထဲမှ ခွက်ထဲ ငှဲ့ထည့်လိုက်ရင်း “နို့ ထည့်မလား၊ အစစ်နော် အယ်ဖရက်”

 

“ဟုတ်ကဲ့၊ ကျေးဇူးပါ”

 

“ကျွန်တော် အခုပြောမယ့် အကြောင်းက ထိတ်တန်းလျို့ဝှက်ချက် ပဲ၊ လူနည်းနည်းပဲ သိထားသေးတယ်၊ အဓိက ကတော့ဗျာ စစ်ရေး စီမံချက် ရေးဆွဲတဲ့ သူတွေရယ်၊ ပရိုဂျက်မှာ ပါဝင် ပတ်သက်နေတဲ့ ထိတ်ပိုင်းက လူတွေ လောက်ပဲ သိကြတယ်၊ ကျွန်တော်တောင် အကြမ်းဖျင်း လောက်ပဲ သိထားသေးတယ်၊ ဒီနေ့အထိ ဆိုပါတော့”

 

ဘုသီက သူ၏ ဘရိဖ်ကေ့စ်ထဲ မှ ကားချပ်တခုကို ဆွဲထုတ်လိုက်ပြီး စားပွဲပေါ် ဖြန့်ခင်းလိုက်သည်၊ ဗီကာရီရှေ့တွင်  သူ့ တခါမှ မဝတ်ခဲ့ဘူးသည့် စာကြည့်မျက်မှန်ကို ကောက်တပ်လိုက်ရင်းက လက်ထဲက ရွှေရောင် ဖေါင်တိန် ကို ထောက်တံ အဖြစ် သုံးရန် ယူလိုက်ပြန်သည်။

 

“ဒီနေရာက နော်မန်ဒီ ကမ်းခြေ ရှိတဲ့ နေရာပဲ၊ ဒီနေရာက ဘဲ ဒီလာ စိန်း၊ စီမံချက် ရေးဆွဲတဲ့လူတွေက လူတွေနဲ့ ထောက်ပံ့ရေး ပစ္စည်း တွေ ကမ်းပေါ်ကို အမြန်သယ်ပို့ နိုင်မယ့် နေရာက ဒီနေရာပဲ ရှိတယ်လို့ သုံးသပ်တယ်၊ စစ်ဆင်ရေးကြီး တခုလုံးစာ အတွက် ဆိပ်ကမ်းကြီးတခုလို သုံးလို့ရတယ် ဆိုပဲ၊ အဲ့လို သုံးလို့ မရဘူး ဆိုရင်တော့ စစ်ဆင်ရေး ကြီး တခုလုံး လုံးဝ ပျက်စီးသွားဖို့ပဲ ရှိတယ်”

 

ဗီကာရီက သူပြောသမျှကို အာရုံစိုက်၍ နေသည်။

 

“အဲ့ဒီနေရာမှာ ဆိပ်ကမ်း နဲ့ ပတ်သက်ပြီး ပြဿနာ တခု ရှိနေတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော်တို့ဖက်က ဆိပ်ကမ်း တခု ဆောက်ဖို့ရော၊ ရှိပြီးသား ဆိပ်ကမ်းကို သိမ်းယူနိုင်ဖို့ကော အစီအစဉ်ထဲ မပါဘူး၊ အဲ့ဒီအတွက် ဘာလုပ်လဲဆိုတော့...” ဟု ဆိုကာ ဘုသီသည် ဘရိဖ်ကေ့စ်ထဲကို လက်နှိုက်လိုက်ပြီး ပြင်သစ် ကမ်းရိုးတန်း တစိတ်တပိုင်းကို အသေးစိတ် ဖေါ်ပြထားသည့် မြေပုံကားချပ်တခုကို ဆွဲထုတ်လာသည်။ ထိုမြေပုံထဲတွင် ကမ်းခြေတလျှောက် အဆောက်အဦး ပုံစံ  များလို တန်းစီပြီး အမှတ်အသား လုပ်ထားသည်၊ “အဲ့ဒါကို ပိုးစာပင် စီမံချက် လို့ အမည်ပေးထားတယ်၊ အဲ့ဒီ စီမံချက်ကတော့ ဆိပ်ကမ်းအတု နှစ်ခုကို ဗြိတိန် ထဲမှာပဲ အပြည့်အစုံ တည်ဆောက်သွားမယ်၊ ပြီးရင် D-Day နေ့ ရောက်တာနဲ့ ရေလက်ကြားကို ဖြတ်ပြီး ဆွဲလာဖို့ပဲ”

 

“ဘုရားရေ” ဟု ဗီကာရီထံမှ အာမေဋိတ်သံ ထွက်လာသည်။

 

“အခု ခင်ဗျားကို ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းထားတဲ့ သွေးသောက် အဖွဲ့ထဲ ဆွဲသွင်းနေတာ၊ ဂရုစိုက်ပြီး သာ နားထောင်ပါ” ဟု ပြောရင်း လက်ထဲက ဖေါင်တိန်ဖြင့် “ဒါတွေအားလုံးက ကမ်းခြေနဲ့ နှစ်မိုင်သာသာ လောက်မှာ ရေပေါ် ပေါလောပေါ်အောင် ကျောက်ချထားမယ့် သံမဏိတုံးကြီး တွေပဲ၊ ကမ်းခြေကို ရိုက်ခတ်လာမယ့် လှိုင်းလုံးတွေ အရှိန်လျော့သွားအောင်လည်း တားဆီးနိုင်အောင် ဒီဇိုင်းလုပ်ထားတယ်၊ ဒီနေရာကတော့ ရေစီးကို တားနိုင်အောင် သင်္ဘောအို ကြီးတွေကို တန်းစီမြုပ်ထားမယ့်နေရာ၊ ဒီ စီမံချက် အတွက်လည်း ကုလားဆီးဖြူသီး လို့ အမည်ဝှက်ပေးထားတယ်၊ ဒီတော့ ဒီနှစ်ခုလုံး ကို ဆက်ပြီး ရေပေါ်မျောနေမယ့် လမ်းလို သုံးလို့ ရသွားတယ်၊ လမ်းရဲ့ အဆုံးတဖက်မှာ ဆိပ်ခံ ဘောတံတားလို လည်း လုပ်ပေးထားမယ်၊ လစ်ဘာတီ သင်္ဘောတွေ အားလုံး ဆိပ်ခံ ဘောတံတား တွေမှာ ကပ်ပြီး စစ်ဆင်ရေး အတွက် ထောက်ပို့ပစ္စည်းတွေ အားလုံး ကို ထရပ်ကားတွေ ပေါ် တိုက်ရိုက်တင်ပြီး ကမ်းခြေကို မောင်းလာကြယုံပဲ”

 

“အံဩမကုန်နိုင်အောင်ပါပဲ”

 

“စီမံချက် တခုလုံးရဲ့ ကျောရိုးကတော့ ဒါတွေ၊ ဒါတွေ၊ ဒါတွေပဲ ဟု ဆိုကာ ကားချပ်ပေါ်ရှိ သုံးနေရာကို ဖေါင်တိန်နှင့် ထောက်ပြလိုက်သည်၊ ဒီအတွက် လျို့ဝှက် သင်္ကေတ က ဖီးနစ်၊ ဖီးနစ်ဆိုကတည်းက ကြွတက်မလာဖူး၊ မြုပ်ဖို့ပဲ၊ ဒါ က ဧရာမ သံမဏိတုံးကြီး တွေရယ်၊ သူ့အောက်မှာ ဆောက်ရမယ့် ရေအောက် လေလုံခန်း၊ ဒါတွေကို တွဲရက်ကြီး ဆွဲသင်္ဘောတွေနဲ့ ရေလက်ကြားကို ဖြတ်ပြီး ဆွဲမယ်။ ပြီးရင် အတွင်းစည်းကနေ ရေအားကို ကာထားနိုင်အောင် အတန်းလိုက် မြုပ်ထားမယ်၊ ဒါဟာ စီမံချက်တခုလုံး ရဲ့ အသက်ပဲ။ အဲ့ဒီတာဝန်ကို ကွန်မင်ဒါ ပီတာ ဂျော်ဒန် ကို ပေးထားတယ်”

 

“ဘုရား...ဘုရား”

 

“ဒီထက် ဆိုးတာ ရှိသေးတယ်၊ ဖီးနစ် ပရိုဂျက် တခုလုံး က ပြဿနာတွေ နဲ့ ကြုံနေရတယ်၊ သူတို့အားလုံး က သံမဏိ တုံးကြီးတွေ စုစုပေါင်း အခု ၁၄၅ ခု လောက် ဆောက်ဖို့ စီစဉ်ထားတယ်၊ ဆောက်ရမယ့် အနေအထားက အမြင့်ကြီးပဲ ပေ ခြောက်ဆယ် လောက် မြင့်တယ်၊ အချို့ အတုံးကြီးတွေမှာ အထဲမှာ လူနေလို့ ရမယ့် နေရာတွေရယ်၊ လေယာဉ်ပစ်အမြှောက်တွေပါ ထားလို့ ရအောင် လုပ်ထားတယ်၊ အဲ့ဒီအတွက် သံမဏိတွေ၊ အားဖြည့် ကွန်ကရိ တွေ တန်ပေါင်းများစွာ အပြင် ကျွမ်းကျင် အလုပ်သမားတွေ တပုံတခေါင်းကြီး လိုအပ်လာတယ်၊ အခု ကျွန်တော်ပြောတဲ့ ကုန်ကြမ်း ပစ္စည်းတွေ ပြတ်လတ်လာလို့ အစကတည်းက အတော်ကို နှောင့်နှေးလာနေပြီ”

 

ဘုသီက မြေပုံကားချပ်များကို ပြန်ခေါက်လိုက်ပြီး သူ့အံဆွဲထဲ ထည့်ကာ သော့ခတ်သိမ်းလိုက်သည်။

 

“မနေ့ညကပဲ ကွန်မန်ဒါ ဂျော်ဒန်ကို ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို သွားကြည့်ပြီး ဖီးနစ်က အချိန်မီ ပြီးနိုင် မပြီးနိုင် ဆိုတာ ကို လက်ရှိ အခြေအနေ အတိုင်း ဆန်းစစ်ပြီး တင်ပြဖို့ ခိုင်းလိုက်တယ်၊ သူက ဂရိုဗီနာ စကွဲယား ကနေ ဘရိဖ်ကေ့စ်ကို လက်ကောက်ဝတ်မှာ သံကြိုးနဲ့ တွဲခတ်ပြီး ထွက်သွားတယ်၊ ဘရိဖ်ကေ့စ်ထဲမှာ ဖီးနစ် ပရိုဂျက်ရဲ့ အသေးစိတ် အချက်အလက်တွေ အကုန်ပါသွားတယ်”

 

“ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကယ်တော်မူပါ၊  နေပါဦး..သူက ဘာလို့ အဲ့လို လုပ်ရတာတုန်း”

 

“လန်ဒန်မှာ သူ့မိသားစုပိုင် အိမ်ရှိတယ်။ အိမ်ထဲမှာ လဲ လုံခြုံအောင် စီမံထားတဲ့ မီးခံသေတ္တာလည်း ရှိတယ်၊ SHAEF မဟာမိတ် စစ်ဌာနချုပ်က ထောက်လှန်းရေးကလည်း အသေးစိတ် သွား စစ်ဆေးပြီး စိတ်ချရကြောင်း အတည်ပြုပေးခဲ့လို့ပဲ”

 

အကယ်၍ ဘုသီသာ သူသတိပေးခဲ့သည်များကို အထက်ကို တင်ပြခဲ့မည် ဆိုလျှင် အခုလောက်ထိ ဖြစ်လာစရာ မရှိဟု တွေးလိုက်ပြန်သည်။ “ဒီတိုင်းဆို ကွန်မန်ဒါ ဂျော်ဒန်ဖက်က လုံခြုံရေး စည်းပေါက်သွားပြီ ဆိုတော့ ပိုးစာပင် စစ်ဆင်ရေး ရဲ့ အစိတ်အပိုင်း အတော်များများ ဂျာမန်လက်ထဲ ရောက်သွားနိုင်ပြီပေါ့”

 

“အဲ့လိုပဲ ပြောရတော့မှာပဲ။ နောက်ပြီး သတင်းဆိုး တွေ ပြောစရာ ရှိသေးတယ်၊ ပိုးစာပင် စီမံချက်ရဲ့ သဘာဝကိုယ်က ကမ်းတက် စစ်ဆင်ရေးကြီး ရဲ့ လျို့ဝှက်ချက်တွေကို ပေါက်ကြားနိုင်စရာ ရှိနေတယ်၊ ကျွန်တော်တို့ဖက်က ဥရောပ ကုန်းမြေကို ဝင်တိုက်ဖို့ အတွက် ဆိပ်ကမ်းတွေ လိုအပ်နေတယ် ဆိုတာ ဂျာမန်တွေက သိနေကြတယ်၊ သူတို့ မျှော်လင့်နေတာက ဆိပ်ကမ်း တခုခု ကို ကျွန်တော်တို့ဖက်က ဝင်တိုက်ပြီး အမြန်ဆုံး အသုံးပြုလို့ ရအောင် လုပ်ဖို့ ရှိနေတယ် ဆိုတာပဲ၊ အခုလို ကဲလေ့စ် လို ခံတပ်တွေ အခိုင်အခံ ရှိတဲ့ ဆိပ်ကမ်းလို နေရာမျိုးကို ဝင်မတိုက်ပဲ ရှောင်ဖို့ ကြိုးစားတဲ့ အနေနဲ့ ဆိပ်ကမ်း အတု တခု ဆောက်နေတာ သိသွားရင် ကျွန်တော်တို့ ဝင်တိုက်မယ့် နေရာက နော်မန်ဒီ ဆိုတာ သေချာပေါက် သိသွားကြမှာပဲ”

 

“ဘုရားရေ၊ ကွန်မန်ဒါ ဂျော်ဒန်ဆိုတာ ဘယ်လို သတ္တဝါမျိုးလဲ”

 

ဘုသီက သူ၏ ဘရိဖ်ကေ့စ်ထဲ နှိုက်လိုက်ပြန်ပြီး ဖိုင်ပါးပါး တခုကို ဆွဲထုတ်ကာ ဗီကာရီ ရှေ့ ပစ်ချပေးလိုက်သည်။ “သူက အရှေ့မြောက် တံတား ကုမ္ပဏီကြီးက အင်ဂျင်နီယာ ချုပ်ပဲ၊ အမေရိကားမှာ ရှိတဲ့ အကြီးဆုံး တံတား ဆောက်လုပ်ရေး ကုမ္ပဏီတွေထဲက တခုပေါ့၊ သူ့ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီနေရာထိ ရောက်လာအောင် လုပ်နိုင်တဲ့ ထူးချွန်တဲ့ လူတဦးလို့ ယူဆထားကြတယ်၊ သူက တံတား ဆောက်လုပ်ရေး လုပ်ငန်းကြီး အတော်များများကို ကြီးကြပ်ခဲ့တဲ့ အတွေ့အကြုံရှိတော့ ပိုးစာပင် စီမံချက် အတွက် ခေါ်သုံးခဲ့တာပဲ”

 

“အခု သူ ဘယ်မှာလဲ”

 

“တောင်ပိုင်းက လုပ်ငန်းတွေ သွားစစ်နေတုန်းပဲ၊ ည ခုနှစ်နာရီလောက်မှ ဂရိုဗီနာ စကွဲယားကို ပြန်ရောက်မယ် ထင်ရတာပဲ၊ ပြီးရင် အိုက်စင်ဟောင်ဝါ ရယ် အစ္စမေးတို့ နဲ့ ရှစ်နာရီမှာ တွေ့ဖို့ ချိန်းထားပြီး သူ သိလာတာတွေ တင်ပြဖို့ ရှိနေတယ်၊ ပြီးရင်တော့ သူ့ကို အသာတကြည်ပဲ ရစ်ချ်မွန်က အိမ်ကို ခေါ်လာခဲ့မယ်၊ အဲ့ဒီရောက်မှ ကျွန်တော်တို့ သိချင်တာတွေ မေးရတော့မယ်၊ အဲ့လို မေးတာ မြန်းတာ တွေကို ခင်ဗျားပဲ တာဝန်ယူစေချင်တယ်”

 

“ကျေးဇူးပါ ဆာ ဘက်ဆယ်” ဟု ပြောရင်း ဗီကာရီက ထရပ်လိုက်သည်။

 

“အခုနေတော့ ခင်ဗျားရဲ့ ကွန်ယက်တခုလုံးကို အဆုံးသတ် ဖို့ ဂျော်ဒန်ရဲ့ အကူအညီတော့ အနည်းဆုံး လိုနေပြီ”

 

“အမှန်ပဲ၊ ဒါပေမယ့် ဘယ်လောက် အတိုင်းအတာ အထိ ကျွန်တော်တို့ဖက်က ထိခိုက်သွားတယ် ဆိုတာ သိရဖို့ နောက်ထပ် အကူအညီတွေ အများကြီး လိုနေတယ်”

 

“ခင်ဗျား ဘယ်လို လုပ်မယ်များ စိတ်ကူးထားလဲ အယ်ဖရက်”

 

“ပထမဦးဆုံး ဂျော်ဒန်ကို စစ်လားဆေးလား မလုပ်မီ သူ့အိမ်အတွင်းပိုင်းကို ကျွန်တော် ကြည့်ချင်တယ်၊ ဒီအတွက် ကန့်ကွက်ဖို့များ ရှိနေလား”

 

“မရှိပါဘူး၊ ဒါပေမယ့် နူးနူးညံ့ညံ့တော့ တတ်နိုင်သမျှ ကိုင်တွယ်ဖို့တော့ ကျွန်တော် ပြောချင်တယ်”

 

“ဒီအတွက် မစိုးရိမ်ပါနဲ့။ ကျွန်တော် ပါးပါးနပ်နပ် လုပ်တတ်ပါတယ်”

 

“ကျွန်တော်တို့ထဲက စောင့်ကြည့်ဖို့ သုံးနေတဲ့ လူတွေထဲမှာ အိမ်ထဲကို ဖေါက်ထွင်း ဝင်တတ်တဲ့ လူတွေ ရှိထားပြီးသား ဆိုတာ ခင်ဗျား သိတယ် မဟုတ်လား”

 

“သိပ်သိတာပေါ့၊ ဒီအတွက်လည်း ဘယ်သူ့ကို ခိုင်းရမယ်ဆိုတာ ကျွန်တော့် ခေါင်းထဲမှာ ရှိထားပြီးသား”

 

                                                ******************************