တတိုင်းပြည်လုံးက ၎င်းတို့ကို ဆန့်ကျင်လာအောင် စည်းရုံးနိုင်ခဲ့သော မြန်မာ စစ်ဗိုလ်ချုပ်များ

by Hla Soewai - Jan 29 2022

အထက်ပါ ခေါင်းစဉ်ဖြင့် အီကော်နော်မစ် မဂ္ဂဇင်းကြီးက ဇန်နဝါရီ ၂၉ ရက် နေ့ ဆောင်းပါး ဖြင့် ယခုလို ရေးသားလာခဲ့သည်။

 

မြန်မာ စစ်ခေါင်းဆောင်များက ၂၀၁၇ ခုနှစ် အတွင်း ရိုဟင်ဂျာ ကျေးရွာများကို ဝင်ရောက် ဖျက်ဆီး မီးရှို့၊ အမျိုးသမီးများကို အဓမ္မပြုကျင့်၊ မဲမဲမြင်ရာ သတ်ဖြတ်ခဲ့မှု ကြောင့် ရိုဟင်ဂျာ ခုနှစ်သိန်းခန့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် သို့ ထွက်ပြေးခိုလှုံသွားခဲ့မှုကြီး အပေါ် လုပ်သင့်လုပ်ထိုက်သည်ဟု ယုံကြည်ခဲ့ကြသူများ ရှိနေသည်။ သူတို့အား “အကြမ်းဖက်သမားများ”၊ “နိုင်ငံတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူများ” ဟု ယုံကြည်ခဲ့ကြ၍ ဖြစ်သည်။

 

သို့သော် စစ်တပ်မှ ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းလာခဲ့ပြီး နောက်တွင်မူ ၎င်းတို့၏ အပြုအမူ များကို မြင်တွေ့လာကြသည့် အခါတွင်တော့ ရိုဟင်ဂျာများ ကို လူသိရှင်ကြားပင် ဆိုရှယ်မီဒီယာများမှ တဆင့် တောင်း ပန်မှုများ ထွက်ပေါ်လာခဲ့သည်။ သူတို့နှင့် အတူ ရပ်တည်ကြောင်း နိုင်ငံတဝှမ်း ဆန္ဒပြမှုများ တွင် ထုတ်ဖေါ်လာ ခဲ့သည်။

 

ထို အဖြစ်သို့ ရောက်လာလိမ့်မည်ဟု မင်းအောင်လှိုင်သည် မျှော်လင့်ထားခဲ့ခြင်း မရှိပေ။ ဤသည်မှာ အဆန်း တကြယ်တော့ မဟုတ်။ မြန်မာ ထိပ်တန်း စစ်ဖက်ခေါင်းဆောင်များသည် မည်သည့် အခါမျှ လူထု၏ သဘော ထား အမှန်ကို သိနားလည်နိုင်စွမ်း ရှိခဲ့သူများ မဟုတ်သောကြောင့်ပင် ဖြစ်သည်။ ရွေးကောက်ပွဲ အကြောင်း အမြဲလို ထည့်သွင်း ပြောဆိုခဲ့ကြသော်လည်း နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ ၎င်းတို့လိုလားသူများ အပေါ် အနိုင်ရရှိသွားသည့် အခါတွင် အံ့အား တသင့် ဖြစ်လာခဲ့ကြသည်။

 

၂၀၀၈ ခုနှစ်တွင် ၎င်းတို့ အာဏာလည်း တည်မြဲစေ၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ခေါင်းထောင် မလာစေမည့် နှစ်လမ်းသွား ဒီမိုကရေစီ ပုံစံမျိုး ဖြင့် သွား၍ရမည့် ဖွဲ့စည်းပုံကို တီထွင်လာခဲ့ကြသည်။ သို့သော် NLD သည် ၂၀၁၅ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အောင်ပွဲခံနိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမအား တိုင်းပြည်ကို ဦးဆောင်၍ မရအောင် လုပ်ထားသည့် ကြားမှ ဖေါက်ထွက်လာနိုင်ခဲ့သည်။

 

နောက်ပိုင်း ငါးနှစ်တွင် ယခင်ရွေးကောက်ပွဲ ထက် ပို၍ အသာစီး ရကာ အနိုင်ရရှိလာခဲ့သည်။ ဒီတကြိမ်တွင်တော့ မင်းအောင်လှိုင်သည် တော်လောက်ပြီဟု ဆုံးဖြတ်လာခဲ့သည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ထံမှ အာဏာကို လုယူလိုက်ရာတွင် နိုင်ငံတွင်း အမျိုးမျိုး အဖုံဖုံ ကွဲပြားနေသော တိုင်းရင်းသား လူမျိုးစုများအနေနှင့် အာဏာသိမ်းဗိုလ်ချုပ်တို့ကို ဖယ်ရှားနိုင်ရေး အတွက် တစည်းတလုံးတည်း ဖြစ်လာစေမည့် အနေအထားများကို မရည်ရွယ်ဘဲနှင့် ဖန်တီးပေးလိုက်သလို ဖြစ်သွားခဲ့ရသည်။ လူမျိုးကြီး ဝါဒများ လျော့နည်း ပပျောက်သွားသည့် နိုင်ငံရေး မျက်နှာစာ တခု ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

 

ဗိုလ်ချုပ်ကြီးများ၏ လုပ်ရပ်သည် နိုင်ငံတွင် ကာလကြာမြင့်စွာ အချင်းချင်း ရန်လိုမုန်းတီးမှု များကို ပပျောက် သွားအောင် လုပ်ပေးခဲ့သလို ဖြစ်၍ တိုင်းပြည်အတွက် အလုံးစုံ တန်ဖိုးရှိလှသည့် အောင်မြင်မှု တခု ဟု ဆိုရမည် ဖြစ်သည်။ တိုင်းရင်းသား လူမျိုးများအကြား တင်းမာမှုများ ဖြစ်ပေါ်လာအောင်လည်း ဗြိတိသျှ ကိုလိုနီ အရှင် သခင်များက မီးမွှေးပေးခဲ့ကြသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး တနှစ် အတွင်းမှာပင် စစ်တပ်သည် နယ်စပ် ဒေသများတွင် တိုင်းရင်းသား လက်နက်ကိုင်များ၏ ပုန်ကန်လာမှု များနှင့် စတင် ရင်ဆိုင်လာခဲ့ရသည်မှာ ယခု ထက်တိုင်ပင် ဖြစ်သည်။

 

ဗမာ လူများစုကြီးသည်လည်း စစ်တပ်သည် တိုင်းပြည်ကို သူပုန်များ၊ သစ္စာဖေါက်များ၊ ပြည်ပ မှ စိမ့်ဝင်လာသူ များ၏ ရန်မှ ကာကွယ်စောင့်ရှောက်နေသူများ အဖြစ် ထင်မြင်လာအောင် ဆယ်စုနှစ်ပေါင်းများစွာ ဝါဒမှိုင်း တိုက် ခံခဲ့ရသည်။ ရိုဟင်ဂျာများ အပေါ် ရန်လိုစိတ်များသည် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံနေကြသူများ ကြားတွင်ပင် တွေ့လာခဲ့ရသည်။ ရိုဟင်ဂျာ များ အပေါ် ကျူးလွန်ခဲ့မှု များ အတွက် စစ်တပ်ကို ကာကွယ်ပေးခဲ့မှု အတွက် အားပေးလာခဲ့သည်။ ဤသည်ကလည်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများသည် ဗမာ အများစု နေ ထိုင်ရာ အလယ်ပိုင်း ဒေသနှင့် ဝေးလံလှသော နယ်ခြားဒေသ တောင်တန်း များ ရှိရာတွင် ဖြစ်ပွားခဲ့ခြင်း ကြောင့်ဖြစ်သည်။

 

အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများအား ဖြစ်ပွားလာခဲ့သည်ကို စစ်တပ်မှ နှိမ်နှင်းမှုများ ပြုလုပ်လာ သောအခါတွင် စစ်သားများသည် သေနတ်ပြောင်းဝများကို တိုင်းရင်းသား လူနည်းစုများ သာမက ဗမာများ ဖက်သို့ လှည့်လာခဲ့ကြသည်။ သို့သော် ၎င်းတို့အပေါ် ခုခံ တွန်းလှန်နေမှုများက အရှိန်လျော့ ကျသွားခြင်း မရှိ သည့် အခါတွင် မြို့ရွာများကို မီးရှို့ဖျက်ဆီးကာ ဆန့်ကျင်သူများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်လာကြ တော့သည်။

 

နိုင်ငံရေး အကျဉ်းသားများ အကူအညီပေးရေး အဖွဲ့ မှ ပြုစုထားသော စာရင်းဇယားများအရ လူပေါင်း ၁,၅၀၀ နီးပါးကို သတ်ဖြတ်ခဲ့ကြပြီး ဖြစ်သည်ဟု သိရသည်။ ဤသည်ကို ကြည့်၍ ဗမာများသည် တိုင်းရင်းသား လူနည်း စုများ ခံစားခဲ့ရသော ဒုက္ခများကို အမှန်တကယ် စာနာတတ်လာခဲ့ကြသည်ဟု တိုင်းရင်းသား လူနည်းစုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံရေးကို လေ့လာနေသူ ကင် ဂျိုလီဖီး က ပြောပြခဲ့သည်။

 

ထိုသို့ ပြောင်းလဲလာသော အရွေ့ကြီးအား နိုင်ငံရေး နယ်ပယ်တွင်လည်း တွေ့လာခဲ့ရသည်။ အာဏာသိမ်းပြီး နောက်တွင် ရွေးချယ်တင်မြှောက်ခံ NLD အမတ်များက ဦးဆောင်ပြီး အမျိုးသား ညီညွတ်ရေး အစိုးရကို ဖွဲ့စည်း လာခဲ့သည်။ ထိုအစိုးရသည် ယခင် နှင့် မတူဘဲ ပုံသဏ္ဌာန်ရော အနှစ်သာရပါ ပြောင်းလဲသွားမည်ဟု ကတိပြု လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဗဟိုမှ အာဏာကို ခွဲဝေပေးရန် ပျက်ကွက်ခဲ့မှု အတွက် တိုင်းရင်း သားများ အကြား လူကြိုက်နည်းခဲ့ရသည်။ အချို့ ဗမာ နိုင်ငံရေး သမားများ ကြားတွင်လည်း သူမတဦးတည်း အာဏာကို တင်းကျပ်စွာ ချုပ်ကိုင်ထားခဲ့သည်ဟု အထင်လွဲမှုများ ရှိလာခဲ့သည်။

 

NUG သည် ၎င်းတို့အား ဝေဖန်ခဲ့သူများ၏ အမြင်ကို နားထောင်ရန် အထူး လိုက်လျောပေးလာခဲ့သည်။ NUG အဖွဲ့တွင်လည်း လူငယ်များ နှင့် တိုင်းရင်းသား လူနည်းစုများကို ထည့်သွင်း ဖွဲ့စည်းလာခဲ့ပြီး အားလုံး၏ သဘော တူညီချက် ဖြင့်သာ ဆုံးဖြတ်ချက်များ ချမှတ်မည်ဟု ဆိုသည်။ ယခင်ကနှင့် ကွဲလွဲလာသည်ကို ပြသသည့် အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းလိုက်ပြီး ဖက်ဒရယ် နိုင်ငံတော်ကို ထူထောင်ကာ ရိုဟင်ဂျာများ အားလည်း နိုင်ငံသား အဖြစ် အသိအမှတ် ပြုမည်ဟု ကတိပေးခဲ့သည်။ ဤသည်ကပင် တိုင်းရင်းသား လူမျိုး စုများ နှင့် ပြေလည်မှုကို ဦးတည်သည့် အားလုံးပါဝင်မည့် နည်းလမ်းမျိုးဖြင့် “နိုင်ငံရေး ခေတ်သစ်” ကို စတင်လိုက်ခြင်း ဖြစ်သည်ဟု NUG တွင် ဒုတိယ ဝန်ကြီး အဖြစ် ပါဝင်လာသည့် အသက် ၃၇ နှစ်ရှိ ကချင်လူမျိုး ဦးမော်ထွန်းအောင်က ပြောသည်။

 

အဆိုပါ ပြောင်းလဲလာမှုသည် မူအားဖြင့်သော်၎င်း၊ လက်တွေ့ အခြေအနေများအရ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ လက်ရှိ NUG သည်လည်း နယ်မြေ စိုးမိုးနိုင်မှု မရှိသေးသည့်အပြင် ပြည်ပတိုင်းပြည်များ၏ တရားဝင် အသိအမှတ်ပြုခြင်းကို မခံရပြန်၍ မရေမရာ အခြေအနေဖြင့် လှုပ်ရှားနေရသည်။ ရိုဟင်ဂျာ များ အပေါ် သဘော ထား ပြောင်းလဲလာမှုသည် နိုင်ငံတကာ၏ အသိအမှတ်ပြု ခံရရေး အတွက် အကြောင်းတကြောင်း အဖြစ် ပါဝင် ခဲ့သည်ဟု NUG လူ့အခွင့်အရေး ဝန်ကြီး၏ ရိုဟင်ဂျာ အရေး အကြံပေး ဦးအောင်ကျော်မိုးက ဆိုသည်။ နယ်မြေ စိုးမိုးမှု ရရှိရေး အတွက် စုစုပေါင်း အင်အား ၉၀,၀၀၀ ခန့် ရှိနေသည့် နှစ်ဒါဇင် နီးပါးမျှ သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် မဟာမိတ်ပြုမှ ဖြစ်မည်ကိုလည်း ကောင်းစွာ သိရှိထားကြသည်။ (မြန်မာစစ်တပ်တွင် အင်အား ၃၀၀,၀၀၀ ခန့် ရှိမည်ဟု ယူဆခံထားရသည်)။ သို့သော် NUG အပေါ် သံသယ ပွားမှုများ ဆက်ရှိနေဆဲ ဖြစ်သည့် အတွက် ဆွေးနွေးညှိနှိုင်းမှုများတွင် အခက်အခဲ ကြုံလာရသည်။

 

မည်သို့ပင် ဖြစ်စေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ လေးဖွဲ့သည် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်တွင် စစ်တပ်ရန်မှ တိမ်းရှောင်လာသော NLD နိုင်ငံရေး သမားများကို ခိုလှုံခွင့် ပေးခဲ့ကြရုံမျှမက NUG တွင် ပါဝင် ရန်ပင် ကိုယ်စားလှယ်များ ထည့်သွင်းလာခဲ့သည်။ ထို့အပြင် ဖွဲ့စည်းပုံ အသစ် ရေးဆွဲနိုင်ရေး အတွက် ဆွေးနွေး မှုများတွင် ပါဝင်ခဲ့ပြီး လူသားချင်း စာနာမှု အကူအညီများ ပေးလာခဲ့သည်။

 

စစ်မြေပြင်တွင် ပူးပေါင်း တိုက်ပွဲဝင်ခဲ့ကြသည်။ NUG အတွက် လက်နက်များ ရရှိရေးတွင် အကူအညီများ ပေး ခဲ့ပြီး စစ်ရေး နည်းဗျူဟာများကို အကြံပေးခဲ့သည်။ NUG အစိုးရအတွက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF များလည်း အလျှိုလျှို ပေါ်ပေါက်လာခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက PDF အဖွဲ့ဝင်များကို လေ့ကျင့်ပေးလာခဲ့ပြီး အတူလက်တွဲ တိုက်ပွဲဝင်ခဲ့ကြသည်။ လူထု၏ ဒီမိုကရေစီ လှုပ်ရှားမှု သမိုင်း တလျှောက် တွင် ထိုကဲ့သို့ ဗမာ များ နှင့် တိုင်းရင်းသားများ အကြား ပူးပေါင်းဆောင်ရွက်လာနိုင်ခဲ့သည့် အတိုင်းအတာကို မကြုံစဘူး တွေ့လာရသည်ဟု ဂျိုလီဖီးက မှတ်ချက်ချခဲ့သည်။

 

တဖက်တွင် စစ်အာဏာသိမ်း အဖွဲ့သည်လည်း ရုန်းကန်နေရဆဲ ဖြစ်သည်။ ၎င်းတို့ အစဉ်အဆက် ကျင့်သုံး လာသော “ဖြတ်လေးဖြတ်” သောင်းကျန်းမှု တိုက်ဖျက်ရေး နည်းလမ်းဖြင့် ပြောက်ကျား တပ်ဖွဲ့များ နှင့် ဒေသ ခံများ အကြား စားနပ်ရိက္ခာထောက်ပံ့မှု မရှိရေး၊ ရံပုံငွေ မထောက်ပံ့နိုင်ရေး၊ သတင်း ပေးခြင်း မလုပ်နိုင် အောင်နှင့် လူသစ်မစုဆောင်းနိုင် အောင် ကြံဆောင်လာခဲ့သည်။

 

ထိုလုပ်ရပ်သည် လက်တွေ့တွင် ကျေးရွာများကို အကြောက်တရား ဖြစ်ပေါ်လာအောင် ပြုလုပ်ခြင်းမျိုး သာ ဖြစ်၍ လူပေါင်း ၄၀၀,၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ၎င်းတို့ လိုလားသည့်အတိုင်း ရလဒ်များ ထွက်ပေါ်မလာခဲ့ပေ။ ဤကဲ့သို့ ရက်စက်ကြမ်းကြုပ်သည့် နည်းလမ်းများ ကျင့်သုံးလာခဲ့မှုသည် လူထု ကို ငြိမ်ကျသွားအောင် မလုပ်နိုင်ခဲ့ဘဲ ဒေသခံ ပြည်သူ ကာကွယ်ရေးအဖွဲ့များ အတွက် လူသစ်များ အကြီးအ ကျယ် စုဆောင်းပေးသည့် စီမံချက်မျိုး ဖြစ်ခဲ့ရသည်ဟု မြန်မာစစ်တပ် သမိုင်း လေ့လာသူ မေရီ ကာလာဟန် က ဆိုသည်။

 

စစ်တပ်သည် ယခုအခါ စစ်မျက်နှာ ပေါင်းစုံဖွင့်ကာ တိုက်ခိုက်နေရပြီ ဖြစ်သည်။ မြို့ကြီးများမှာ နေ့စဉ်လို ဗုံးခွဲ တိုက်ခိုက်ခံနေကြရသည်။ နှစ်ပေါင်းများစွာ ကြာအောင် တိုက်ပွဲများ ဖြစ်သည်ကို ကြားပင် မကြားခဲ့ရသော ဗမာတို့၏ မြေပြန့် အရပ်များ၊ အချို့သော တိုင်းရင်းသားများ နေထိုင်ရာ နယ်စပ်ဒေသများတွင်လည်း စစ်မြေပြင် ဖြစ်လာခဲ့ရသည်။

 

ခုခံတော်လှန်နေသည့် အင်အားစုများ နှင့် ပူးပေါင်းခြင်း မရှိခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် လည်း အခွင့်အရေးကို အမိအရ အသုံးချကာ နယ်မြေများကို တိုးချဲ့လာခဲ့ကြသည်။ စစ်တပ်အဖို့က ယခင်ကလို တိုက်ချင်သည့် နေရာကို ရွေးခွင့်မရတော့သည့်အပြင် လူထု၏ မုန်းတီးရွံရှာခြင်း ခံလာရသဖြင့် လူသစ်များ စုဆောင်း ၍ မရ ဖြစ်လာသည်။ ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်များ နှင့်လည်း အပစ်အခတ် ရပ်စဲရေးကို ရအောင် ပြုလုပ်နိုင်စွမ်း မရှိခဲ့ပြန်ပေ။ စစ်တပ်ဖက်တွင် အရှိန်အဟုန်နှင့် မလှုပ်ရှားနိုင်တော့ ချိန်တွင် ခုခံ တော် လှန်ရေး သမားများဖက်တွင် အရှိန်အဟုန် ပြင်းစွာ လှုပ်ရှားလာနေပြီ ဖြစ်သည်ဟု သုတေသီ တဦး ဖြစ်သူ မက်သယူး အာနိုးက မှတ်ချက်ချခဲ့သည်။

 

စစ်တပ်အဖို့က ၎င်းတို့ ထိန်းချုပ်ထားရာ နယ်မြေများကိုပင် အုပ်ချုပ်ဖို့ အခက်ကြုံလာရသည်။ ထို့အတွက် ၎င်းတို့သည် “ပြည်ပမှ ကျူးကျော်သိမ်းပိုက်လာသည့် တပ်များ” သဖွယ် ဖြစ်လာနေသည်ဟု နိုင်ငံခြား သံတမန် ဟောင်းတဦးက နှိုင်းယှဉ်ပြောဆိုလာခဲ့သည်။ အုပ်ချုပ်နိုင်စွမ်း ရှိသည့် ဒေသများတွင်လည်း ကြမ်းကြမ်း တမ်းတမ်း ဖြင့် အုပ်ချုပ်လာ၍ အကန့်အသတ်ဖြင့်သာ ရှိနေခဲ့သည်ဟုလည်း ဆိုသည်။

 

အာဏာ မောင်းတံများကို ဆုပ်ကိုင်ထားနိုင်မှုသည် ပြေလျော့လာနေသည်။ အာဏာသိမ်းပြီးနောက်တွင် အစိုးရ ဝန်ထမ်း ၄၀၀,၀၀၀ ခန့် ကန်ကွက်သည့်အနေဖြင့် နှုတ်ထွက်သွားခဲ့ကြပြီး ဖြစ်သည်ဟု NUG က ဆိုသည်။ ယင်း အရည်အတွက် သည် ချဲ့ကား ပြောဆိုခဲ့ခြင်း ဖြစ်မည်မှာ သံသယ ဖြစ်စရာ မလိုသော်လည်း အုပ်ချုပ်ရေး ပျက်ပြားနေမှု အတိုင်းအတာက သိသာနေပေသည်။

 

ဆင်းရဲနွမ်းပါးမှု နှုန်းသည် မြင့်တက်လာနေပြီး စီးပွားရေးတွင် ကသောင်းကနင်းများ ဖြစ်လာခဲ့ရသည်။ အာဏာ သိမ်းမှု နှင့် ကိုဗစ် သာ မရှိခဲ့လျှင် ဖြစ်လာ နိုင်သည့် အတိုင်းအတာထက် သုံးပုံတပုံ ခန့် ထပ်မံ ကျဆင်း သွား မည်ဟု ကမ္ဘာဘဏ်က ခန့်မှန်းခဲ့သည်။

 

စစ်တပ်သည် ဘတ်ဂျက်လိုငွေပြမှုများ နှင့် လည်း ကြုံလာနေရပြီ ဖြစ်သည်။ ကျန်ရှိနေသေးသော ဝန်ထမ်း များကို လစာပေးထားနိုင်ဖို့ပင် ရုန်းကန်နေကြရသည်။ “မြန်မာသည် တဖြေးဖြေး နှင့် အုပ်ချုပ်နိုင်စွမ်း မရှိ တော့သည့် အနေအထားသို့ ရောက်လာနေပြီ” ဟု မစ္စက် ကာလာဟန်က ပြောလာခဲ့သည်။

 

စစ်တပ် အနေဖြင့် ထိုသို့ အခြေအနေများအား ထိန်းချုပ်နိုင်စွမ်း မရှိတော့သည်ကို တော်လှန်‌ရေးကြီး အောင်မြင် လာဖွယ် ရှိသည်ဟု ယူဆ၍ မဖြစ်သေးပေ။ အနည်းဆုံး သမာရိုးကျ နည်းလမ်းမျိုးကို ဆိုလိုခြင်း ဖြစ်သည်။ စစ်တပ်တွင် လူအင်အား လက်နက်အရာတွင် သာလွန်နေဆဲ ဖြစ်သည်။ ခုခံတွန်းလှန်နေသည့် အင်အားစုများ ကလည်း နိုင်ငံတဝှမ်းတွင် ရှိနေကြသော်လည်း တခုတည်းသော ကွပ်ကဲမှု အောက်တွင် စုစည်း ချိတ်ဆက်နိုင် ခြင်း မရှိသေးပေ။ ထိုအဖွဲ့များအား ကြီးမား ကျယ်ပြန့်သော စစ်ရေး မဟာဗျူဟာ မျိုး နှင့် လမ်းညွှန်မှု ပေးနိုင် မည်လား ဆိုသည်က သိသိသာသာ မတွေ့ရသေးပေ။ (စစ်တပ်တွင်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်)။ ထိုသို့ဆိုက အောင်ပွဲရလျှင်ပင် နေပြည်တော်သို့ ချီတက် လာမည့် တော်လှန်ရေး အဖွဲ့များ ပါဝင်လာလိမ့်မည် မဟုတ်ပေ။

 

ဘက်ပေါင်းစုမှ ဖိအားများကို တစုတစည်းတည်း ပေးရလိမ့်မည် ဖြစ်သည်။ သို့မှသာ စစ်တပ်သည် နယ်မြေ အတော်များများမှ တပ်များကို မဖြစ်မနေ ပြန်ရုပ်သိမ်းရတော့မည် ဖြစ်၍ စိတ်ဓါတ်များ ကျဆင်းလာပြီး ဗိုလ်ချုပ်ကြီးများ အကြားတွင်လည်း သဘောကွဲလွဲမှုများ ဖြစ်လာကာ အကွဲအပြဲ များ ထွက်ပေါ်လာပေမည်။ ထိုသို့ ဖြစ်လာဖို့က အချိန်ယူရပေဦးမည်။ NUG အနေဖြင့် အနာဟောင်းများ ရှိနေဆဲ ဖြစ်သော တိုင်းရင်းသား လူနည်းစုများ ယုံကြည်လာအောင် မည်မျှ အတိုင်းအတာ အထိ စည်းရုံးနိုင်မည့် အပေါ်တွင်လည်း မူတည် နေသည်။

 

သို့သော် ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာသည့် အရာတခု မှာ ရှိနေပြီ ဖြစ်သည်။ ဗမာ ပြည်သူများ၏ စိတ်ရော ကိုယ်ပါ တွန်းလှန်နေကြခြင်းကြောင့် စစ်တပ်သည် အရေးနိမ့်သွားပြီ ဆိုသည်ပင် ဖြစ်သည်။

 

တော်လှန်ရေးကြီး မုချအောင်ရမည်!!!