D-Day နောက်ကွယ်မှ သူလျို မဟုတ်သော သူလျိုများ (၁၀၈)

by Hla Soewai - Jan 29 2022

ဟာရီ ဒေါလ်တန်သည် သူ့တွင် ပါလာသည့် ပါးလွှာသော သတ္တု တံလေးဖြင့် ပီတာ ဂျော်ဒန်၏ အိမ်ရှေ့တံခါး သော့ပေါက်ထဲသို့ ထိုးထည့်လိုက်သည်၊ ဗီကာရီ က မတ်တပ်ရပ်လျက် နေရင်းက လမ်းဖက်သို့ မျက်နှာမူကာ ဟာရီကို ကွယ်ထားပေးရင်းက လူရိပ်လူခြေကို ကြည့်နေသည်။


တအောင့်လောက် အကြာတွင် သူ့နောက်ဖက်မှ ကလစ်ဟူသော အသံသဲ့သဲ့ ထွက်လာသဖြင့် သော့ပွင့် သွားမှန်း သိလိုက်သည်။ ဟာရီသည် တကယ့် ဖောက်ထွင်းဝိဇ္ဇာတယောက် အလား အလွယ်တကူ ဖွင့်နိူင် ခဲ့ပြီး တံခါးကို တွန်းဖွင့်ကာ အိမ်ပိုင်ရှင် တယောက်အလား ပိုင်စိုးပိုင်နင်း ဝင်သွားခဲ့ပြီ ဖြစ်သည်။


"ပိုင်လှခြည်လား ကိုယ့်လူ"



"ရုပ်ရှင်ထဲမှာ တခါ မြင်ဖူးထားလို့"


"ဘာပဲဖြစ်ဖြစ် ကျုပ်တော့ မယုံရေးချ မယုံပဲ"


"ခင်ဗျားဟာ ပါးရည်နပ်ရည် ရှိတဲ့ လူတယောက်ဆိုတာ ကျွန်တော် အမြဲလို သိနေပြီးသားပါ၊ ကဲ...ခြေထောက် သုတ်လိုက်ဦး"


ဗီကာရီက ဧည့်ခန်းတံခါးကို ဖွင့်ပြီး အထဲသို့ ဝင်သွားသည်၊ သူ့မျက်လုံးများက သားရေ ဆိုဖာများ၊ ကော်ဇော်များ နှင့် နံရံတွင် ချိတ်ဆွဲထားသော တံတားဓါတ်ပုံများကို တချက် မျက်လုံးဝှေ့ကြည့်လိုက်သည်။ မီးလင်းဖိုနား ကပ်သွားပြီး အပေါ်စင်တွင် တင်ထားသော ငွေ‌ဘောင်ကွပ်ထားသော ဓါတ်ပုံများကို စေ့စေ့စပ်စပ် ကြည့်နေသည်။



"ဒါ သူ့မိန်းမဖြစ်ရမယ်၊ အတော်ချောတာပဲ" ဟု ဟာရီက ပြောလိုက်သည်။


"ဟုတ်ပေသဗျ" ဟု ဗီကာရီ က ပြန်ပြောရင်း ဘုသီမှ သူ့အား ပေးထားသည် လုပ်သက်ဖိုင် နှင့် အတူ နောက်ခံ ရာဇဝင်ကို စစ်ဆေး‌ခဲ့ရာမှ ‌‌တွေ့ရှိထားသည်များကို ခပ်သွက်သွက် ဖတ်လိုက်ပြန်သည်။ "ဒီအမျိုးသမီး နာမည်က မာဂရက် လောက်တာဘတ် ဂျော်ဒန်၊ နယူးယောက်က လောင်းအိုင်းလန်းဖက်မှာ စစ်မဖြစ်မီကလေးတင် ကား အက်ဆီးဒင့် ဖြစ်ပြီး
‌ဆုံးသွားတယ်"


သူတို့ နှစ်ဦးသား ဟောခမ်းကို ဖြတ်လျှောက်လာခဲ့ပြီး ထမင်းစားခန်း နှင့် မီးဖိုချောင်ကို ကြည့်လိုက်ကြပြန်သည်။ ဟာရီက ကပ်နေသော အခန်းတံခါးကို တွန်းဖွင့်ကြည့်ရာ သော့ခတ်ထားမှန်း သိလိုက်သည်။
"ဖွင့်လိုက်ဗျာ" ဟု ဗီကာရီက ပြောလိုက်သည်။


ဟာရီက ဒူးထောက်ကာ သော့ကို သူ့ပစ္စည်းနှင့် လှည့်ဖွင့်လိုက်ပြန်သည်။ တအောင့်အကြာတွင် အထဲသို့ရောက်လာခဲ့ကြသည်။ အထဲတွင် ရုံးခန်းတခုနှင့် မခြား ပြင်ဆင်ထားသည်၊ စားပွဲကလည်း မဲနက် ပြောင်လက်နေသော သစ်သားထည် စားပွဲ၊ သားရေ ထိုင်ခုံ နှင့် ဗိသုကာ သို့မဟုတ် အင်ဂျင်နီယာ တယောက်ဟု မပြောပဲ သိနိုင်သည့် ပုံဆွဲစားပွဲခုံ နှင့် ကုလားထိုင်ကိုပါ တွေ့လိုက်ရသည်။


ဗီကာရီသည် စားပွဲပေါ်က စာကြည့်မီးကို ဖွင့်လိုက်ပြီး "စာရွက်စာတမ်းတွေ ဓါတ်ပုံရိုက်လို့ကတော့ ကောင်းလိုက်မယ့် အမျိုး" ဟု ရေရွတ်လိုက်သည်။



မီးခံသေတ္တာက စားပွဲနှင့် ကပ်လျက် ရှိနေသည်၊ အတော်ဟောင်းနေပုံ ရသော်လည်း အနည်းဆုံး ပေါင် ငါးရာခန့် လေးမည်ဟု ခန့်မှန်းရသည်။ ဗီကာရီက မီးခံသေတ္တာ အောက်ပိုင်းကို အသေအချာ ကြည့်လိုက်ရာ ကြမ်းပြင်နှင့် တွဲ၍ မူလီ စုပ်ထားမှန်း သိလိုက်သည်။ "ကဲ...လာဗျာ၊ အပေါ်ထပ်ကို သွားကြည့်ရအောင်"


အပေါ်ထပ်တွင် အိပ်ခန်း သုံးခန်း ရှိသည့်အနက် နှစ်ခန်းက လမ်းကို လှမ်းမြင်နေရသည်၊ အိမ်၏ နောက်ဖက်ရှိ အခန်းက ပို၍ ကျယ်ကျယ်ဝန်းဝန်း ရှိသည်။
အရှေ့ခန်း နှစ်ခန်းက ဧည့်သည်လာလျှင် တည်းဖို့ ထားသော အခန်းများ ဖြစ်မည်။ အထဲရှိ အဝတ်အစား ထည့်သည့် တန်းများ ပါသော ဘီဒိုတွင် ဟာလာဟင်းလင်း ဖြစ်နေသည်၊ ပိုင်ရှင် စိတ်ကြိုက် မွမ်းမံထားသည့် ခြေရာလက်ရာများ မတွေ့ရ၊ ဗီကာရီသည် ဂျော်ဒန် အိပ်ခန်းထဲ ဝင်လိုက်သည်၊ နှစ်ယောက် အိပ် ကုတင် အိပ်ယာခင်းက တွန့်ကြေနေဆဲ ဖြစ်သည်၊ ပြတင်းပေါက် လိုက်ကာများကို အပေါ်သို့ မတင်ထား၍ နောက်ဖေး အုတ်တံတိုင်း နှင့် ကပ်နေသည့် ဥယာဉ် အသေးစားလေးကို တွေ့လိုက်သည်၊ မည်သူမျှ ဂရုတစိုက် ပေါင်းသင် ရေလောင်းခြင်းပင် လုပ်ထားပုံမရ။


ဗီကာရီသည် ဂျော်ဒန် အခန်းရှိ အဝတ်အစား ဘီဒိုကို ဆွဲဖွင့်ကြည့်လိုက်ရာ အထဲတွင် အမေရိကန် ရေတပ် ယူနီဖောင်း နှစ်စုံ၊ သိုးမွှေးစနှင့် ချုပ်ထားသော အရပ်ဝတ် ဘောင်းဘီ နှစ်ထည်၊ ဆွယ်တာ အထပ်လိုက်၊ မက်ဟက်တန်ရှိ အပ်ချုပ်ဆိုင် အမည်ပါ ရှပ်အင်္ကျီများ သေသေသပ်သပ် ခေါက် ထားသည်ကို တွေ့ရ၏။



ဘီဒိုကို ပြန်ပိတ်ပြီး အခန်းပတ်ပတ်လည် ကို လျှောက်ကြည့်လိုက်သည်၊ အမျိုးသမီးတဦး အခန်းထဲ နေသွားခဲ့သည်ဟု မထင်ရလောက်အောင် လက်ရာခြေရာ တစွန်းတစမျှ မတွေ့ရ၊ ရေမွှေးနံ့ လို အနံ့မျိုးသာ အနည်းငယ်ရနေသည်၊ ထိုအနံ့ကြောင် ဟယ်လင် စွတ်တတ်သည့် ရေမွှေး ကို အမှတ်ရသွားမိပြန်သည်။


"ဒီမိန်းမက ဘယ်လို လူမျိုး ဖြစ်နိုင်လဲ ဟု စိတ်ထဲက တွေးနေမိပြန်သည်။


ဗီကာရီက ဟာရီကို လှမ်းကြည့်လိုက်ပြီး "အောက်ကို ဆင်း၊ စာကြည့်ခန်းထဲ ဝင်လိုက်၊ တံခါးကိုလည်း ပြန်ပိတ်ဖို့ မမေ့နဲ့"



နှစ်မိနစ်လောက်အကြာတွင် ဟာရီ ပြန်တက်လာသည်၊ " ဘာသံကြားလဲ"


"ဘာသံမှကို မကြားဘူး"


"ဒီအတိုင်းဆိုရင်တော့ ညဖက် စာကြည့်ခန်းထဲ အသာခိုးဝင်၊ သူယူလာတဲ့ စာရွက်စာတမ်း မှန်သမျှ ဓါတ်ပုံရိုက်ယူ နေတာ ဖြစ်နိုင်တယ်"


"အဲ့လိုပဲ ယူဆရတော့မှာပဲ၊ ရေချိုးခန်းကို ကြည့်လိုက်ဦး၊ အဲ့ဒီမှာ အမျိုးသမီး ပစ္စည်းတခုခု ထားခဲ့လားလို့"


ရေချိုးခန်းထဲရှိ ဆေးပစ္စည်းများ ထည့်သည့် နံရံကပ် ဘီဒို အသေးလေးကို ဟာရီ မွှေနှောက်နေသည့် အသံများ ကြားနေရသည်၊ အိပ်ခန်းထဲ ပြန်လာပြီး
"အမျိုးသမီးနဲ့ ပတ်သက်တာ ဘာတခု မှ မတွေ့ရဘူး"


"ကောင်းပြီ၊ ဒီလောက်ဆို လုံလောက်ပြီ"


သူတို့ အောက်ထပ်သို့ ပြန်ဆင်းလာခဲ့ကြပြီး စာကြည့်ခန်း တံခါး ပြန်သော့ခတ်ထားခြင်း ရှိမရှိ သေချာအောင် စစ်ဆေး ပြီး နောက် အိမ်ရှေ့တံခါးမှ အပြင်သို့ ထွက်လာခဲ့ကြသည်။



ကားရပ်ထားသည့် လမ်းဒေါင့်သို့ လျှောက်လာရင်းက လမ်းတဖက် ရှိ အိမ်များဖက် ဗီကာရီက လှမ်းကြည့်လိုက်ပြန်သည်၊ ချက်ခြင်းလို မျက်နှာအောက်သို့ ငုံ့လိုက်သည်။ သူ့မျက်စိထဲတွင် မှောင်နေသော အခန်းပြတင်းပေါက် တခုမှ သူ့ကို စိုက်ကြည့်နေသော မျက်နှာတခုကို တွေ့လိုက်ရ၍ ဖြစ်သည်။ ထိုလူသည် မျက်လုံးအမည်း၊ အနက်ရောင် ဆံပင်၊ ပါးလွှာသော နှုတ်ခမ်း နှင့် ဖြစ်ပြီး နောက်တကြိမ် ပြန်မော့ကြည့်လိုက်သည့် အခါတွင်တော့ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

**********************



ဟော့စ် နျုမန်သည် စောင့်နေရသည့် အချိန်များ အကုန် မြန်စေရန် သူလုပ်နေကျ ကစားနည်းတခု ဖြစ်သည့် လူများ၏ မျက်နှာကို စိတ်ထဲစွဲနေအောင် လေ့ကျင်ယူသည့် နည်းကို အသုံးချနေမိသည်၊ သူသည် ထိုကဲ့သို့ မှတ်မိအောင် လုပ်ရာတွင် ထူးချွန်သူ တဦးလည်း ဖြစ်သည်။ ရထားပေါ် သို့မဟုတ် လူများ ပြည့်သိပ်နေတတ်သော ရင်ပြင်လို နေရာမျိုးတွင်  မျက်နှာများကို တချက်မျှ ဝေ့ကြည့်ပြီး အလွတ်ရနေအောင် လုပ်ခြင်းမျိုးပင် ဖြစ်သည်။ ပြီးလျှင် သူ၏ စိတ်ထဲမှ ဓါတ်ပုံ အယ်ဘမ်ကို တရွက်ချင်း လှန်ကြည့်သလိုမျိုး သူမှတ်ထားသော မျက်နှာများကို  ပြန်ပုံဖေါ်ကြည့်နေတတ်သည်။



သူသည် ဟန်စတင်တန်-လီ‌ဗာပူ ရထားပေါ်တွင် အကြိမ်များစွာ လိုက်ပါစီးနင်းခဲ့ဖူးပြီး ဖြစ်သဖြင့် အတော်များများ၏ မျက်နှာများကို ဦးနှောက်ထဲတွင် ကျက်မှတ်ပြီးလည်း ဖြစ်၍ သူနှင့် မျက်မှန်းတန်းမိသလို ဖြစ်လာသည်။


ထိုအထဲတွင် မျက်နှာဖေါင်းဖေါင်း နှင့် နယ်လှည့် အရောင်းသမားတဦးသည် သူ ဆင်းရမည့် ကင်းဘရစ်ချ် ဘူတာ မရောက်မချင်း ရည်စား၏ ပေါင်တံများကို အမြဲလို ပွတ်သတ်နေတတ်ပြီး ဆင်းကာနီးမှသာ ဂွတ်ဘိုင် ပြောရင်း နှုတ်ဆက်အနမ်းပေးသွားတတ်သည်၊ ရထားပေါ်မှ ဆင်းသည်နှင့် သူ၏ ဇနီးရှိရာ အိမ်သို့ တန်းပြန်မည့် လူမျိုးလည်း ဖြစ်သည်။‌ နောက်တဦးက အမြဲလို ငိုမလို မျက်နှာထားမျိုး နှင့် အပျိုကြီးတဦးကို သတိထားမိပြန်သည်၊ ရထားပြတင်းပေါက် အပြင်သို့ အမြဲလို စိုက်ကြည့်ရင်း လိုက်လာတတ်သည့် ခင်ပွန်းဖြစ်သူ တိုက်ပွဲကျ၍ မုဆိုးမ ဖြစ်နေရှာသည့် အမျိုးသမီးတဦး၊ ‌ကွယ်လွန်သွားရှာပြီ ဖြစ်သော ခင်ပွန်း၏ မျက်နှာကို တရိပ်ရိပ် ဖြတ်လာနေသော ညိုမှိုင်း စိမ်းစိုနေသည့် တောတန်းကြီး တလျှောက် တွေ့နေပုံ ရနေသလားဟုပင် ထင်မှတ်ရသည်။



ကာဗင်းဒစ်ရှ် ရင်ပြင်တွင်လည်း ပုံမှန် ဖြတ်သွားဖြတ်လာ လုပ်နေသူများအားလုံးကို သိနေခဲ့ပြီး ဖြစ်သည်။ ရင်ပြင် ပတ်ပတ်လည် တဝိုက် အိမ်များတွင် နေထိုင်သူများ၊ ရင်ပြင်ထဲရှိ ခုံတန်းလျားများတွင် လာထိုင်တတ်သူများပါမကျန် မှတ်မိနေသည်။ ထိုသို့ လူများ၏ မျက်နှာကို ကြည့်မှတ်ရခြင်းသည် တခါလာလည်း မဲပြာပုဆိုးလို ဖြစ်လာတတ်သော်လည်း သူ၏ ဦးနှောက်ကို အမြဲလို ထက်မြက်အောင် သွေးနေသလို ဖြစ်နေသည့် အပြင် အချိန်ကိုလည်း အကုန်မြန်စေသည်။



သူ စောင့်နေသည့် လူဝကြီးသည် သုံးနာရီခန့်တွင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။ ဝတ်နေကျ မီးခိုးရောင် လောင်းကုတ် အင်္ကျီ၊ ဘောင်းလား ဟု ခေါ်သည့် လုံးလုံးဝိုင်းဝိုင်း သဏ္ဍန်ရှိ ဦးထုတ် နှင့် ဖြစ်ပြီး သူ့ပုံကလည်း မလွှဲသာ၍ ရာဇဝတ်မှု ကျူးလွန်ရတော့မည့် လူကြီးလူကောင်းတယောက်၏ ဂဏှာမငြိမ်သည့် ပုံမျိုး နှင့် ဖြစ်သည်။



ပေါ်တူဂီ သံဝန်ထမ်းက ထုံးစံ အတိုင်း တံခါးသော့ဖွင့်ကာ အိမ်တအိမ်ထဲ ဝင်သွားသည်၊ နျုမန်လည်း ရင်ပြင်ကို ခပ်သွက်သွက် ဖြတ်လျှောက်လိုက်ပြီး စာအိပ်ကို တံခါးချပ်ရှိ စာထဲ့သည့် အပေါက်ရှည်မျောမျော ထဲ ပစ်ထဲ့ပေးလိုက်သည်။


ကိုယ်ကို ကုန်း၍ ကောက်လိုက်ရသဖြင့် လူဝကြီးထံမှ ညည်းသံကိုပါ တဖက်မှ ကြားလိုက်ရသည်။


နျုမန်က ရင်ပြင်ရှိ သူထိုင်နေကျ နေရာသို့ ပြန်လာထိုင်ရင်း စောင့်နေလိုက်သည်။ မိနစ်အနည်းငယ်ခန့် အကြာတွင်  သံဝန်ထမ်းသည် အိမ်ထဲမှ ပြန်ထွက်လာပြီး တက္ကဆီ တစီးပေါ်သို့ တက်သွားသည်။ နျုမန်က သူစီးသွားသော တက္ကဆီအား အခြားကားတစီးစီးမှ နောက်ယောက်ခံ လိုက်သွားခြင်း ရှိမရှိ ကို အကဲခတ် ကြည့်ရင်း ကျန်ခဲ့သည်။



ထို့နောက်တွင်တော့ ရထားနှင့် ပြန်ရန် နှစ်နာရီခန့် အချိန်ဖြုန်းရဦးမည် ဖြစ်သည်ကို တွေးလိုက်မိပြန်သဖြင့် ထိုင်နေရာမှ ထရပ်လိုက်ပြီး ပို့မန်း ရင်ပြင်ဖက်သို့ လျှောက်လာခဲ့လိုက်သည်။ စာအုပ်ဆိုင်ရှေ့ ဖြတ်လာခိုက် ကောင်တာနောက်တွင် ကောင်မလေး ထိုင်နေသည်ကို ပြတင်းပေါက်မှ တဆင့် လှမ်းမြင်လိုက်သည်။ ဆိုင်ထဲတွင် အခြားမည်သူမျှ ရှ်ိမနေ၊ ကောင်မလေးသည် ကောင်တာ နောက်တွင် ထိုင်နေရင်းက ပြီးခဲ့သည့် တပတ်က သူ့အား ရောင်းလိုက်သည့် အီလိယော့ စာအုပ်တွဲကြီးကို ဖတ်နေသည်။ ဖတ်နေရင်းက သူမအား တယောက်ယောက်က စိုက်ကြည့်နေမှန်း အာရုံ ရသွားဟန်ရှိပြီး အလန့်တကြား မော့ကြည့်လိုက်သည်။ ထို့နောက် သူ့ကို မှတ်မိသွားပုံ ရပြီး ပြုံးပြရင်းက အထဲဝင်လာရန် အမူအရာနှင့် ပြလိုက်သည်။



နျူမန်လည်း တံခါးကို တွန်းဖွင့်ရင်း ဝင်လာခဲ့သည်။
"အတော်ပဲ အခု ကျမ ခဏနားချိန်ရောက်ပြီ၊ လမ်းတဖက် မှာ ကော်ဖီဆိုင် ရှိတယ်၊ ကျမနဲ့ အတူ လိုက်သောက်ပါလား၊ ဒါနဲ့ ကျမ နာမည် ဆာရာပါ"


နျူမန်က ‌စဉ်းစားလိုက်ပြီး "ဘာဖြစ်မှာ လိုက်လို့" ဟု စိတ်ထဲ က ရေရွတ်လိုက်ရင်း "လိုက်သောက်ရမှာပေါ့" ဟု ပြောလိုက်သည်။


************************