ယူကရိန်း တဝိုက် ရုရှား၏ စစ်အင်အား တည်ဆောက်မှု မည်မျှထိ ကြီးမားလာနေသနည်း

by Hla Soewai - Feb 02 2022

ရုရှား-ယူကရိန်း နယ်ခြားတဝိုက် ဖြစ်ပေါ်လာနေသော အကျပ်အတည်း သည် ပြေလျော့သွားမည့်အလားအလာ မတွေ့ရပေ။ ဇန်နဝါရီ ၂၇ ရက်နေ့တွင်
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်သည် ယူကရိန်းအား
ဖေဖေါ်ဝါရီလ အတွင်း ရုရှားမှ ကျုးကျော် တိုက်ခိုက်လာမည့် အရေးသည် ဖြစ်နိုင်ခြေ နည်းပါးနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇာစင်စကီးအား ပြောဆိုခဲ့သည်။


ဇန်နဝါရီ ၃၁ ရက်နေ့တွင်တော့ ကုလ လုံခြုံရေး ကောင်စီ အထူး အစည်းအဝေးတွင် ရုရှား နှင့် အမေရိကန် တို့  စီးချင်းထိုးပွဲ စတင်လာခဲ့ပေသည်။ ရုရှား ဆိုရှယ်မီဒီယာများ ပေါ်တွင်လည်း တပ်များအား ရထားများ၊ ကားများ နှင့် တင်ဆောင်၍ ယူကရိန်း နယ်စပ်သို့ ဦးတည်သွားနေသည့် ဗီဒီယို ဖိုင်များ ဖြင့် ပြည့်နှက်လာနေသည်။



ထိုကဲ့သို့ တပ်များ အလုံးအရင်းနှင့် ထူးထူးခြားခြား ရွှေ့ပြောင်းနေခြင်းသည် မည်မျှ အထိ အင်အား တည်ဆောက်နေသည် ဆိုသည်ကို ‌အီကော်နောမစ် မဂ္ဂဇင်းက ယခုလို တင်ပြလာခဲ့သည်။



ရုရှားတို့၏ စစ်အင်အား တည်ဆောက်လာနေသည့် အတိုင်းအတာကို သိရန် ခေတ်သစ် ရုရှား၏ တပ်များ ရွှေ့ပြောင်းချထားမှု ပုံစံကို အရင်ဦးစွာ သိထားဖို့ လိုပေသည်။



ရုရှားတွင် အင်အား ၆၀၀ မှ ၁,၀၀၀ အထိ ဖွဲ့စည်းထားသော Battalion Tactical Group (BTG) ဟူ၍ ဖွဲ့စည်းထားသည်၊ ထို BTG တပ်ဖွဲ့တိုင်းတွင် ကိုယ်ပိုင် စိတ်ကြိုက် သုံးနိုင်သည့် လက်နက်ကြီးများ၊ လေကြောင်း ကာကွယ်ရေး နှင့် ထောက်ပို့ ယန္တရား တပ်များ ပါရှိသည်။



၂၀၁၅ အတွင်း ရုရှား-ယူကရိန်း စစ်ပွဲတွင်ပင် ရုရှားတို့ အသည်းအသန် တိုက်ခိုက်ခဲ့ကြရသော်လည်း
BTG တပ်ဖွဲ့ တဒါဇင်ထက် ကျော်၍ စေလွှတ်ခဲ့သည်ကို မတွေ့ရပေ။ယခုအခါ တွင်တော့ BTG တပ်ဖွဲ့ စုစုပေါင်း ၇၄ မှ ၇၆ ခုအထိ ယူကရိန်းနယ်စပ်တွင် ဖြန့်ကျက်ချထားပြီး ဖြစ်သည်။ ထိုအထဲမှ ငါးပုံတပုံသည် ဘဲလာရုစ် ထဲ ရောက်ရှိနေပြီး အင်အား ၃၀,၀၀၀ ခန့် ရှိနေသည်ဟု ဇန်နဝါရီ ၃၀ ရက်နေ့တွင် အမေရိကန် အရာရှိတဦးက ထုတ်ဖေါ်ပြောဆိုခဲ့သည်။




တပ်မကြီးများ အများအပြား ပါဝင်ဖွဲ့စည်းထားသည့် ကြည်းရေလေ တပ်ပေါင်းစု ၁၁ ခု အနက် ၁၀ ခုသည် ယူကရိန်းနယ်စပ်တွင် ရောက်ရှိနေပြီ ဖြစ်သည်။ BTG ထဲတွင် တိုက်လေယာဉ်များ၊ စစ်သင်္ဘော များ နှင့် VDV ခေါ် လေထီးတပ်ဖွဲ့များ မပါရှိသေးပေ၊ VDV တပ်များသည် ယခုအခါ
ကာဇာတ်စတန် မှ ပြန်လည် ထွက်ခွာလာနေကြပြီ ဖြစ်သည်။


ထို့အတွက် အားလုံးကို ထည့်သွင်း တွက်ချက်မည် ဆိုက ယူကရိန်း နယ်စပ်တွင် ရုရှား စစ်အင်အား ၁၃၀,၀၀၀ ခန့် စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။



စစ်အေး တိုက်ပွဲကာလများ အတွင်းက ဆိုဗီယက်သည် ထိုထက်မက များပြားသော စစ်အင်အားကို အသုံးပြုခဲ့ပြီး ဖြစ်သည်။ ၁၉၆၈ တွင် ဆိုဗီယက် နှင့် ဝါဆော စစ်မဟာမိတ် နိုင်ငံများသည် တပ်အင်အား နှစ်သိန်းခွဲ ခန့်ဖြင့် ချက်ကိုစလိုဗက်ကီယား အား ကျုးကျော်ခဲ့ကြပြီး နောက်ခံ အရံအင်အားအဖြစ် တပ်မကြီး ဆယ်ခု ကို အရန်သင့် ပြင်ဆင်ထားခဲ့သည်။


ယူကရိန်း နယ်စပ်တွင် ဘော်လကန်စစ်ပွဲများ နှင့် ချီချင် စစ်ပွဲများ အတွက် စုရုံးခဲ့သည့် စစ်အင်အားထက် အဆမတန် သာလွန်နေ၍ နှစ်ပေါင်း လေးဆယ် အတွင်း ဥရောပကုန်းမြေ တွင် အကြီးမားဆုံး တပ်များ ဖြန့်ကျက်ချလာခြင်းဟု ပြော၍ ရပေသည်။



ဤသည်က မြေပြင်တပ်များ စုစည်းမှုသာ ရှိသေးသည်။ ဇန်နဝါရီ ၂၀ ရက်နေ့တွင် ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနမှ ဘော်လတစ်၊ ပင်လယ်နက်၊ မြောက်ဖက် ကမ်းရိုးတန်းနှင့် ပစိဖိတ်ရှိ ရေတပ် ဖွဲ့ များ ရှိ စစ်သင်္ဘော ၁၄၀ နှင့် ထောက်ပို့ သင်္ဘောများ စုစည်း၍ စစ်သည်အင်အား ၁၀,၀၀၀ ဖြင့်  ဇန်နဝါရီ နှင့် ဖေဖေါ်ဝါရီလ များ အတွင်း စစ်ရေး လေ့ကျင့်မှု ပြုလုပ်သွားမည်ဟု ကြေညာခဲ့သည်။


ထိုစစ်ရေးလေ့ကျင့်မှုတွင် အိုင်ယာလန် အနောက်ဖက် ကမ်းလွန်တွင် ရှိ ‌ဒုံးကျည်တင် စစ်သင်္ဘောများပါ ပါဝင်နေပြီး ဘောလတစ် နှင့် မြောက်ဖက် ကမ်းရိုးတန်း ရှိ စစ်သင်္ဘော အုပ်စုများသည် ပင်လယ်နက် သို့ ဦးတည် ခုတ်မောင်းလာနေကြပြီ ဖြစ်သည်။ ထိုသင်္ဘောအုပ်စုများတွင် ကမ်းတက် တိုက်သင်္ဘောများ ပါဝင်နေသဖြင့် ယူကရိန်း ဆိပ်ကမ်းများကို တိုက်ခိုက်လာနိုင်သည့် အနေအထားတွင် ရှိနေသည်။ ပစိဖိတ် ရေတပ်မကြီးရှိ အဓိက အသုံးပြုရန် ရည်ရွယ်ထားသည့် စစ်သင်္ဘောများသည် မြေထဲပင်လယ်သို့ ထွက်ခွာလာကြပြီ ဖြစ်သည်။ သမ္မတ ပူတင် ၏ သမ္မတရေယာဉ် အပါအဝင် သင်္ဘော အချို့သည် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လာနေသည်။



စစ်အင်ဂျင်နီယာ တပ်၊ ထောက်ပို့နှင့် ဆေးတပ်ရင်းများကိုပါ တွေ့လာရသည်၊ တနေ့လျှင် ၈၀ ကီလိုမီတာ အရှည် ပိုက်လိုင်းများကို တည်ဆောက်
နိုင်စွမ်း ရှိသည့် Pipeline Troops များသည် လိုအပ်လျှင် လောင်စာဆီများ အလျင်အမြန် ဖြည့်တင်းပေးနိုင်ရေး အတွက် ကရိုင်းမီယား နှင့် ထိစပ်နေသော ဒေသများတွင် အဆင်သင့် နေရာယူထားကြသည်။



သို့သော် ရုရှားသည် ယခုထိ အပြီးသတ် ပြင်ဆင်နိုင်ခြင်း မရှိသေးပေ၊ ထိုးစစ်ကြီး စတင်တော့မည့် လက္ခဏာများ ဖြစ်သည့် လေထီးတပ်သားများ နေရာယူလာခြင်း၊ သယ်ယူ ပို့ဆောင်ရေး လေယာဉ်များ သုံး၍ တပ်များကို ရွှေ့ပြောင်းလာခြင်း၊ နယ်စပ်အနီးရှိ အခြေစိုက်စခန်းများသို့ တိုက်လေယာဉ်များ အလုံးအရင်း နှင့် ပျံသန်းလာခြင်း အစရှိသည်တို့ မတွေ့ရသေးဟု ဂျိမ်း ကာကွယ်ရေး နှင့် ထောက်လှန်းရေး သုတေသီ များက ဆိုသည်။



ထိုးစစ်ကြီးအား အလုံးအရင်း နှင့် ဆင်နွှဲရန် ပြင်ဆင်ဖိုသည် ရုရှားတို့ အဖို့ အရံတပ်များကို အရင်ဆုံး တပ်လှန့် စုစည်းထားရမည်ဖြစ်သည်။ ထို့ပြင် သိမ်းပိုက်ရသော နယ်မြေများကို နောက်ပိုင်းမှ ထိန်းချုပ်ထားမည့်  OMON ဟု ခေါ်သည့် ပြည်သူ့စစ်ရဲများလည်း ဆင့်ခေါ်ထားရဦးမည် ဖြစ်သည်။



ရုရှားတို့ လုပ်ရပ်သည် "တပ်များ ရွှေ့ပြောင်းခြင်းထက် မပို" ဟု ယူကရိန်းသမ္မတ ၏ အပြောသည်က
လက်တွေ့နှင့် ကင်းကွာနေသည်။



အသိသာဆုံးက ရုရှားသည် နိုင်ငံအတွင်းရှိ နေရာအသီးသီးမှ တပ်များကို အဆင်သင့် အနေအထား ပြင်ဆင်လာခဲ့ခြင်းပင် ဖြစ်သည်။ မြောက်ကိုရီယား နယ်စပ် အနီးရှိ တပ်များကိုပင် ဘဲလာရုစ် သို့ စေလွှတ်ခဲ့ပြီး ဖြစ်သည်။ မွန်ဂိုလီယား နှင့် တရုတ် နယ်စပ်တွင်ပင် တပ်များ မဆိုသလောက်သာ ကျန်ပေတော့သည်။



ထိုသို့သော အနေအထားကို ၁၉၄၁ ခုနှစ်အတွင်း ဂျာမန်တပ်များ ၏ သိမ်းပိုက်ခံရ လုဆဲဆဲ အနေအထားတွင် ပင် မတွေ့ခဲ့ရဟု ရုရှား စစ်ရေး လေ့လာသူ သုတေသီ တဦး ဖြစ်သည့် အယ်လက်စီ ကာပီချက်က ထောက်ပြခဲ့သည်။