နိုလင်း ဟေဇာ ကြောင့် ကုလသည် ဘာလဲ ဘယ်လဲဟု မေးစရာ ဖြစ်လာ

by Hla Soewai - Feb 04 2022

စစ်တပ်၏ လက်အောက်တွင် တနှစ်ဆိုသောအချိန်ကာလအတွင်း နည်းမျိုးစုံ ဖြင့် အနိုင်ကျင့်သတ်ဖြတ် နှိပ်စက် ခံနေကြရရှာသော မြန်မာ နိုင်ငံသားတို့အား မည်သို့မည်ပုံ ကူညီမည်ဟု အာဘောင်အာရင်းသန်သန် နှင့် ပြောဆို နေကြပြီး အာဆီယံ ကို ကာဗာ ယူကာ ပုန်းကွယ်နေကြချိန်တွင် ပြည်သူများ ကတော့ ပြည်တွင်းအားသည် ပြည်တွင်းမှာ ရှိသည် ဆိုသည့်အတိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် အတူ စစ်အာဏာရှင်များ ပြုတ်ကျသွားသည်အထိ လက်တွဲ တိုက်ပွဲဝင်သွားရန် ပြည်သူ့ ညီလာခံကြီးမှ အခိုင်အမာ ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

 

ယင်းနှင့် အတူ စစ်ခေါင်းဆောင်များ၏ ရပ်တည်ပိုင်ခွင့် ကို တရားဝင် ဖြစ်လာစေမည့် မည်သို့သော စေ့စပ် ဆွေးနွေးမှုမျိုး ကို မဆို ငြင်းပယ်ခဲ့ကြသည်။ ဤသည်ကလည်း ပြည်သူတို့၏ စစ်မှန်သော ဆန္ဒကို ထင်ဟပ် စေသည့် သဘောထားလည်း ဖြစ်ပေသည်။

 

ပြည်ထောင်စု လွှတ်တော် CRPH မှ တိုင်းရင်းသား အဖွဲ့အစည်း များ နှင့် ဆွေးနွေးမှုများ အောင်မြင်မှု လက္ခဏာ တရပ် အနေဖြင့် နိုင်ငံတော် အတိုင်ပင်ခံ ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြင်ဆင် ပြဋ္ဌာန်း လိုက်ပြီ ဖြစ်သည်။

 

ပုဒ်မ (၆)၊ ပုဒ်မ ခွဲ (က) အား အောက်ပါအတိုင်း ပြန်လည် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

 

“ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ပါ နိုင်ငံရေး လမ်းပြမြေပုံ နှင့် နိုင်ငံရေး ရည်မှန်းချက်များ အကောင်အထည် ဖေါ်နိုင်‌ရေး အတွက် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်နှင့် အညီ ရေးဆွဲထားသော မဟာဗျူဟာအရ နိုင်ငံတော် နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားများ အတွက် အမျိုးသား ညီညွတ်ရေး အစိုးရကို အကြံပေးရမည်။”

 

အဆိုပါ ပြင်ဆင်ချက် ဥပဒေသည် နိုင်ငံတော် အတိုင်ပင်ခံ နှင့် ပတ်သက်၍ တိုင်းရင်းသား အဖွဲ့အစည်းများ၏ စိုးရိမ်ကြောင့်ကြ နေမှုများကို အပြီးအပိုင် ဖယ်ရှားပေးလိုက်ခြင်းလည်း ဖြစ်ပေသည်။ အတိုင်ပင်ခံ၏ ရာထူး သက်တမ်းသည် အမျိုးသား ညီညွတ်ရေး အစိုးရ၏ သက်တမ်း နှင့် အညီ ဖြစ်သည် ဟူ၍ လည်း ပုဒ်မ (၇) တွင် ပါရှိခဲ့ပြန်သည်။

 

ထိုသို့သော အနေအထားများ တိုးတက် ဖြစ်ပေါ်လာချိန်တွင် ကုလ အတွင်းရေးမှူးချုပ် ၏ အသစ် ခန့်အပ်လိုက် သော စင်္ကာပူ မှ နိုလင်း ဟေဇာသည် အပြစ်မဲ့ ပြည်သူများ အား ပြောင်ပြောင်တင်းတင်းပင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည့် မြန်မာ စစ်ခေါင်းဆောင်များကို အနာဂတ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် နေရာ တနေရာ ပေးရန် ပြောဆိုလာခဲ့သည်။ သို့ဆိုလျှင် သူမအား ခန့်အပ်ထားသော ကုလ သမဂ္ဂ ၏ သီးခြား လွတ်လပ် သော စုံစမ်းရေး လုပ်ငန်းစဉ် အဖွဲ့ အကြီးအကဲ နီကိုလပ်စ် ကိုမီဂျန် မှ စစ်ခေါင်းဆောင်များ ကျူးလွန်ထားသော စစ်ရာဇဝတ်မှု များ အတွက် သက်သေ အထောက်အထားများ ရရှိထားပြီဟု မနေ့က ဘန်ကောက်ပို့စ် သတင်းစာ တွင် ရေးသား လာသဖြင့် အတွင်းရေးမှူးချုပ် ၏ အထူး သံတမန် ဖြစ်သူမှ ၎င်းတို့အား ဆွေးနွေးပွဲ စားပွဲသို့ အပါ ခေါ်ကာ အာဏာခွဲဝေပေးရန် ပြောလာပြန်၍ သူမ၏ စကားကြောင့် ကုလ သည် ဘာလဲ ဘယ်လဲ ဟု မေးရန်သာ ရှိတော့သည်။

 

စစ်တပ်သည် မြန်မာပြည်သူများ၏ ဆန္ဒကို ဆန့်ကျင်၍ အင်အားသုံး အနိုင်ကျင့် အုပ်ချုပ်ပိုင်ခွင့် တစွန်းတစမျှ မရှိ ဆိုသည့်အပေါ် ရှင်းလင်းပြတ်သားစွာ လက်ခံထားမှု ကို ငြင်းပယ်လိုက်ခြင်းလည်း ဖြစ်သည်။ ထို့အတွက် သူမ၏ အခွင့်အာဏာသည် မြန်မာကို ခြေမချမီကပင် ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

 

သူမကဲ့သို့ပင် ကုလ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး တာဝန်ခံ အဖြစ် ခန့်အပ်ထားသော တွန် အင်ဒရူး မှ မကြာမီ ရက်ပိုင်း အတွင်း “ရာဇဝတ်မှုများ ကျူးလွန်နေသော” မြန်မာ စစ်အာဏာသိမ်း အဖွဲ့၏ လက်နက်များ မည်သို့ မည်ပုံ ရရှိနေသည် နှင့် မည်သည့် အရင်းအမြစ်များက ပေးပို့နေသည် ဆိုသော အသေးစိတ် အစီရင် ခံစာကို ထုတ်ပြန်သွားမည် ဟု ဆိုသည်။

 

စစ်တပ်မှ ဖမ်းဆီး သတ်ဖြတ် ဗုံးကြဲနေမှုများ ကြားမှ မြန်မာ ပြည်သူများ ကြံ့ကြံ့ခံ တန်ပြန် တွန်းလှန်နိုင်မှုများကို မိမိ “အံ့ဩခြင်းမက အံ့ဩမိသည်” ဆိုကြောင်းနှင့် စစ်အာဏာသိမ်း ပြီး တနှစ် အတွင်း လူ သဘော သဘာဝ၏ ကောင်းကွက် ဆိုးကွက်များ ကို မြန်မာ ပြည်တွင် ကွက်ကွက်ကွင်းကွင်း တွေ့လာခဲ့ရသည်ဟု လည်း ပြောခဲ့ သည်။

 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန၏ အတိုင်ပင်ခံ ဒဲရက် ရှိုလက်သည် မိမိတို့ အနေဖြင့် မြန်မာ စစ်ခေါင်း ဆောင်များ အပေါ် အရေးယူ ဒဏ်ခတ်သည့် အစီအစဉ်များ ပြီးဆုံးခြင်း မရှိသေးဘဲ ဆက်လက် လုပ်စရာများ ကျန်နေသေးသည်ဟု ဝါရှင်တန် ရှိ မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေး အဖွဲ့မှ ကျင်းပသော အခမ်း အနားတွင် ထုတ်ဖေါ်ပြောဆိုလိုက်သည်။

 

အမေရိကန်သည် ယခုအထိ လူပေါင်း ၆၅ ဦး နှင့် အဖွဲ့အစည်းပေါင်း ၂၆ ဖွဲ့အား ဒဏ်ခတ် အရေးယူထားခဲ့ပြီး ဖြစ်သည်။

 

အာဆီယံ ၏ ဘုံရပ်တည်ချက် ငါးချက်သည် ပါးစပ်အပြောသာ ရှိပြီး အပြီးသတ် အကောင်အထည် ဖေါ်ရန် နောက်ဆုံးရက်လည်း မပါရှိသည့်အပြင် ယခုထိ လည်း ဘာတခုမျှ ဖြစ်မလာသေး၍ ပြန်လည် သုံးသပ်ရန် ဒေသတွင်းရှိ သတင်း မီဒီယာ များ ပူးတွဲ ကျင်းပသည့် Myanmar; Year Zero Plus One ဆွေးနွေးပွဲတွင် ထောက်ပြလာခဲ့သည်။

 

ပါဝင်ဆွေးနွေးသည့် အငြိမ်းစား ထိုင်း သံအမတ်ဟောင်း ဖြစ်သူ ကိုဘီဆက် ချုတီကူလ်မှ ဇူလိုင်လ အထိ ဘာမှ ဖြစ်မလာက ယခု အတိုင်း မူငါးချက် ဆိုပြီး ဆက်သွား၍ မရတော့သဖြင့် နိုင်ငံတကာ မှ အရှိန်မြှင့် ဆောင်ရွက် သင့်ပြီဟု ပြောဆိုခဲ့သည်။

 

တတိယ အကြိမ်မြောက် နိုင်ငံလုံး ဆိုင်ရာ အသံတိတ် သပိတ်ကြီးအား မြို့နယ်ပေါင်း ၁၉၄ မြို့နယ်မှ ပါဝင်ခဲ့ပြီး အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ခြင်းသည်ကပင် စစ်တပ်သည် တိုင်းပြည်ကို မည်သို့မျှ ချုပ်ကိုင် နိုင်ခြင်း မရှိဘဲ အတိုက် အခံ အင်အားစုများ၏ တေးသွား အတိုင်း နောက်မှ လိုက်၍ က နေကြရသည့် အဖြစ်မှာ ပေါ်လွင်ထင်ရှားလျှက် ရှိနေပေသည်။ လေလှိုင်းပေါ်က အစိုးရဟု လှောင်ပြောင် သရော်ခဲ့မှုများလည်း အဆုံးသတ် သွားခဲ့ရလေသည်။

 

နိုင်ငံတွင်း လူ့အခွင့်အရေး များ မရှိသလောက် ပျက်ပြားသွားရကာ စီးပွားရေး အပါအဝင် ဘက်ပေါင်းစုံတွင် တဖြေးဖြေး ဆုတ်ယုတ်ပျက်စီးလာသည်ကို ၎င်း၏ အာဏာသိမ်းမှုအပေါ် နိုင်ငံတကာက ဝိုင်းဝန်း ပိတ်ဆို့လာ၍ လုပ်ကိုင်ရ ခက်ခဲနေသည်ဟု မင်းအောင်လှိုင် ကိုယ်တိုင် ထုတ်ဖေါ်ဝန်ခံလာရပြီ ဖြစ်သည်။

 

ပြည်တွင်းတွင် စက်သုံးဆီ သုံးစွဲမှု လျော့ကျအောင် ဆောင်ရွက်ပြီး ပြည်တွင်းအားနှင့် ပြည်တွင်း စီးပွားရေးကို တိုးတက်မြှင့်တင်သွားမည်ဟု ဆိုပြန်သည်။ စက်သုံးဆီကို လျော့ချပြီး ပြည်တွင်း စီးပွားရေးအား မည်သို့ တိုးမြှင့် အောင် ဆောင်ရွက်သွားမည် ဆိုသည်ကိုကား မည်သို့မျှ ပြောဆိုသွားခြင်း မရှိပေ။

 

၎င်း၏ အာဏာသိမ်း ခဲ့သည့် တနှစ် အတွင်း ထိုသို့ Future tense ဖြင့်သာ မရေမရာ ပြောဆိုနေသော်လည်း လက်တွေ့တွင် မည်သည့်အရာကိုမှ တိုးတက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည်ကိုတွေ့ရသည်။

 

ထူးခြား ဖြစ်စဉ် တခု အနေဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရမှ နိုင်ငံတကာ တရားရုံး၏ စီရင်ဆုံးဖြတ်ပိုင်ခွင့် အား ကနဦး က ကန့်ကွက်ထားခဲ့မှု ကို ပြန်လည် ရုပ်သိမ်းပြီး လက်သင့်ခံမည်ဟု ကြေညာချက် ထုတ်ပြန် လာခြင်းပင် ဖြစ်သည်။

 

ဖေဖေါ်ဝါရီ ၂၁ ရက်တွင် နိုင်ငံတကာ တရားရုံးချုပ်မှ ရိုဟင်ဂျာများ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန် သည်ဟု စွဲချက်တင်ထားမှုကို ပြန်လည် ကြားနာ စစ်ဆေးရန် ရက်သတ်မှတ်ပေးလာသည်။ ဤအမှု အတွက် လူထု ကို အမှန်တကယ် ကိုယ်စားပြုသည့် အမျိုးသား ညီညွတ်ရေး အစိုးရ၏ ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တက်ရောက်ခွင့် မပြုပါက မျက်ကွယ်တွင် တရားစီရင်ခြင်း သဘော သက်ရောက်သွားမည် ဖြစ်သည်ဟု ပြတ်သားစွာ သတိပေးသင့်သည်။

 

တော်လှန်ရေးကြီး မုချအောင်ရမည်!!!