မြန်မာ စစ်တပ်သည် တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းနိုင်စွမ်း မရှိတေ့

by Hla Soewai - Feb 06 2022

အထက်ပါ ခေါင်းစဉ် ဖြင့် ထိုင်းနိုင်ငံရှိ ချူလာလောင်ကွန်း တက္ကသိုလ်၏ လုံခြုံရေး ဆိုင်ရာ နှင့် နိုင်ငံတကာ လေ့လာရေး ဌာနမှ ပါမောက္ Thitinan Pongsudhirak က ဘန်ကောက်ပို့စ် သတင်းစာ တွင် ထောက်ပြ လာခဲ့သည်။

 

အချုပ်အခြာအာဏာပိုင် နိုင်ငံဟု အဓိပ္ပါယ် ဖွင့်ဆိုရာတွင် အုပ်ချုပ်ခံ ပြည်သူ၊ နယ်မြေ၊ အစိုးရနှင့် ကမ္ဘာပေါ်ရှိ အခြား အချုပ်အခြာ အာဏာပိုင် နိုင်ငံများ နှင့် တန်းတူရည်တူ ဆက်ဆံ နိုင်ခြင်း ဆိုသည့် အချက် (၄) ချက် နှင့် ပြည့်စုံရမည် ဖြစ်သည်ဟု ဆိုသည်။

 

စစ်ကောင်စီသည် အဆိုပါ အချက် (၄) ချက်တွင် တချက်နှင့်မျှ ပြည့်စုံခြင်း မရှိကြောင်းကို ယခုကဲ့သို့ ထောက်ပြ သွားခဲ့သည်။

 

ပထမ အချက် ဖြစ်သော အုပ်ချုပ်ခံ လူထု ဟု ဆိုရာတွင် နိုင်ငံသားများက ၎င်းတို့၏ အုပ်ချုပ်ခြင်းကို လိုလား လက်ခံကြခြင်း မရှိသည့်အပြင် နိုင်ငံ အနှံ့ လက်နက်စွဲကိုင် တော်လှန်နေကြပြီ ဖြစ်သည်။ အထင်ရှားဆုံးက ပြီးခဲ့သည့် ရွေးကောက်ပွဲ နှစ်ခု တွင် စစ်တပ်မှ ထောက်ခံသော ပြည်ခိုင်ဖြိုး ပါတီမှာ အကြီးအကျယ် အရေး နိမ့်သွားခဲ့ရခြင်း ဖြစ်သည်။ (ယခုအထိလည်း ၎င်းတို့ အုပ်ချုပ်နေမှုကို မည်သို့မျှ လက်မခံနိုင်ကြောင်း တနိုင်ငံလုံး အတိုင်းအတာ ဖြင့် အသံတိတ် သပိတ်ကြီး သုံးကြိမ်ကို အောင်မြင်စွာ ဆင်နွှဲကာ ကမ္ဘာသိ ထုတ်ဖေါ် ပြသ နိုင်ခဲ့ပြီး ဖြစ်သည်။ --( စာရေးသူ)

 

ဒုတိယ အချက် ဖြစ်သည့် နယ်မြေ ထိန်းချုပ်နိုင်စွမ်းသည် တဖြေးဖြေး နှင့် လုံးပါး ပါးလာနေပြီး အမျိုးသား ညီညွတ်ရေး’ အစိုးရ ၏ တပ်မတော် PDF နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လက်အောက်ကို ကျရောက်နေသည်။ ၎င်းတို့ လက်အောက်ရှိ နယ်မြေများ အတွင်းရှိ ၎င်းတို့ ဩဇာခံ များ၊ စစ်ဖက် အရာရှိများကို လုပ်ကြံသတ်ဖြတ်ခြင်းများ ကြောင့် အုပ်ချုပ်ရေး ပျက်ပြားလာနေပြီ ဖြစ်သည်။

 

တတိယ အချက် ဖြစ်သည့် အစိုးရ ဟူ၍ ကုလသမဂ္ဂ ၏ အသိအမှတ် ပြုခြင်းပင် မခံရဘဲ NLD အစိုးရ ခန့်အပ် ထားသော သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆက်လက်၍ ကိုယ်စားပြုနေဆဲ ဖြစ်သည်။

 

ဒေသတွင်း အဖွဲ့အစည်း ဖြစ်သည့် အာဆီယံ ထိပ်သီး အစည်းအဝေးတွင် အာဏာသိမ်း ခေါင်းဆောင် မင်းအောင် လှိုင်ကို ဖယ်ထုတ်ခဲ့ကြသည်။ တဆက်တည်းတွင် NUG သည် နိုင်ငံတကာ အစိုးရများ နှင့် အဖွဲ့အစည်းများကို ထိုးဖောက် ဆက်ဆံလာနိုင်ခဲ့ပြီ ဖြစ်သည်။

 

နောက်ဆုံးအချက် ဖြစ်သည့် အခြား အချုပ်အခြာ အာဏာပိုင် နိုင်ငံများနှင့် ဆက်ဆံနိုင်ခွင့် ရရှိအောင် စစ်ကောင် စီသည် အခက်အခဲများ နှင့် ရင်ဆိုင်နေရသည်။ အမေရိကန် နှင့် အီးယူ နိုင်ငံများက ၎င်းတို့နှင့် တစားပွဲတည်း အတူထိုင်ဖို့ အရေးကို လက်ရှောင်နေကြသည်။ ထိုမျှမကသေး၊ စစ်ကောင်စီ အပေါ် အရေးယူ ဒဏ်ခတ်မှုများပင် ပြုလုပ်လျှက် ရှိနေသည်။ ထို့အတွက် နိုင်ငံတကာ အစည်းအဝေးများတွင် ၎င်းတို့ သံတမန် များ အဖို့ နေရာ တနေရာ ရဖို့ အရေး မနည်းလုံးပမ်းနေကြရသည်။

 

စစ်ကောင်စီ အနေဖြင့် အချုပ်အခြာ အာဏာပိုင် နိုင်ငံ အစိုးရ အဖြစ် ပြသနိုင်သည့် အရည်အချင်း မရှိလျှင် အိမ်နီးချင်း နိုင်ငံများ နှင့် နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် အခြား အာဏာပိုင်စိုးသည့် အဖွဲ့အစည်းများ နှင့် ဆက်ဆံနိုင်ရန် ပြန်လည် သုံးသပ်သင့်ပြီ ဖြစ်သည်ဟု ထောက်ပြသွားခဲ့သည်။

 

၎င်းတို့ အာဏာသိမ်းခဲ့မှုသည် တနှစ်ပြည့်လာခဲ့ပြီ ဖြစ်သော်လည်း ရေရှည် ခိုင်မြဲသွားမည့် အရိပ်အယောင်လည်း မရှိကြောင်း သုံးသပ်သွားခဲ့သည်။

 

ဝါရှင်တန်ရှိ မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေး စင်တာ (CSIS) ၏ အရှေ့တောင်အာရှ ရေးရာ ဒါရိုက်တာ ဂရေဂိုရီ ပိုလင်း မှ လက်ရှိ အနေအထားသည် ရှေ့မတိုး နောက်မဆုတ် ဖြစ်နေပြီး ရေရှည်သွားမည်ဆိုက အတိုက်အခံ အင်အားစုများ ဖက်မှ အရေးသာလာတော့မည် ဖြစ်ပြီး စစ်ကောင်စီ အတွက် ငွေကြေး၊ လက်နက် များ လုံးပါး ပါးလာမည် ဖြစ်သည့် အပြင် လက်အောက်ခံ တပ်များ အတွင်း စိတ်ဓါတ် ကျဆင်းမှုများ မလွဲမသွေ ဖြစ်လာနိုင်သဖြင့် စစ်ကောင်စီ အတွက် မည်သို့မျှ လက်မခံနိုင်သော ဆိုးဝါးသည့် အခြေအနေပင် ဖြစ်သည်ဟု ဆိုသည်။

 

ထိုအနေအထား ကို အမြန်ဆုံး ပြောင်းပြစ်နိုင်ရန် စစ်ကောင်စီသည် အကြမ်းဖက် လုပ်ရပ်များကို နေ့စဉ်လို ကျူးလွန်လျှက်ရှိရာ ၎င်းတို့ အာဏာသိမ်းခဲ့သည့် တနှစ်အတွင်း ပြည်သူ ၁,၅၁၀ ဦး ကျဆုံးသွားခဲ့ရပြီး အသက် မပြည့်သေးသော ကလေးသူငယ် (၁၆) ဦး အပါအဝင် အရပ်သား ပြည်သူ ၁၈၄ ဦး အစုလိုက် အပြုံလိုက် အသတ်ခံခဲ့ရသည်။ မြို့ရွာများအား မီးရှို့မှု ၂၄၉ ကြိမ် ကျူးလွန်ခဲ့ကြပြီး စုစုပေါင်း အိုးအိမ် ၁,၂၀၀ ခန့် နှင့်အတူ ပိုင်ဆိုင်မှုများ ပျက်ဆီး ဆုံးရှုံးသွားခဲ့ရသည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရမှ ကြေညာချက် အမှတ် (၅/၂၀၂၂) ဖြင့် ထုတ်ပြန်ခဲ့သည်။

 

ဖေဖေါ်ဝါရီ (၁) ရက်နေ့တွင် စစ်အာဏာရှင် စနစ်ကို ကန့်ကွက် ဆန္ဒပြသည့် အနေဖြင့် ကျောက်ပန်းတောင်း မြို့နယ် ပြည်တော်သာ ရပ်ကွက်နေ ကိုအောင်မြင့်မြတ် (ခ) ကိုအောင်အောင်သည် မိမိကိုယ်ကို မီးရှို့ သတ် သေသွားခဲ့ကြောင်းလည်း ပါရှိခဲ့သည်။

 

ထိုသို့ နှစ်ပေါင်း ၆၀ နီးပါး ဆိုးရွားစွာ အမြစ်တွယ်နေသည့် စစ်အာဏာရှင်စနစ်ကို မြန်မာမြေပေါ်မှ အပြီးအပိုင် ဖယ်ရှား၍ နောင်အနာဂတ်တွင်လည်း ပြန်လည် ခေါင်းထောင် မလာနိုင်ရန် အစွမ်းကုန် ကြိုးပမ်းသွားမည်ဟု ကြေညာချက်ထဲတွင် ကတိပြု ကြောင်း ပါရှိလာခဲ့သည်။

 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဖေဖေါ်ဝါရီ ၃ ရက် နေ့စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်တွင် ဝန်ကြီး ဘလင်ကင်သည် မြန်မာနိုင်ငံမှ ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူများနှင့် တွေ့ဆုံခဲ့ပြီး လွန်ခဲ့သည့် တနှစ် ခန့်ကစ၍ စစ်တပ် လက်အောက် ကျရောက်နေသည့် နိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည် ဆွဲတင် နိုင်ရေး အတွက် ကြိုးပမ်းနေမှု များကို ကြားနာခဲ့သည်ဟု ဆိုသည်။ ဝန်ကြီးမှ မြန်မာ ပြည်သူများ၏ အခွင့်အရေး များကို ကာကွယ်ပေးရန်၊ လူသားချင်း စာနာမှု အကူအညီများပေးရန် နှင့် အားလုံးပါဝင် ကိုယ်စားပြုသည့် ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံမှု ပေးသွားရန် တို့ အတွက် မြန်မာ ပြည်သူများနှင့် ဆက်လက်၍ လက်တွဲ လုပ်ကိုင်သွားမည်ဟု ထပ်လောင်း ကတိကဝတ် ပြုခဲ့သည်ဟုလည်း ပါရှိသည်။

 

သို့သော် မည်သူများ နှင့် တွေ့ဆုံခဲ့သည် ဆိုသည်ကိုကား ကြေညာချက်တွင် ဖေါ်ပြခဲ့ခြင်း မရှိပေ။

 

ထိုင်းနိုင်ငံတွင် နှစ်စဉ် ပြုလုပ်နေသည့် နိုင်ငံပေါင်း နှစ်ဆယ် အမေရိကန် နှင့် ပူးတွဲ စစ်ရေး လေ့ကျင့်မှု့ Cobra Gold တွင် မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ လေ့လာသူ အဖြစ် တက်ရောက်ခွင့်ကို ပိတ်ပင်လိုက်ပြီ ဖြစ်သည်ဟု ထိုင်း ပူးတွဲ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နာတာပေါ က အတည်ပြုခဲ့သည်။

 

အမေရိကန် အစိုးရမှ မတ်လ ၅ ရက်နေ့တွင် ပြုလုပ်ရန် ရှိနေသည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုအား အခွင့်အရေး တရပ် အဖြစ် အသုံးချကာ မြန်မာရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား လက်နက် ထောက်ပံ့ရန် ကြံစည်နေသည်ဟူသော ကောလဟသ များကိုလည်း ငြင်းဆိုသွားခဲ့သည်။

 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အကြံပေး ဒဲရက် ရှိုလက်မှ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ရာတွင် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ၏ ယူဆနေမှူများ ပြောင်းလဲသွားရန် အတွက် စင်္ကာပူ ဘဏ္ဍာရေး ဖက်မှ အရာရှိများ နှင့် အကြိတ်အနယ် ဆွေးနွေး လုပ်ဆောင်လျက် ရှိနေသည်ဟု ဆိုသည်။

 

မင်းအောင်လှိုင် မှ အရွယ်ရောက်သူတိုင်း စစ်မှု မထမ်းမနေရ ဥပဒေ ဖြင့် တတိုင်းပြည်လုံးကို စစ်ထဲ ဆွဲသွင်းရန် ကြံလာနေမှု နှင့် အတူ ၎င်းတို့ လက်အောက်တွင် ပြည်သူများ နေ့စဉ်နှင့် အမျှ ဖမ်းဆီး သတ်ဖြတ်ခံနေရမှူ များ သည် ရှည်ကြာလာနိူင်သည့် အရေးကြောင့် အရေးတကြီး ဖြေရှင်းရတော့မည် အကျပ်အတည်း ကြီး အဖြစ် ရှု့မြင်လာနေကြပြီ ဖြစ်သည်။

 

မည်သို့ပင် ဖြစ်စေ ယင်းသည် မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ၏ အိမ်မက်ဆိုး များထဲတွင် ပါဝင်လာနေပြီ ဖြစ်သည်။

 

စစ်ကောင်စီသည် ဆင်ဖမ်းမည် ကျားဖမ်းမည် ဆိုသည့် အပြောများဖြင့် လူထုကို လှည့်စားနေဆဲဖြစ်၍ မြဝတီ အစိုးရ အဖြစ် လှောင်ပြောင် ခံနေရချိန်တွင် ပြည်တွင်း ငွေပေးချေမှုများအား ပံ့ပိုးပေးနိုင်ရန် ဟု ဆိုကာ ဒီဂျစ်တယ် ငွေကြေး တရပ် ထူထောင်ရန် စဉ်းစားနေကြောင်း စစ်ကောင်စီမှ အားထားနေရသည့် ပြောခွင့်ရ ဇော်မင်းထွန်းက ထုတ်ပြောလာပြီ ဖြစ်သည်။ ဤသည်က လျှပ်စစ်ကားရထားများကဲ့သို့ စိတ်ကူးယဉ် သည့် အဆင့်တွင်ပင် ရှိနေပေသေးသည်။

 

တော်လှန်ရေးကြီး မုချအောင်ရမည်!!!