D-Day နောက်ကွယ်ကသူလျှိုမဟုတ်သောသူလျှိုများ (၁၁၃)

by Hla Soewai - Feb 06 2022

ထိုအခန်းသည် တခါက စာကြည့်ခန်း အဖြစ် အသုံးပြုခဲ့ပုံရှိသည်။ စာအုပ်တင်ရန် စင်များ အား အခန်းနံရံ များ တလျှောက် တွင် မြုပ်၍ တည်ဆောက်ထားသည်၊ စာရေးစားပွဲကြီး တလုံး နှင့် ချာချီ နှင့် အိုင်စင်ဟောင်ဝါ တို့ ထိုင်နေသည့် တယောက်ထိုင် လက်တန်းပါ ဆိုဖါ ထိုင်ခုံကြီး နှစ်လုံးလည်း ရှိနေသည်။ မီးလင်းဖိုမှ မီးတောက်များက အရှိန်ပြင်းပြင်း နှင့် တောက်လောင်နေသည်။ သို့သော် အခန်းထဲရှိ အအေးဓါတ်ကိုတော့ ပျောက်ပျက်သွားအောင်တော့ စွမ်းဆောင်နိုင်ခြင်း မရှိပေ။ ထိုအချက်ကို ချာချီ ၏ ပေါင်ပေါ်တွင် ဖြန့်ခင်းထားသော သိုးမွှေး စောင်တထည်က သက်သေခံနေသည်။ ချာချီသည် လက်တဖက်က ဘရန်ဒီ ခွက်ကို ကိုင်ထားရင်း ပါးစပ်ကလည်း မီးသေနေပြီ ဖြစ်သော ဆေးပြင်းလိပ် ဖင်ပိုင်းကို ကိုက်ဝါးနေပြန်သည်။

 

အိုင်စင်ဟောင်ဝါကတော့ စီးကရက် ကို မီးညှိရှိုက်ဖွာရင်း ဘလက်ကော်ဖီ တခွက်ကို သောက်နေသည်။ သူတို့ နှစ်ဦး အကြား ချထားသော စားပွဲပေါ်တွင် စပီကာ အသေးတလုံး ရှိနေပြီး ဂျော်ဒန်အား စစ်ဆေးမေးမြန်းနေသည်ကို နားထောင်နေကြပုံရသည်။  မိုက်ကရိုဖုန်းက အခုအချိန်ထိ ဖွင့်ထားဆဲ ဖြစ်သဖြင့် တဖက်ခန်းမှ ကုလားထိုင်များ နေရာရွှေ့သံ၊ အချင်းချင်း တီးတိုး ပြောသံများ ကြားနေရ၍ ဗီကာရီက ရိပ်စားမိလိုက်ခြင်းလည်း ဖြစ်သည်။ ဘုသီက စားပွဲနားသို့ ကပ်သွားပြီး အသံကို တိုးလိုက်သည်။

 

ထိုအချိန်တွင် တံခါးက ပွင့်လာပြန်ပြီး ပဥ္စမမြောက် အဖြစ် နောက်ထပ် တယောက် ဝင်လာသည်။ ထိုလူသည် အရပ်မြင့်မြင့် နှင့် ဝက်ဝံကြီး တကောင်အလား ခန္ဓာကိုယ် ကြီးထွား တုတ်ခိုင်သူလည်း ဖြစ်၍ ဗီကာရီသည် SHAEF ၏ ဒုတိယ ထောက်လှန်းရေး အကြီးအကဲ နှင့် ကမ်းတက် စစ်ဆင်ရေး၏ စစ်ရေး စီမံချက်များ မပေါက်ကြားအောင် တာဝန်ယူရသည့် ဗိုလ်ချုပ်ကြီး သောမတ်စ် ဘရက် ဖြစ်မှန်း သိလိုက်သည်။

 

“ဒီလူက အမှန်အတိုင်း ပြောနေတာလား အယ်ဖရက်” ဟု ချာချီက မေးလာသည်။

 

“ကျွန်တော် အသေအချာ တော့ မပြောနိုင်သေးဘူး” ဟု ပြောရင်း စားပွဲပုလေး ပေါ်ရှိ ခရားထဲမှ ကော်ဖီတခွက် ငှဲ့လိုက်သည်။ ပြီးနောက် “ကျွန်တော် အမှန်ပဲလို့ ယုံကြည်ချင်ပေမယ့်၊ စိတ်ထဲမှာ တခုခု မတင်မကျ ဖြစ်နေတုန်းပဲ၊ ဘာလဲ ဆိုတာလည်း မသိ ဖြစ်နေတုန်းမို့ ကိုယ့်ကိုကိုယ်တောင် ကျိန်ဆဲနေမိတယ်”

 

ဘုသီက “သူ၏ နောက်ကြောင်း ရာဇဝင် အရတော့ ဒီလူက ဂျာမန် အေးဂျင့် ဖြစ်စရာ အကြောင်း မရှိတဲ့အပြင် ကျွန်တော်တို့ကို လည်း စိတ်ပါလက်ပါ နဲ့ သစ္စာဖေါက်စရာ အကြောင်း ရှာမရဘူး၊ ပြီးတော့ ကျွန်တော်တို့က သူ့ကို သွားဆက်သွယ်ခဲ့ပြီး၊ ပိုးစာပင် စီမံချက် မှာ ဝင်လုပ်ဖို့ ရွေးခဲ့တာ၊ သူ့ဖာသာ လုပ်ပါရစေ ဆိုပြီး ဗော်လံတီယာ လုပ်လာတာ လည်း မဟုတ် ဆိုတော့၊ သူသာ ဂျာမန် အေးဂျင့် ဖြစ်နေခဲ့ရင် ဟိုး အရင်ကတည်းက တံခါးလာခေါက်နေလောက်ပြီ၊ ပြီးရင် သူ့ကိုယ်သူ အရေးပါတဲ့ ရာထူး မျိုး ရအောင် ကြိုးစားလာမှာပဲ”

 

“အဲ့တာတော့ ကျွန်တော်လည်း သဘောတူတယ်” ဟု အိုင်စင်ဟောင်ဝါက ဝင်ပြောလိုက်သည်။

 

ဘုသီက သူ့စကားကို ဆက်ပြန်သည်။ “သူ့နောက်ကြောင်း ရာဇဝင်က အပြစ်ဆိုစရာ တချက်မှ မရှိဘူး။ ဗိုလ်ချုပ် ကြီးလည်း သူ့ဖိုင်ကို ဖတ်ခဲ့ပြီးပြီ ၊ အက်ဘီအိုင်က အသေးစိတ် စစ်ဆေးခဲ့တာတောင် သံသယ ဖြစ်စရာ မြူတမှုန်တောင် ထွက်မလာခဲ့ဖူး မဟုတ်လား။ ငွေကြေးအရလည်း ဖူလုံနေတယ်၊ ကွန်မြူနစ်လည်း မဟုတ်၊ အရွယ်မရောက်သေးတဲ့ ကလေး တွေနဲ့လည်း အရှုပ်အရှင်းမရှိ၊ နောက်ပြီး ဂျာမန်တွေ အပေါ် စာနာစရာ အကြောင်း တစုံတရာ ရှိနေလောက်တယ် လို့ ထင်စရာ အကြောင်း တချက်မှ ရှာမတွေ့ခဲ့ဘူး၊ အတိုချုပ် ပြောရရင် ဒီလူဟာ စပိုင်တယောက် ဒါမှမဟုတ် စပိုင်တယောက် အဖြစ် လုပ်ပေးဖို့ ခြိမ်းချောက် အကျပ်ကိုင် ခံရစရာ အကြောင်း ရှိနေလောက်တယ်လို့ ကျွန်တော်တို့ဖက်က သံသယ ဖြစ်စရာ အကြောင်း တခုတလေမျှ ရှာမတွေ့ဖူး ဖြစ်နေတယ်”

 

“ဒါတွေအားလုံး အမှန်တွေ ချည်းပါပဲ” ဟု ဗီကာရီက ပြောလိုက်သည်။ စိတ်ထဲကလည်း ဘုသီသည် ဘယ်တုန်းကများ “ပီတာဂျော်ဒန် ချစ်သူများ အသင်း ဥက္ကဌ” ဖြစ်သွားတာပါလိမ့် ဟုလည်း တွေးလိုက်မိပြန်သည်။ “ဝေါ်ကာ ဟာဒီဂင် ဆိုတဲ့ လူအကြောင်းကော ဂျော်ဒန် ဒီရောက်မလာမီ စစ်ဆေးခဲ့ကြသေးလား”

 

“စေ့စေ့ဆပ်ဆပ်ကို စစ်ဆေးခဲ့ပြီးပြီ၊ အက်ဘီအိုင်က ဒီလူ ဂျာမန်တွေနဲ့ အဆက်အသွယ် ရှိနေမှန်းသိလို့ကို ဟိုးအရင်ကတည်းက စိုးရိမ်မကင်း ဖြစ်နေလို့ စုံစမ်းခဲ့တာပါ၊ သူရဲ့ နောက်ကြောင်းကို မိုက်ကရို စကုပ် နဲ့ စစ်သလို စစ်ပြီးပြီ၊ ဟာဒီဂင် နဲ့ ပတ်သက်ပြီး ဘာမှ မတွေ့ခဲ့ရဘူး။ လုံးဝကင်းကင်းရှင်းရှင်းပဲ” ဟု ဗိုလ်ချုပ်ကြီး ဘရက်စ် က ပြောသည်။

 

“ကောင်းပြီ၊ ဒါပေမယ့် နောက်တခါ လောက် ပြန် စစ်ဆေးမယ် ဆိုရင် ကျွန်တော် စိတ်အေးပြီ လို့ ပြောလို့ရမယ်” ဟု ဗီကာရီ က ပြောလိုက်ပြီး။ “နောက်တချက်က သူ့ကို ချည်းကပ်ရမယ် လို့ ဒီအမျိုးသမီးက ဘယ်လိုလုပ် သိ‌နေတာတုန်း၊ ပြီးတော့ ဘယ်လိုများ စာရွက်စာတမ်းတွေ ရသွားတာတုန်း၊ ကျွန်တော် သူ့အိမ်ထဲ ရောက်ပြီးပြီ၊ သူ မသိအောင် စာရွက်စာတမ်း တွေ ရအောင် ယူဖို့က ဖြစ်နိုင်ခြေရှိတယ်လို့ ကျွန်တော် သတိထားမိတယ်၊ ဒါနဲ့ သူ့သူငယ်ချင်း ရှက်ပတ် ရမ်ဆေးကော၊ လောလောဆယ် သူ့ကို စောင့်ကြည့်ဖို့ ကျွန်တော် လူလွှတ်ထားမယ်၊ အက်ဘီအိုင်ကလည်း သူ့နောက်ကြောင်းကို စုံစမ်းစေချင်တယ်”

 

“ခင်ဗျား တောင်းဆိုတာကို လိုက်လျောဖို့ ဗိုလ်ချုပ်ကြီး အိုင်စင်ဟောင်ဝါ အတွက် ပြဿနာ မရှိလောက်ဖူး ထင်ပါတယ်၊ ဟုတ်တယ် မဟုတ်လား ဗိုလ်ချုပ်” ဟု ချာချီက ဝင်ပြောလိုက်သည်။

 

“မရှိပါဘူး၊ ဒီကိစ္စနဲ့ ပတ်သက်လို ခင်ဗျားတို့ အားလုံး လိုအပ်မယ် ထင်တာ မှန်သမျှ လုပ်စေချင်တယ်”

 

ချာချီက လည်ချောင်းရှင်းသလိုနဲ့ ချောင်းတချက် ဟန့်လိုက်ပြီး “အခုလို ပြောကြဆိုကြ တာတွေ က အင်မတန် စိတ်ဝင်စားဖို့ ကောင်းပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ လက်ရှိ ရင်ဆိုင်နေရတဲ့  ပြဿနာကို ဖြေရှင်းဖို့ တခုမှ မပါသေးဘူး၊ အခု ပုံအတိုင်းဆို ဒီလူက ရည်ရွယ်လို့ပဲ ဖြစ်ဖြစ်၊ မရည်ရွယ်ပဲ ဖြစ်ဖြစ် ပိုးစာပင် စီမံချက်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ဂျာမန် စပိုင် လက်ထဲ ထည့်ပေးလိုက်ပြီ၊ အဲ့တာနဲ့ ပတ်သက်ပြီး ကျွန်တော် တို့ ဘာဆက်လုပ်ကြမလဲ ဘက်ဆယ်”

 

ဘုသီက ဗိုလ်ချုပ်ကြီး ဘရက်စ် ဖက် လှည့်လိုက်ပြီး “အခု သူတို့ရသွားတဲ့ စာရွက်စာတမ်းတွေ ကြည့်ပြီး ဂျာမန်တွေဖက်က ဘယ်လောက်အတိုင်းအတာ အထိ သိသွားနိုင်လဲ”

 

“ပြောဖို့တော့ ခက်တယ်ဗျ၊ ဂျော်ဒန် ဘရိဖ်ကေ့စ်ထဲ ပါသွားတဲ့ စာရွက်စာတမ်းတွေ လောက်နဲ့တော့ သူတို့ အပြည့်အစုံ မသိနိုင်လောက်ဘူး၊ ဒါပေမယ့် တကယ့် အရေးကြီးတဲ့ အပိုင်းတွေ ပါသွားတယ်၊ ပိုးစာပင်က ခင်ဗျားတို့ သိတဲ့ အတိုင်းပဲ အစိတ်အပိုင်းတွေ အများကြီး ရှိနေတယ်၊ ဒီအထဲက ဖီးနစ်နဲ့ ပတ်သက်ပြီး သူတို့အကုန်သိသွားပြီ လို့ ပြောလို့ရမယ်၊ သူတို့ဖက်က သုတေသီ တွေ အင်ဂျင်နီယာ တွေ ဒီစာရွက်စာတမ်းတွေကို ခေါင်းမဖေါ်တမ်း ကြည့်နေလောက်ပြီ၊ ဖီးနစ် ရဲ့ ရည်ရွယ်ရင်း ကို သုံးသပ်သွားနိုင်မယ် ဆိုရင်တော့ ဆိပ်ကမ်းအတု ဆောက်မယ့် စီမံချက် တခုလုံးရဲ့ လျို့ဝှက်ချက်တွေကို အဓိပ္ပါယ်ဖေါ်ဖို့က မခက်တော့ဘူး၊ ကျွန်တော်တို့ ဖက်က ဆိပ်ကမ်းအတု တည်ဆောက်နေပြီလို့ သဘောပေါက်သွားရင်တော့ ကျွန်တော်တို့ ကလေ့စ် ကို မဟုတ်ပဲ နော်မန်ဒီကို လာတော့မယ် လို့ ကောက်ချက်ချဖို့က အင်မတန်ကို ဖြစ်နိုင်ခြေ ရှိနေတယ်”

 

“ဒီအတိုင်း ဖြစ်လာတော့မယ်လို့ ယူဆပြီး ရှေ့ဆက် ဘာလုပ်ကြမလဲ ဆိုတာ စဉ်းစားရတော့မယ်လို့ ကျွန်တော် ထင်တယ်” ဟု ဗီကာရီက ပြောလိုက်သည်။

 

“ကျွန်တော့် သဘောကတော့ ဂျော်ဒန်ကိုပဲ တယ်ကြက် အဖြစ် သုံးပြီး ကက်သရင်း ဘလိတ် ထွက်လာအောင် မြူဆွယ်မှ ဖြစ်မယ်၊ ပြီးရင် သူ့ကို ဖမ်းချုပ်၊ မျက်နှာကို မီးနဲ့ ထိုးပြီး စစ်မယ်၊ ပြီးရင် ကိုယ့်ဖက် ပါလာအောင် လုပ်ပြီး ဂျာမန်တွေ စိတ်ထဲ မရှင်းမလင်း ဖြစ်သွားနိုင်တဲ့ သတင်းမျိုးကို ပြန်ပို့ခိုင်းမယ်၊ သူတို့စိတ်ထဲမှာ ပိုးစာပင်က နော်မန်ဒီအတွက် ဆိပ်ကမ်း ဆောက်တာ မဟုတ်ပဲ အခြား တခုခု မှာ သုံးဖို့ လို ထင်လာအောင် လုပ်ရမယ်” ဟု ဘုသီ က ပြောလာသည်။

 

ဗီကာရီက ချောင်းတချက် ဟန့်လိုက်ရင်းက “ခုနပြောတဲ့ အထဲမှာ ဒုတိယပိုင်းကို ကျွန်တော် ချွင်းချက် မရှိ သဘောတူပါတယ် ဆာ ဘက်ဆယ်၊ ပထမပိုင်းကတော့ ပြောသလောက် လွယ်မယ် မထင်ဖူး”

 

“ဘာဖြစ်လို့လဲ ဆိုစမ်းပါဦး အယ်ဖရက်”

 

“ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော်တို့ အခု သိထားသလောက် ဆိုရင် ဒီအမျိုးသမီးကို အထူးလေ့ကျင့်ပေးထားတဲ့အပြင် ရက်ရက်စက်စက်လည်း လုပ်တတ်တယ်၊ သူ့ကို ကျွန်တော်တို့ဖက် ပါလာအောင် သိမ်းသွင်းဖို့က အောင်မြင်မယ် မထင်ဘူး။ ဒီအမျိုးသမီးက အခြား စပိုင်တွေနဲ့ မတူလောက်ဘူး”

 

“ကျွန်တော် အတွေ့အကြုံအရ လူတိုင်းက ကြိုးပေးခံရတော့မယ့် အလားအလာ နဲ့ ရင်ဆိုင်ရပြီ ဆိုရင် ပူးပေါင်းလာခဲ့တာချည်းပဲ အယ်ဖရက်၊ ခင်ဗျားကကော ဘယ်လို လုပ်ချင်လဲ”

 

“ကျွန်တော် အကြံပေးချင်တာက ပီတာ ဂျော်ဒန်ကို ဒီအမျိုးသမီး နဲ့ အဆက်အဆံ မပျက်ပဲ ထားစေချင်တယ်၊ ယခုကစပြီး ဘရိဖ်ကေ့စ်ထဲ မှာ ပါတဲ့ စာရွက်စာတမ်းမှန်သမျှ သူတို့ကို သိစေချင်တာပဲ ထည့်ပေးလို့ ရအောင် လုပ်လို့ရသွားပြီ၊ ပြီးတာနဲ့ ကျွန်တော်တို့က ဒီအမျိုးသမီး ဘာလုပ်မယ် ဆိုတာ စောင့်ကြည့်နေယုံပဲ။ ဒါမှ ဘာလင်ကို ဘယ်လိုနည်းနဲ့ ပြန်ပို့နေတယ် ဆိုတာရယ် အခြား အေးဂျင့်တွေ ဘယ်သူဘယ်ဝါရယ် ဆိုတာကို ကျွန်တော်တို့ ဖေါ်ထုတ်နိုင်မယ်၊ ပြီးတော့မှ အားလုံးကို အသာလေး ဖမ်းလိုက်ယုံပဲ၊ ကျွန်တော်တို့ ဒီ ကွန်ယက်ကြီး တခုလုံးကို သူတို့ဖက်က မရိပ်မိနိုင်တဲ့ နည်းမျိုးနဲ့ ဖြိုခွင်းနိုင်ခဲ့မယ်ဆိုရင် အပ်ဗဲယား မှာ ရှိတဲ့ အရာရှိကြီးတွေ ဆီ တိုက်ရိုက် ရောက်နိုင်မယ့် သတင်းမျိုး ဒီအေးဂျင့်တွေက တဆင့် ကျွန်တော်တို့ဖက်က ပို့ပေးလိုက်ယုံပဲ”

 

“ကဲ..ဘက်ဆယ်၊ အယ်ဖရက် ပြောတဲ့ အစီအစဉ်ကို ခင်ဗျားဖက်က ဘာပြောစရာ ရှိလဲ” ဟု ချာချီက မေးလိုက်သည်။

 

“အင်မတန်မှ ပြောင်မြောက်တဲ့ အစီအစဉ်ပါပဲ၊ တခုတော့ ရှိတယ် အယ်ဖရက် စိုးရိမ်နေသလို ကွန်မန်ဒါ ဂျော်ဒန်က တကယ်ကို ဂျာမန် အေးဂျင့် စစ်စစ်ကြီး ဖြစ်နေတယ် ဆိုရင်တော့ ကျွန်တော်တို့ အားလုံး ဒုက္ခရောက်သွားအောင် သူ့ဖက်က လုပ်နိုင်တယ် ဆိုတာပဲ”

 

“ဆာ ဘက်ဆယ် ပြောတဲ့ အတိုင်းလည်း ဖြစ်လာနိုင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ဖက်က စွန့်စားရတော့မယ်၊ ဂျော်ဒန်ကို ဒီအမျိုးသမီး နဲ့ကော အခြား ဘယ်သူနဲ့မှ တယောက်တည်း တွေ့နိုင်မယ့် အခွင့်အရေး ပေးလို့ မရတော့ဘူး၊ သူ့ကို ၂၄ နာရီ ပတ်လုံး စောင့်ကြည့်နေမှ ဖြစ်မယ်၊ သူ ဘယ်သွားသွား ကျွန်တော်တို့ နောက်က လိုက်မှ ဖြစ်မယ်၊ အဲ့ဒီလို လုပ်ရင်းက ကျွန်တော်တို့ မကြိုက်တာ တခုခု ကြားလာရမယ်၊ မြင်လာရမယ် ဆိုရင် ကက်သရင်း ဘလိတ်ကို ဖမ်းလိုက်ယုံပဲ၊ ကျန်တာ ခင်ဗျားတို့ လုပ်ချင်ရာသာ လုပ်ပေတော့”

 

ဘုသီက ခေါင်းငြိမ့်ပြလိုက်ရင်း “ဂျော်ဒန် အဲ့လို လုပ်ပေးလိမ့်မယ်လို့ ခင်ဗျား ထင်လား၊ အခုပဲ ဒီအမျိုးသမီးကို သူ ချစ်ခဲ့မိတယ် ပြောပြီးပြီလေ၊ အမျိုးသမီးဖက်က သစ္စာဖေါက်တာ ခံလိုက်ရတော့ သူ့အနေနဲ့ ဘယ်လိုနည်းနဲ့မှ အရင် လို မေတ္တာသက်ဝင်ပြီး ဆက်ဆံလို့ ရတော့မယ် မထင်ဘူး”

 

“သူ့အနေနဲ့ အခြားရွေးစရာ လမ်း မရှိတော့ဘူးလေ၊ သူ့ကြောင့် ဖြစ်လာတဲ့ အရှုပ်ထုတ်ကြီးကို သူပဲ ဖြေရှင်းပေးရတော့မယ်၊ ပြီးတော့ အစကတည်းက ကျွန်တော်ဖက်က အကွက်ချပြီး လုပ်ခဲ့တာ မဟုတ်ဘူး၊ သူ့ကို သူတို့ဖက်က ရွေးလာတာ၊ အခြား ဘယ်သူမှ ဝင်လုပ်ပေးလို့ မရဖူး။ အဲ့ဒီတော့ ဂျော်ဒန်ရဲ့ ဘရိဖ်ကေ့စ် ထဲ ပါလာတာ မှန်သမျှ တဖက်က ယုံကြည်ပြီးသား”

 

ချာချီက အိုင်စင်ဟောင်ဝါက ကြည့်လိုက်ပြီး “ဗိုလ်ချုပ်ကြီး ကကော”

 

အိုင်စင်ဟောင်ဝါက စီးကရက်ကို ပြာခွက်ထဲ ထိုးချေလိုက်ရင်း ခဏမျှ စဉ်းစားနေသည်၊ “အခြား နည်း တကယ်ပဲ မရှိတော့ဘူး ဆိုရင်တော့ ဒီက ပါမောက္ခ ပြောတဲ့ အစီအစဉ်ကို ကျွန်တော် သဘောတူပါတယ်၊ ဗိုလ်ချုပ်ကြီး ဘရက်စ် နဲ့ ကျွန်တော်ဖက်က SHAEF ကနေ ခင်ဗျားတို့ လိုအပ်တာတွေ ပံ့ပိုးပေးနိုင်အောင် ကျွန်တော်တို့ စီစဉ်ပေးထားပါမယ်”

 

“ကဲ...ဒီလိုဆို လုပ်ဖို့ပဲ ရှိတော့တယ်။ အဲ့တာမှ အလုပ် မဖြစ်ရင်တော့ ကျွန်တော်တို့ကို ဘုရားသခင် စောင်မပါလို့ ဆုတောင်းဖို့ပဲ ရှိတော့တယ်” ဟု ချာချီက ပြောလိုက်သည်။

 

                                                ********************************