အိုင်စီဂျီ အစီရင်ခံစာ (နိဂုံး)

by Hla Soewai - Feb 06 2022

(၆) နိဂုံး သုံးသပ်ချက်

 

ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းပွဲ သည် ဆယ်စုနှစ် တစု အကြာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် ငြိမ်းချမ်းရေး ရရှိရန် ဆွေးနွေးခဲ့မှု များ အဆုံးသတ်သွားခဲ့ရသည်။ ယင်းနှင့် အတူ ဖြစ်ပေါ်နေသော ပဋိပက္ခ ပို၍ ရှုပ်ထွေးလာပြီး လျှင်မြန်စွာ ပြောင်းလဲလာနေသော အနေအထားသို့ ရောက်ရှိသွားခဲ့ရသည်။ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ အကြားတွင်လည်း မည်သူက NCA ကို လက်မှတ်ထိုးထားသည်၊ မည်သူက မထိုးရသေး ဟု ယခင်ကကဲ့သို့ အလွယ်တကူ ခွဲခြား၍ မဖြစ်နိုင်တော့ပေ။

 

ကာလကြာမြင့်စွာကပင် မဟာမိတ် အဖြစ် ရပ်တည်လာခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွင်ပင် အနေအထား အမျိုးမျိုး ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ အာဏာသိမ်း မှုကို တွန်းလှန်နေသော အဖွဲ့အစည်းများ နှင့် ကာလကြာမြင့်စွာကတည်း က ရှိနေခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြား ခွဲခွဲခြားခြား သတ်မှတ်နိုင်ဖို့က ပို၍ ခက်ခဲလာနေသည်။ နိုင်ငံ အလယ်ပိုင်းရှိ ဗမာ အများစု နေထိုင်ရာ ဒေသများတွင် ပေါ်ပေါက်လာသော လက်နက်ကိုင် အဖွဲ့များသည် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ နှင့် ဆက်သွယ်မှု မရှိပေ၊ သို့သော် အခြား အဖွဲ့များသည် ၎င်းတို့ထံမှ လက်နက် နှင့် စစ်ရေးလေ့ကျင့်ပေးမှု များ ရရှိခဲ့ကြသည့်အပြင် အတူတွဲ၍ပင် စစ်တပ်အား တိုက်ခိုက်လာခဲ့ကြသည်။

 

စစ်တပ် နှင့် CRPH/NUG ဦးဆောင်သော အတိုက်အခံ အင်အားစုများက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မိမိတို့ဖက် ပါလာစေရန် နည်းလမ်းမျိုးစုံ သုံး၍ ချည်းကပ်ပြီး အပြိုင်အဆိုင် ကြိုးပမ်းလာခဲ့ကြသည်၊ တိုင်းရင်းသား လက်နက်ကိုင်များကမူ NUG နှင့် တရားဝင် ပူးပေါင်းလာခဲ့ခြင်း၊ လက်ရှိ ဖြစ်ပေါ်နေသော အကျပ်အတည်းများ မှ ခပ်ကင်းကင်း နေခြင်း အစရှိသည့် ပုံစံအမျိုးမျိုး နှင့် တုန့်ပြန်ခဲ့ကြသည်။ သို့သော် အများစုက ခြံစည်းရိုး ခွထိုင်နေကြဆဲ ဖြစ်ပြီး၊ ၎င်းတို့ အဖို့က အာဏာသိမ်းမှုကို ဆန့်ကျင်ရန် ဒေသခံများ၏ ဖိအားပေးနေမှု များ နှင့် ရင်ဆိုင်နေကြရသော်လည်း နယ်မြေ တိုးချဲ့ရန် နှင့် ဩဇာ ဖြန့်ကျက်နိုင်မည့် အခွင့်အလန်းများကို မျက်ခြေမပြတ် စောင့်ကြည့်နေကြသည်။ သို့သော်  CRPH/NUG တို့နှင့် လုံးဝဥသုံ ပူးပေါင်းရန်ကို လိုလားကြခြင်း မရှိသေးပေ။

 

NUG ဖက်ကမူ အနာဂတ် ဖက်ဒရယ် နိုင်ငံရေး စနစ် တည်ဆောက်သွားမည် ဖြစ်၍ စစ်အာဏာသိမ်း အဖွဲ့အား မိမိတို့နှင့် အတူ တရားဝင် မဟာမိတ် အဖြစ် လက်တွဲ၍ တစုတစည်း တည်း ခုခံ တွန်းလှန်ခြင်းသည့် စွန့်စားလုပ်ဆောင်သင့်သည်ဟု နားချနေသော်လည်း  အနာဂတ်သွားရာ လမ်းကြောင်းသည် CRPH/NUG တို့မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ မယုံမကြည် ဖြစ်နေမှု ကို ကျော်လွှားနိုင်ခြင်း ရှိမရှိ အပေါ် အတိုင်းအတာ တခုအထိ မူတည် နေပေသည်။

 

NUG အနေဖြင့် ထိုသို့ သဘောတူညီချက်မျိုး ရရှိနိုင်ခဲ့ခြင်း မရှိလျှင်ပင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် နဲနဲ နှင့် ကျဲကျဲ ဝိုင်းနေရသည့် စစ်တပ်အား အခွင့်သာလျှင် သာသလို တိုက်ခိုက်လာကြမည် ဖြစ်၍ မြန်မာတို့ အဖို့ ပဋိပက္ခ အရှိန်အဟုန် ရှေ့လျှောက် မြင့်တက်လာမည့် အရေးကို ကြုံရဖို့ ရှိနေပေသည်။

 

Yangon/Bangkok/Brussels, 12 January 2022