ဂျိုး ဘိုင်ဒင် မှ အမိန် ၁၄၀၁၄ အား သက်တမ်းတိုး

by Hla Soewai - Feb 08 2022

အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒင်သည် မြန်မာနိုင်ငံတွင်း အခြေအနေများနှင့် စပ်လျင်းပြီး ၂၀၂၁ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သော သမ္မတ အမိန့် ၁၄၀၁၄ အား ဆက်လက်၍ တနှစ်  သက်တမ်းတိုးကြောင်း အ‌ကြောင်းကြားစာ ထုတ်ပြန်လိုက်သည်။

အဆိုပါ အမိန့် ၁၄၀၁၄ သည် မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်လာနေသော အခြေအနေများသည် အမေရိကန် ပြည်ထောင်စု ၏ လုံခြုံရေး နှင့် နိုင်ငံခြားရေး မူဝါဒ များ အပေါ် ထူးထူးခြားခြား ခြိမ်းခြောက်လာနေသဖြင့် ယင်းကိစ္စအား ဖြေရှင်းနိုင်ရန် နိုင်ငံတကာ ‌အရေးပေါ် စီးပွားရေး အာဏာ အက်ဥပဒေ ဖြင့် စပ်လျင်းပြီး အမျိုးသား အရေးပေါ် အခြေအနေ သတ်မှတ်ထားခြင်းပင် ဖြစ်သည်။

သတိပြုရန်မှာ ထိုအမိန့်သည် ယခုမှ ထုတ်ပြန်ခြင်း မဟုတ်ပဲ ယမန်နှစ်ကတည်းက ရှိနေခြင်းကို သက်တမ်း တိုးခြင်းမျှသာ ဖြစ်သည်။ ဂျိုး ဘိုင်ဒင်က စစ်ကောင်စီအား သက်ဆိုး ရှည်စေသည့် ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်းမှ ဝင်ငွေများကို ယခုတိုင် ပိတ်ဆို့ခြင်း မရှိ၍ အားမလို အားမရ ဖြစ်လျက် ရှိနေသည်။

မင်းအောင်လှိုင် နှင့် အဖွဲ့သည် ၎င်းတို့အား သစ္စာခံသော တပ်များ အကျအဆုံး များလာပြီး စစ်ပန်းလာသည်နှင့်အမျှ ပြန်လည် စုစည်း နိုင်ရန် ပြည်တွင်းပြည်ပတွင် ငြိမ်းချမ်းရေး ထိုးစစ်ကို စတင်လာပြီ ဖြစ်သည်။

ပြည်တွင်း တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် ပြည်ထောင်စုနေ့တွင် သူ့အားလည်း အလေးပြုရင်း  ငြိမ်းချမ်းရေး လာရောက် ဆွေးနွေးရန် ကမ်းလှမ်းခဲ့သော်လည်း ‌NCA ကို မလိုလျှင် မလိုသလို ချိုးဖောက်တတ်သူများဖြစ်၍ မည်သူကမျှ အရေးတယူ တုန့်ပြကြခြင်း မရှိသေးပေ။

အရှုံးကို နားလည် လက်ခံ နိုင်စိတ် ကင်းမဲ့ကြသူများ ဖြစ်သဖြင့် နောက်တကြောင်း ဖြစ်နိုင်ခြေ ရှိသည်က AA အား ထိုးစစ် ပြန်လည် စတင်နိုင်ရန် တပ်များ ရွှေ့ပြောင်းရန် လိုလာသောကြောင့် ဖြစ်မည်ဟု ယူဆရသည်။၊ AA အဖွဲ့သည် ရခိုင်ပြည်နယ် အတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေး အစရှိသည်တို့ အခိုင်အမာ တည်ဆောက်နေကြပြီ ဖြစ်သည်၊ ယခုပင် AA နှင့် တိုက်ပွဲများ ပြန်လည် စတင်နေပြီဟု သတင်းများက ဆိုသည်။ မောင်းတော မြို့နယ် အတွင်းရှိ AA အခြေစိုက်စခန်းတခုကို သောကြာနေ့က စစ်ကောင်စီ တပ်များ ဝင်ရောက်လာခဲ့ရာမှ သုံးနာရီ ကြာအောင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး မိမိဖက်မှ တဦး ကျဆုံးခဲ့သည်ဟု AA ပြောခွင့်ရ မှ ဆိုသည်၊ စစ်ကောင်စီအားလည်း တည်ငြိမ်နေသော ဒေသအား မတည်ငြိမ်အောင် ဖန်တီးလာခြင်းဟုလည်း စွပ်စွဲခဲ့သည်။

နိုင်ငံတကာ မျက်နှာစာတွင် မျက်နှာကောင်း ရလို ရငြား အာဆီယံ အထူး သံတမန် နှင့် NLD ကိုယ်စားလှယ် များအား တွေ့ခွင်ပေးမည် ဆိုလာ၍ NLD ထဲမှ မည်သူသည် ကံဆိုးသူ မောင်ရှင် ဖြစ်လာမည် ဆိုသည်က စိတ်ဝင်စားစရာပင် ဖြစ်သည်။

အာဏာသိမ်း အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်အပေါ်  နိုင်ငံတကာ အမြင်တိမ်းစောင်းပြီး အယုံအကြည် မဲ့လာစေရန် ရည်ရွယ်ချက်ဖြင့် စဉ်းစားလို့ ရသမျှ အကျင့်ပျက် လာဒ်စားသည် ဆိုသည့် စွဲချက်ပေါင်း တဒါဇင်မျှ ဖြင့် ကြိုးပမ်းခဲ့သော်လည်း ၎င်းတို့သာ ဂုဏ်သိက္ခာကျ ဆင်း သည့် အဖြစ်နှင့် ကြုံခဲ့ရသည်၊ ထိုသို့ မလုပ်ခဲ့၍ ၎င်း၏ ဆရာသမား ဖြစ်သူ ဗိုလ်သန်းရွှေသည် ထိုအရေးကို အမြဲလို ဒိုင်ခံ ဖြေရှင်းနေရသည်ဟုလည်း မင်းအောင်လှိုင်က တွက်ဆခဲ့ပုံ ရသည်။ သို့သော် NLD နှင့် တွေ့ဆုံခွင် ပေးရန် ‌သဘော တူလာရခြင်းကပင် ၎င်းတို့ အကြံအစည်များ ထင်တိုင်း မပေါက် backfired ဖြစ်သွားရသည်ကို ဝန်ခံလိုက်ရခြင်းပင်ဖြစ်သည်။

နိုင်ငံတော် အတိုင်ပင်ခံ ကို အကျင့်ပျက် လာဒ်စားသည်ဟု စွဲချက်များက international audience ကိုသာ ရည်ရွယ်ခြင်း ဖြစ်ပြီး သူမ အပေါ် မြူတမှုန်မျှပင် သံသယ မရှိသော ပြည်သူများအား ထည့်သွင်းစဉ်းစားရန် မလိုဟုလည်း
တွက်ဆခဲ့ကြသည်။

အဝေးရောက် NLD ခေါင်းဆောင်ပိုင်း၏ ပြောခွင့်ရ ကိုနေဘုန်းလတ် မှ အာဆီယံ အထူး သံတမန် နှင့် မတွေ့ဆုံမီ ပါတီ ၏ သဘောတူညီမှု ရယူ ရန် လိုသည်ဟု ဆိုသည်။

ဟွန်ဆန် ခန့်ထားသော သံတမန်က ၎င်းတို့၏ ဝါဒဖြန့်ချီရေး မောင်းတံကြီးအား မည်သို့ မည်ပုံ ရှောင်ရှား သွားနိုင်မည်လဲ ဆိုသည်က စောင့်ကြည့်ရပေမည်။

ဟွန်ဆန် အဖို့က မင်းအောင်လှိုင်ကြောင့် နောက်ထပ် သိက္ခာ ကျစရာ နှင့် ကြုံလာခဲ့ရပြန်သည်၊ ဩစတေးလျ စီးပွားရေး ပညာရှင် ရှောင် တန်းနယ်ကို မိမိ၏ ခရီးစဉ် အတွင်း တောင်းဆိုခဲ့သည့် ရလဒ် အဖြစ် ယခုအခါ ပြန်လွှတ်ပေးလိုက်ပြီဟု ထုတ်ဖေါ် ပြောဆိုလိုက်သည်။

သို့သော် နောက်တနေ့မှာပင် ဇော်မင်းထွန်းက မိမိတို့ လွှတ်ပေးခြင်း မရှိဟု တရားဝင် ငြင်းဆိုသွားခဲ့သည်။ ချက်ခြင်းလိုပင် ဟွန်ဆန်သည် မိမိမရည်ရွယ်ပဲ မှားယွင်းသွားခဲ့ရကြောင်း လူသိရှင်ကြား ပြန်တောင်းပန်ရသည့် အဖြစ် ရောက်သွားခဲ့ပေသည်။

ဤသည်ကို ကြည့်က မင်းအောင်လှိုင်သည် သူ့အတွက် အကျိုးမရှိက ဘာမှမလုပ်၊ သွေးသောက် ညီနောင်ကြီး မျက်နှာပျက်လည်း ပျက်စေတော့ ဆိုသည့် လူစား ဖြစ်သည်ကို ဟွန်ဆန် သဘောပေါက်သင့်ပြီ ဖြစ်သည်။ 

မစ္စတာ တန်းနယ်ကို ယခုအချိန်အထိ ရုံးတင် စစ်ဆေးခြင်း မရှိသေးပဲ ဖမ်းဆီးထားခြင်း ဖြစ်သည်။

ကုလ အတွင်းရေးမှုးချုပ် ၏ အထူးသံတမန် နိုလင်း ဟေဇာ သည် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်၊ ထိုဆွေးနွေပွဲတွင် "စစ်တပ် နှင့် အာဏာခွဲဝေရေး"ဟု မိမိ ဆိုလိုခြင်း မဟုတ်ကြောင်း နှင့် မြန်မာပြည်သူတို့၏ ဆန္ဒကို အလေးထား ဆောင်ရွက်သွားပါမည်ဟု ကတိပေးခဲ့ကြောင်းလည်း သိရသည်။

အိန္ဒိယ တွင် အင်္ဂလိပ်ဘာသာ ဖြင့် ထုတ်ဝေသော Deccan Herald သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဒေါ်ဇင်မာအောင်က မြန်မာပြည်သူတို့ အခက်ခဲဆုံး အချိန်နှင့် ရင်ဆိုင်နေရချိန်တွင် အိန္ဒိယ အစိုးရ၏ ထောက်ခံမှု မရခဲ့သည်များကို မိမိတို့ မည်သည့် အခါမျှ မေ့ထား၍ မရတော့ဟု ပြောဆိုသွားခဲ့သည်။

တကယ်တမ်းတွင် အိန္ဒိယသည် မိုဒီ၏ လက်‌ အောက်တွင် ဒီမိုကရေစီ ဘိုးအေကြီး ဘဝမှ ဘာသာရေး ကို ခုတုံးလုပ်ကာ အာဏာရှင် ပေါက်စနိုင်ငံ အဖြစ် မွေးဖွားလာခဲ့ပြီ ဖြစ်သည်။

လာရီ ဂျေဂင်၏ ဘန်ကောက်ပို့စ် ဆောင်းပါးတွင်
စေ့စပ်ဖြန်‌ဖြေလိုသူများဖက်က လက်တွေ့ အခြေအနေများ အပေါ် နားလည်မှု အကြီးအကျယ် လွဲမှားနေ၍ ၎င်းတို့အဖို့ အရေးပါသော ကဏ္ဍမှ ပါဝင်နိုင်ရန် ကန့်သတ်ခံရသလို ဖြစ်လာနေသည်ဟု ရေးသားထားသည်။

စစ်တပ်သည် တတိုင်းပြည်လုံး အနှံ့ ရက်စက်ကြမ်းကြုပ်စွာ နှိမ်နှင်းခဲ့ခြင်း၏ အကျိုးဆက် အဖြစ် ပြည်သူတို့၏ "နှလုံးစိတ်ဝမ်း" ကို အရယူနိုင်ခြင်း မရှိတော့ပဲ ပြည်သူခုခံတွန်းလှန်စစ်ကို ဆင်နွှဲ နေကြသော PDF အင်အားသည် တစထက် တစ တိုးပွားလာနေပြီး မြောက်ဖက်၊ အနောက်ဖက် နှင့် တောင်ဖက် ဖြန့်၍ ၅၀,၀၀၀ ခန့်အထိ ရှိလာနေသည်ဟု လာရီ ဂျေဂင်က ဆောင်းပါးတွင် ဖေါ်ပြထားသည်။

PDF များ သည် စစ်ရေး စွမ်းရည် ထက်မြက်လာကြပြီး ယခုအခါ အဓိက ရည်မှန်းချက် အဖြစ် နေပြည်တော်ကို ပိတ်ဆို့ထားပြီး နိုင်ငံ၏ ကျန်ဒေသများ ရှိ တပ်ရင်းတပ်ဖွဲ့များ နှင့် ထောက်ပို့ လမ်းကြောင်းများ အဆက်ဖြတ် ပစ်ရန်
ရည်ရွယ်လာကြပြီ ဖြစ်သည်ဟု ဆိုသည်။

ဒီမိုကရေစီ အင်အားစုများ သည် စစ် ခေါင်းဆောင်များအား နိုင်ငံ အနာဂတ် တွင် နေရာပေးရန် ရည်ရွယ်ခြင်း မရှိတော့၍ ၎င်းတို့အား ‌စေ့စပ် ဆွေးနွေးရေး စားပွဲဝိုင်းတွင် နေရာပေးရန် မလိုဟု စိတ်ပိုင်းဖြတ်ထားကြပြီး ဖြစ်သည်ဟုလည်း ပါရှိခဲ့သည်။

ဧရာဝတီ သတင်း အဆိုအရ ဖားကန့်မြို့နယ် အတွင်းရှိ ခတ်မှော်ရွာ အနီး KIA/ PDF တို့နှင့် သုံးရက်တိုင် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ ဖက်မှ တပ်ရင်းမှူး အပါအဝင် စစ်သား ၂၀၀ ကျော် သေဆုံးသွားသည်ဟု သိရသည်။

အထက် မြန်မာပြည်ရှိ ကလေး၊ ကသာ နှင့် ရွှေဘိုခရိုင်များ အတွင်း PDF များက ဒရုန်းများ သုံး၍ စစ်ကောင်စီ တပ်များကို တိုက်ခိုက်ခဲ့ရာ တနင်္ဂ‌နွေ တရက်တည်း ၃၈ ‌ယောက် သေဆုံးသွားသည်ဟု လည်း ပါရှိခဲ့သည်။

ယနေ့ ကုလ ပြောရေးဆိုခွင့် ရှိသူ ဖာဟန် ဟတ် မှ 
အာဏာ သိမ်းပြီးချိန်မှစ၍ မြန်မာ စစ်တပ်သည်
အရွယ် မရောက်သေးသည့် ကလေးသူငယ် ၁၁၄ ဦးအား သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်ဟု ထုတ်ဖေါ်ပြောဆို ခဲ့ကြောင်း ရုရှား၏ စပူးနစ် သတင်းဌာနတွင် ဖေါ်ပြလာသည်။

တော်လှန်ရေး မုချ အောင်ရမည်!!!

(မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်အား ဂုဏ်ပြု ဖေါ်ပြခြင်း ဖြစ်သည်)