ရိုဟင်ဂျာများ မှ အာဏာသိမ်း အဖွဲ့ ကိုယ်စားလှယ်အား လက် မခံရန် အိုင်စီဂျေ သို့ စာပို့

by Hla Soewai - Feb 08 2022

နိုင်ငံတကာရှိ ဥပဒေ ရေးရာ အဖွဲ့အစည်းကြီး ၃ ခု နှင့် ရိုဟင်ဂျာ ၈၀၀ ကျော်မှ စစ်အာဏာသိမ်း အဖွဲ့အား နိုင်ငံတကာ တရားရုံးတော်တွင် လက်ခံခြင်း မပြုရန် စာရေးသား ပေးပို့ ကန့်ကွက်လာကြပြီ ဖြစ်သည်။

ထိုသို့ လက်ခံလိုက်ပါက ၎င်းတို့အား မြန်မာကို ကိုယ်စားပြုသည့် တရားဝင် အစိုးရ အဖြစ် သဘောထား လိုက် ခြင်းသာ ဖြစ်၍ ၂၀၂၁ ဒီဇင်ဘာလ အတွင်း ကုလ အထွေထွေ ညီလာခံမှ ချမှတ်ခဲ့သော စစ်အာဏာသိမ်း အဖွဲ့ ၏ မည်သို့သော ကိုယ်စားပြုမှု မှ လက် မခံရန် ဆိုသည့် ဆုံးဖြတ်ချက်ကို တိုက်ရိုက် ချိုးဖောက်လိုက်သည်နှင့် အတူတူပင် ဖြစ်သည်ဟု ထောက်ပြသွားခဲ့သည်။

ရိုဟင်ဂျာ ၅၀၀ ခန့်ကို ကိုယ်စားပြု နေသော LAW အဖွဲ့အစည်းမှ တရားရုံးချုပ် အနေဖြင့် စစ်ကောင်စီ ကိုယ်စား လှယ်အား လက်ခံလိုက်မည် ဆိုလျှင် နိုင်ငံချင်း ဖြစ်ပွားသည့် အမှုအား ဘက်မလိုက်ဘဲ တရားမျှတစွာ ဆုံးဖြတ် သည် ဆိုသော တရားရုံး၏ ဂုဏ်သိက္ခာ ထိခိုက်သွားလိမ့်မည်ဟု သတိပေးလာခဲ့သည်။

Fortify Rights ကလည်း အရပ်သား ပြည်သူများကို တိုက်ခိုက်ပြီး နိုင်ငံတကာ ရာဇဝတ်မှုများကို ကျူးလွန် နေသော တရားမဝင် အဖွဲ့အစည်း တခုအား လက်ခံလိုက်ပါက တရားရုံးချုပ် အနေဖြင့် အန္တရာယ် များလှသည့် တလွဲ ဆုံးဖြတ်ချက် သာ ဖြစ်ကြောင်း ထင်ရှားပေါ်လွင်သွားမည်ဟု ဆိုသည်။

Myanmar Accountability Project မှ မိမိတို့ အတွက် တရားမျှတမှု ရရှိရေး ကျယ်လောင်စွာ တောင်းဆိုနေ ကြသည့် မြန်မာ ပြည်သူများကို နိုင်ငံတကာ တရားရုံးတော်မှ ဆိုးဝါးစွာ တုန့်ပြန်လိုက်ခြင်း ဖြစ်သွားမည်ဟု သတိပေးလိုက်ပြန်သည်။

ထိုသို့ အပြင်းအထန် ဖိအားပေးလာနေမှုများ ကြောင့် တရားရုံးချုပ် အနေဖြင့် ဂုဏ်သိက္ခာ ကျဆင်းသွားမည့် အနေအထားပင် ဖြစ်လာနေသည်။ စစ်ကောင်စီ အဖို့က တရားရုံးတော်ကို လေးစားလိုက်နာ၍ ရောက်လာ ကြမည့် သူများ မဟုတ်၊ ၎င်းတို့ကို မည်ကာမတ္တမျှ အသိအမှတ်ပြုခံရလျှင် ပင် ဝါဒ ဖြန့်ချီရေး ကိရိယာ တရပ် အဖြစ် ဝမ်းသာအားရ အသုံးချနိုင်ရန်  စိတ်စောနေကြသူများ ဖြစ်သည်။ တကယ်တမ်း ထိခိုက် ခံရမည်က နိုင်ငံတကာ တရားရုံးချုပ် သာ ဖြစ်သွားပေလိမ့်မည်။ တရုတ် နှင့် ဖိလစ်ပိုင် အကြား ဖြစ်ပွားခဲ့သော တောင် တရုတ်ပင်လယ် အငြင်းပွားမှု တွင် ဖီလစ်ပိုင် အဖွဲ့အပေါ် အနိုင်ပေး ဆုံးဖြတ်ခဲ့မှုအပေါ် အသိအမှတ် မပြုဟု ပယ်ချ ခဲ့သော တရုတ် ကိုပင် အိုင်စီဂျေ၏ ဒုဥက္ကဌ အဖြစ် ရွေးချယ် တင်မြှောက်ခဲ့သည့် အဖွဲ့အစည်းလည်း ဖြစ်နေသည်။ ယခုအခါ လက်ရှိ ဥက္ကဋ္ဌ သည် အမေရိကန်၊ ဒုဥက္ကဋ္ဌသည် ရုရှားမှ ဖြစ်နေ၍ စိတ်ဝင်စားဖို့ ကောင်းလာ ရသည်။ 

တရားသူကြီး အားလုံးသည် ဘက်မလိုက်ဘဲ တာဝန်သိသိ ဖြင့် အမှုကို ဆုံးဖြတ် စီရင်သွားပါမည်ဟု ကျမ်းသစ္စာ ကျိန်ဆိုထားပြီး ဖြစ်၍ ထိုသို့သော ပုဂ္ဂိုလ်များက အာဏာသိမ်း အဖွဲ့အား တရားဝင် အဖြစ် လက်ခံလိုက်မည် ဆိုက လူ ပေါင်း ၁,၅၀၀ ခန့် အသက်ပေး တိုက်ပွဲဝင်နေသည့်၊ မီးရှို့သတ်ဖြတ် ခံနေရသည့်၊ မြန်မာပြည်သူများ အတွက် မည်သို့မျှ တရားမျှတမှု ဖေါ်ဆောင်ပေးနိုင်တော့မည် မဟုတ်ပေ။

နိုင်ငံတကာ တရားရုံးတော်သို့ တလေးတစား ဖြင့် ကိုယ်တိုင်ကိုယ်ကျ လာရောက် ရင်ဆိုင် ဖြေရှင်းခဲ့သော နိုင်ငံတော် အတိုင်ပင်ခံသည် ယခုအခါ မျက်နှာကို အဝတ်စည်း ကာ မည်သည့်နေရာမှန်း မသိသော လျှို့ဝှက် ခုံရုံးတွင် သူမအပေါ်  မတရား စွပ်စွဲထားမှုများ အတွက် ချေပ နေရပြီ ဖြစ်သည်ကို မမေ့သင့်ပေ။

ရုံးထိုင်ရာ ဟိတ်ဂ် မြို့တော်သို့ ရောက်ရှိလာကြမည့် အဖွဲ့သည် လက်ရှိတွင် ဩစတေးလျှ စီးပွားရေး ပညာရှင် ရှောင် တန်နယ်လ်အား မတရား အမှုဆင်၍ အကျဉ်းချ တရားစီရင်နေသူများလည်း ဖြစ်နေပြန်သည်။ 

ထိုမျှသာ မကသေး၊ ၎င်းတို့ အကျဉ်းထောင်များထဲတွင် လူ ထောင်ပေါင်းများစွာ ရှိနေပြီး၊ ထောင်ထဲတွင် နှိပ်စက်ညှင်းပမ်းခံရ၍ သေဆုံးသွားသူ ပေါင်းလည်း ဒု နဲ့ ဒေး ဖြစ်နေသည်။ ထို့အပြင် အလိုရှိသူကို ဖမ်းမရ၍ ဆိုကာ ငါးနှစ် အရွယ် ကလေးငယ်ပါမကျန် ဓါးစာခံ အဖြစ် ဖမ်းဆီးချုပ်နှောင်ထားပြန်သည်။ အဖမ်းဆီး ခံထားရသူများကို တရားရေး ဆိုင်ရာ နိုင်ငံတကာ မှ လက်ခံထားသော အခြေခံ ကျင့်ထုံး ဖြစ်သည့် အကျိုးဆောင် ရှေ့နေနှင့် တကြိမ်တခါမျှ ပေးတွေ့ခြင်းလည်း မရှိ၊ အများစုမှာ မိသားစု နှင့် ပင် တွေ့ခွင့်မရ ဖြစ်နေသည်။ 

ထိုသို့ မတရား အဖမ်းဆီးခံထားရသူ များက ၎င်းတို့ အခွင့်အရေး အတွက် အင်းစိန်ထောင်တွင် ငြိမ်းချမ်းစွာ အစာငတ်ခံ ဆန္ဒပြ နေပြီ ဖြစ်သည်။

အမှု အား ရင်ဆိုင်မည့် ခေါင်းဆောင် ဆိုသူသည် အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့ အာဆီယံ မှ လာရောက်ခြင်း မပြုရန် တားမြစ်ခံထားရသူ ဖြစ်နေပြန်သည်။ ဤသည်ကလည်း ၎င်းတို့၏ ခေါင်းဆောင် ကိုယ်တိုင် အကောင် အထည် ဖေါ်ပါမည်ဟု ကတိကဝတ် ပြုခဲ့မှုကို လိုက်နာခြင်း မရှိ မျက်နှာပြောင်တိုက် နေခဲ့သည်ကို အထင် အရှားတွေ့မြင်လာနေ၍ ဖြစ်သည်။

ယခုအချိန်အထိ ပြည်သူများ အပေါ် အကြမ်းဖက်မှု များ ကျူးလွန်နေဆဲ ဖြစ်သည့် လူများက နိုင်ငံကို ကိုယ်စား ပြုသည် ဆိုကာ နိုင်ငံတကာ တရားရုံးချုပ် ရှေ့သို့ လာရောက်၍ အမှုအတွက် ချေပ မည် ဆိုသည့် အဖြစ်ထက် ရယ်ဖွယ် ကောင်းစရာ အဖြစ် ရှိပါဦးမည်လော။ တရားရုံးတော်၏ တန်ဖိုး ရှိလှသော အချိန်များကို ဖြုန်းတီးပြစ် ရာ ကျနေပေသည်။ 

လက်ရှိတွင် ဩစတေးလျှ နိုင်ငံခြားရေး ဝန်ကြီး မာရိစ် ပိမ်း မှ ရှောင် တန်နယ် အပေါ် စွပ်စွဲထားချက်များကို မိမိတို့ အစိုးရမှ လက်မခံကြောင်း နှင့် အခုချက်ချင်း လွှတ်ပေးရန် ကြေညာချက် ထုတ်ပြန်လာပြီ ဖြစ်သည်။

နိုင်ငံအတွင်း အကြမ်းဖက်မှုများ လုံးဝရပ်စဲရန် ကမ္ဘာတဝှမ်း မှ တောင်းဆိုနေမှုများသည် စစ်အာဏာရှင်တို့၏ စိတ်ထဲတွင် တသက်လုံး အမြစ်တွယ်လာနေသော အတ္တ၊ မာန၊ မနာလို ဝန်တိုမှု နှင့် ရက်စက်ကြမ်းကြုပ်လိုသည့် စိတ်ဓါတ်များကို ခဝါချပြစ်နိုင်မှသာ ဖြစ်လာမည် ဖြစ်သောကြောင့် မည်သို့မှ ဖြစ်နိုင်စရာ မရှိသည်ကို တောင်းဆို နေကြသည်နှင့် အလား သဏ္ဌာန် တူနေရပေသည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!