D-Day နောက်ကွယ်မှ သူလျို မဟုတ်သော သူလျိုများ (၁၁၅)

by Hla Soewai - Feb 08 2022

အခန်းထဲတွင် ကနယ်ရစ် နှင့် ဗိုဂဲလ်တို့သာ အရင်ဦးဆုံး ရောက်ရှိလာသူများ ဖြစ်နေသည်၊ ကနယ်ရစ်က "ကြက် ‌‌မွေးတဲ့သူ မလာခင် ဆေးလိပ်သောက်ချင် သောက်ထား" ဟု ဗိုဂဲလ်ကို ပြောလိုက်သည်။ ကနယ်ရစ် စကားကြောင့် ဗိုဂဲလ်တယောက် တွန့်ကနဲ ဖြစ်သွားသည်၊ သူတို့ ရောက်နေသော အခန်းတွင် အသံဖမ်းစက်များ သေချာပေါက် တပ်ထားမည်ကို တွက်ဆမိသောကြောင့် ဖြစ်သည်။ ဆေးလိပ်သောက်ချင်စိတ် ပျောက်လို ပျောက်ငြား ပါလာသည့် ဖိုင်တွဲကို ထုတ်၍ ဟိုလှန်ဒီလှန် လုပ်နေလိုက်သည်။



မကြာမီမှာပင် အခန်းထဲသို့ တတိယ ဂျာမန် နိုင်ငံတော်ကြီး၏ ဩဇာတက္ကိမ အရှိဆုံး ပုဂ္ဂိုလ် ကြီး များ ဖြစ်သည့် SS အကြီးအကဲ ဟင်းနရစ်ခ်ျ ဟင်းမလား (ကြက်မွေးသမားဟု ကနယ်လေ့စ် ၏ အပြောခံရသူ)၊ SS တပ်မှူး ဝေါ်လ်တာ ရှလင်းဘတ်ခ်၊ ဖီးမာရှယ် ဂတ် ဗွန် ရမ်းစတက်၊ ဖီးမာရှယ် အာဝင် ရွမ်းမဲ နှင့် ဟာမန်း ဂိုရင်း တို့ ရှေ့ဆင့်နောက်ဆင့် ဆိုသလို ဝင်လာခဲ့သည်။


ဟစ်တလာသည် သတ်မှတ်ထားချိန်ထကိ မိနစ် နှစ်ဆယ်ခန့် နောက်ကျပြီးမှ ရောက်လာပြီး အားလုံး မတ်တတ်ရပ်၍ အလေးပြုရသည်။ ဟစ်တလာသည် မီးခိုးရောင် ဘောင်းဘီ နှင့် အနက်ရောင် ကျုးနစ် ယူနီဖောင်းကို ဝတ်ထားသည်။ အားလုံးက နေရာတွင် ပြန်ထိုင်လိုက်ကြသော်လည်း သူကတော့ မတ်တတ် ရပ်မြဲ ရပ်နေသည်။ ဗိုဂဲလ်က သူ့အား ကြည့်ရင်း စိတ်ထဲက သဘောကျနေမိသည်။ ဟစ်တလာ၏ ဆံပင် သည် အဖြူရောင် သန်းလာနေပြီး အသားအရည်က ဝါကြင့်ကြင့် ဖြစ်နေသည်။ မျက်လုံးများက နီရဲနေပြန်သည်။ မျက်လုံး တဝိုက်တွင် ညိုမဲနေ၍ ထိခိုက် ဒဏ်ရာ ရထားသလို ထင်ရ၏။ သို့သော် သူ၏ ပုံပန်းသည် အားမန် အပြည့်နှင့် ရှိနေဆဲပင် ဖြစ်သည်။


နှစ်နာရီ နီးပါးမျှ မဟာမိတ်တို့ ကျုးကျော်တိုက်ခိုက်လာမည့် အရေး အတွက် မည်သို့မည်ပုံ ပြင်ဆင်ထားသည်များကို တဦးချင်းစီအား စစ်ဆေးမေးမြန်း ညွှန်ကြားနေသည်။ ဤသည်ကို ကြည့်ပြီး အနောက်ဖက် စစ်မျက်နှာ တွင် တပ်များ ဖြန့်ကြက်ချထားပုံများကို အခန်းထဲရှိ အထက်တန်း အရာရှိကြီးများထက်ပင် ဟစ်တလာသည် ပိုသိနေကြောင်း ဗိုဂဲလ် က
သဘောပေါက်လိုက်သည်။ အသေးစိတ် စီမံခန့်ခွဲသွားနိုင်ပုံကို ကြည့်၍ ဗိုဂဲလ်တ‌ယောက် အံ့ဩခြင်းမက အံ့ဩ လာနေရသည်။ ပတ်စ် ဒီ ကလေ့စ် တွင် အဘယ်ကြောင့် လေယာဉ်ပြစ် အမြှောက်များ ယခင်အပတ်ကထက် သုံးလက် လျော့နည်းသွားရသနည်းဟု အပ်ချမတ်ချ မေးခွန်းထုတ်လာခဲ့သည်။ အတ္တလန်တစ် တံတိုင်းကြီး တည်ဆောက်ရာတွင် သုံးမည့် ကွန်ကရိ အမျိုးအစားနှင့် ထုထည် မည်မျှ ရှိမည် ကိုပင် အတိအကျ ပြောရန် မေးမြန်းလာသည်။




အစည်းအဝေး အဆုံးသတ် သွားချိန်တွင်တော့ ဟစ်တလာသည် ကနယ်ရစ် ဖက် လှည့်ကာ "ကဲ.. ပြောစမ်းပါဦး၊ အပ်ဗဲယားက ရန်သူ ဖက်က ဘာတွေ ကြံနေလဲဆိုဝာာ ရှင်းရှင်းလင်းလင်း သိနိုင်မယ့် သတင်းအစ အနတွေ ရထားပြီးပြီဆို"


"ဟုတ်ပါတယ်၊ ဒီလိုသိလာရအောင်လည်း ဒီက ကက်ပတိန် ဗိုဂဲလ် ပဲ အစကနေ အဆုံး ကြီးကြပ်စီမံခဲ့တယ်လို့ ပြောလို့ရပါတယ်၊ ဒီအတွက် သူရရှိလာတဲ့ အချက်တွေ ဘာလဲဆိုတာ သူကိုယ်တိုင် တင်ပြခွင့် ပြုစေချင်ပါတယ်"


"ကောင်းပြီ၊ ကက်ပတိန် ဗိုဂဲလ် ပြောစရာ ရှိတာ ပြောပါ"



ဗိုဂဲလ်က ထိုင်ရာမှ မထပဲ "ဖူးဟား ခင်ဗျား၊ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကပဲ လန်ဒန်မှာ ရှိတဲ့ ကျွန်တော်တို့
အေးဂျင့်‌ ‌တွေထဲက တ‌ယောက်က စာရွက်စာတမ်း အချို့ အရယူနိုင်ခဲ့ပါတယ်၊ အဲ့ဒီအတွက် ရန်သူဟာ
ပိုးစာပင် စီမံချက် ဆိုပြီး တစုံတခု လုပ်နေတယ်ဆိုတာ ကျွန်တော်တို့ သိလာခဲ့ရပါတယ်၊ ဒီ စာရွက်စာတမ်းတွေကို အခြေခံပြီး ပိုးစာပင် ဆိုတာ ဘာလဲ ကို အတိအကျ သိနိုင်ဖို့ နီးစပ်လာပြီလို့ ပြောနိုင်ပါပြီ"



"နီးစပ်လာပြီ..ဟုတ်လား" ဟု ဟစ်တလာက ခေါင်းကို စောင်းပြီး ပြန်မေးလိုက်သည်။ "ဒါဆို မောင်ရင်တို့ဖက်က လက်ရှိမှာ မှန်းဆနေတာထက် ပိုပြီး ရှေ့မတိုးနိုင်သေးဖူးပေါ့"



"ကျွန်တော်ကို ဆက်ပြောခွင့်ပြုပါ ဖူးဟား"


"ပလိစ်၊ ဒါပေမယ့် ဒီညနေ အတွက် တော့ ကျုပ်ရဲ့ သည်းခံနိူင်မှု အတိုင်းအတာက အကန့်အသတ် နဲ့ပဲ ရှိနေတယ် ဆိုတာကိုတော့ သတိပြုစေချင်တယ်"


"အခု လက်ရှိမှာ အင်္ဂလန် တဝိုက်မှာ ဧရာမ ကွန်ကရိတုံးကြီးတွေ၊ သံမဏိ တုံးကြီးတွေနဲ့ တစုံတခုကို တည်ဆောက်နေတယ် ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဖက်က အတော်များများ သိထားခဲ့ပြီးပါပြီ၊ ဒီလုပ်ငန်း အတွက် ဖီးနစ်လို့ သူတို့ လျို့ဝှက် အမည် ပေးထားပါတယ်၊ သူတို့ စတိုက်တော့မယ့် အချိန်ရောက်လာရင် ဒီ အတုံးကြီးတွေကို သင်္ဘော နဲ့ ဆွဲလာပြီး ပြင်သစ် ကမ်းခြေ အလွန်မှာ မြုပ်ပစ်ဖို့လည်း စီမံထားပါတယ်"


"မြုပ်ပစ်မယ်၊ ဘာ အတွက် ကြောင့်များလဲ ကက်ပတိန် ဗိုဂဲလ်"


"ပြီးခဲ့တဲ့ နှစ်ဆယ့် လေးနာရီ လုံးလုံး ကျွန်တော်တို့ဖက်က သုတေသီ တွေ က လန်ဒန်က နေ ခိုးယူလို့ ရတဲ့ စာရွက်စာတမ်းတွေ ကို ခေါင်းမဖေါ်စတမ်း အထပ်ထပ် စစ်ဆေးခဲ့ကြပါတယ်၊ သူတို့ မြုပ်ပစ်ဖို့ ရည်ရွယ်ထားတဲ့ အတုံးကြီးတွေထဲမှာ လေယာဉ် အမြှောက်ကြီး တလက်နဲ့ အဲ့တာကို ကိုင်တွယ်မယ့် လူတွေ နေရာချထားဖို့ အကန့်တွေ ပါလာပါတယ်၊ ရန်သူဖက်က ကမ်းခြေ ကို ဝင်ရောက် စီးနင်းတဲ့ အချိန်ကျရင် လေကြောင်း ရန်ကနေ ကာကွယ်ဖို လေယာဉ်ပစ် အမြှောက်စင်ကြီး‌ တွေ တည်ဆောက်ဖို့
စီစဉ်နေတာ ဖြစ်နိုင်ခြေ ရှိပါတယ်။"



"ဖြစ်နိုင်ပါတယ်၊ မေးစရာ ရှိလာတာက လေယာဉ်ပြစ် အမြှောက်တွေ ထားဖို့လောက်နဲ့ ဘာဖြစ်လို့ ဒီ
လောက် ဒုက္ခခံပြီး ဆောက်နေကြရတာလဲ ဆိုတာပဲ၊ ခင်ဗျားတို့ အားလုံး ခန့်မှန်းထားချက်အရ ဆိုရင် ဗြိတိသျှတွေ ဖက်မှာ သံမဏိတို့၊ ဘိလပ်မြေတို့ အလူမီနမ် တို့ ဆိုတဲ့ ကုန်ကြမ်းတွေ အကြီးအကျယ် ပြတ်လတ်နေပြီဆို၊ နောက်ပြီး ခင်ဗျားတို့ ပြောနေတာ ရှိပါသေးတယ်၊ ချာချီ က စစ်ပွဲထဲ ဝင်ဖို့ မိုက်မိုက်မဲမဲဆုံးဖြတ်လိုက်တာကြောင့် ဗြိတိန်က အခု ဒေဝါလီ ခံရတော့မယ် ဆို၊ ဒီလို အနေအထားမှာ ဒီလုပ်ငန်းတခု
အတွက်နဲ့ တန်ဖိုးရှိလှတဲ့ ပစ္စည်းတွေ ဖြုန်းတီးပစ်မှာတဲ့လား"



ဟစ်တလာက ပြောရင်း ဂိုရင်းအား စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး "ဒါ့အပြင် လက်ရှိ အနေအထားမှာ ရန်သူဖက်က လေကြောင်းအင်အား အသာစီး ရနေတယ်လို့ ကျုပ်တို့ဖက်က ယူဆထားပြီးသား"



ထို့နောက် ဗိုဂဲလ် ဖက် ပြန်လှည့်လာပြီး "မောင်ရင်မှာ နောက်ထပ် သီအိုရီတခု ရှိနေသေးလား ကက်ပတိန် ဗိုဂဲလ်"



"ရှိနေပါတယ် ဖူးဟား၊ ဒီသီအိုရီကလည်း လူနည်းစု
လောက်ပဲ သဘောတူ ထားတာပါ၊ ပမာဏ အဆင့်ပဲ ရှိသေးတာမို့ နောက်ထပ် သုံးသပ် အတည်ပြုစရာတွေ ကျန်နေပါသေးတယ်"



"ပြောမှသာ..ပြောစမ်းပါ" ဟု ဟစ်တလာက စိတ်မရှည် သံ ဖြင့် ပြောလိုက်သည်။



"ကျွန်တော်တို့ထဲက ပညာရှင် တယောက်ကတော့ ရေထဲကို မြုပ်ထားဖို့ လုပ်နေတာကြောင့် ဆိပ်ကမ်းအတု တခု တည်ဆောက်ဖို့ ဖြစ်နိုင်တယ်လို့ သုံးသပ်ထားတာ ရှိပါတယ်၊ ဒီအတွက် ဗြိတိန်မှာပဲ ဆောက်နေပြီး၊ ပြီးတာနဲ့ ရေလက်ကြားကို ဖြတ် ဆွဲယူလာပြီး
ကမ်းတက်တိုက်ပွဲ စစချင်း ပဲ ပြင်သစ် ကမ်းရိုးတန်းတလျောက် ချထားလိမ့်မယ်ဆိုပြီး ယူဆထားပါတယ်"


ဟစ်တလာ စိတ်ထဲ ဇဝေဇဝါ ဖြစ်သွားပုံရပြီး ခေါက်တုန့် ခေါက်ပြန် လမ်းလျှောက်နေသည်။ "ဆိပ်ကမ်းအတု ဟုတ်လား၊ အဲ့တာမျိုး လုပ်လို့ ရလား"


ဟင်းမလားက ချောင်းတချက် အသာ ဟန့်လိုက်ပြီး
"ကက်ပတိန် ဗိုဂဲလ် ရဲ့ အေးဂျင့် ပေးလာတဲ့ သတင်းတွေကို ကြည့်ပြီး ကျွန်တော်တို့ဆီက ပညာရှင်တွေက တလွဲ အဓိပ္ပါယ် ဖွင့်နေကြတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်၊ ဆိပ်ကမ်းအတု ဆောက်ဖို့ ဆိုတာ
အတော်လေး အလှမ်းကျယ်လွန်းလှတယ်လို့ ထင်ပါတယ်၊ ဖြစ်ဖို့ လည်း ခဲယဉ်းပါတယ်"



"မဟုတ်သေးဖူး ဟား ရိုက်ခ်ျ ဖူးဟား၊ ဒီနေရာမှာ ကက်ပတိန် ဗိုဂဲလ် အပြောအရ ဆိုရင် တခုခု တော့ တခုခုပဲ၊ ဆိပ်ကမ်းအတု၊ ဒီအတိုင်း မှန်မယ်ဆိုရင်
ဒါ ရူးသွပ်နေတဲ့ ချာချီ ဆိုတဲ့ ကောင်ကြီးရဲ့ မောက်မောက်မာမာ နဲ့ အရဲစွန့် လုပ်ဖို့ အတင်း ကြံစည်နေတာပဲ ဖြစ်ရမယ်၊ သူ့ ခြေရာလက်ရာတွေပဲ ဆိုတာ ကြိမ်းသေတယ်"


"ဖူးဟား ခင်ဗျား" ဟု ဗိုဂဲလ် က မရဲတရဲ ဖြင့် စကား စလိုက်သည်၊ လောလောဆယ်တော့ ကွန်ကရိတုံးကြီး တွေဟာ ဆိပ်ကမ်းအတု အတွက် ဆိုတဲ့ အယူအဆ ပဲ ဖြစ်နိုင်ခြေ ရှိနေပါတယ်၊ ဒါပေမယ့် အခု ပထမဦးဆုံး ရလာတဲ့ အချက်အလက်တွေ ကို ကြည့်ပြီး ဒါကို အလေးအနက် သိပ်မထားဖို့ သတိပေးလို ပါတယ်"


"မဟုတ်သေးဘူး ကက်ပတိန် ဗိုဂဲလ်၊ မောင်ရင် ခုန ပြောတဲ့ သီအိုရီကြောင့် ကျုပ် အတော် စိတ်ဝင်စားသွားတယ်၊ ကဲ...ဟုတ်တယ်လို့ သဘောထားပြီး ဘာဖြစ်လာမလဲ ဆိုတာ ဆက်ဆွေးနွေးကြည့်ရအောင်၊ အကယ်၍ ရန်သူဖက်က ဆိပ်ကမ်းအတုလို ဟာမျိုး တည်ဆောက်ပြီး အသေးစိတ် ပြင်ဆင်လာကြမယ် ဆိုရင် ဘယ်မှာ ထားမှာတုန်း၊ ကဲ..ဗွန် ရွန်းစတက် ခင်ဗျား အရင် စပြော"



အသက်အရွယ် ရနေပြီ ဖြစ်သော ဖီးမာရှယ် ကြီးသည် မြေပုံကားချပ် ရှိရာသို့ ထလာသည်။ ထို့နောက် သူ၏ အဆောင်အယောင် တုတ်တိုဖြင့် တနေရာကို‌ ထောက်လိုက်ပြီး "၁၉၄၂ ခုနှစ်တုန်းက ရန်သူဟာ ဒီအက်ပ် Dieppe ကို တိုက်တာ အရေးနိမ့်သွားခဲ့ဖူးတော့ သူတို့အနေနဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ သင်ခန်းစာ တခု ကောင်းကောင်းရသွားလောက်ပြီ ဆိုတာ မေ့ထားလို့ မဖြစ်ဘူး၊ အဲ့ဒီတုန်းက ရန်သူရဲ့ အဓိက ရည်မှန်းချက်က ဖြစ်နိုင်သမျှ အမြန်ဆုံး နည်းနဲ့ ဆိပ်ကမ်းတခု ကို သိမ်းပိုက်ပြီး သုံးလို့ ရအောင် လုပ်ဖို့ပဲ၊ ဒါပေမယ့် မအောင်မြင်လိုက်ဘူး ဆိုတာ အားလုံးသိပြီးသား၊ ဘာ ပြဿနာ ဖြစ်လာလဲဆိုတော့ ကျွန်တော်တို့ဖက်က သူတို့ကို
ဆိပ်ကမ်းတခု သုံးလို့မရအောင်ကို အတတ်နိုင်‌ဆုံး ထိန်းထားမယ်၊ ဘယ်လိုမှ ထိန်းလို့ မရတဲ့ အဆုံးကျ
ဖျက်ဆီးပစ်မယ်ဆိုတာ ရန်သူက ကောင်းကောင်း ရိပ်စားမိနေပြီ"



"ဒီတော့ ရန်သူဖက်က ဆိပ်ကမ်းတခုကို မြန်နိုင်သမျှ အမြန်ဆုံး သုံးလို့ရအောင် ဗြိတိန်မှာ တည်ဆောက်ကောင်း တည်ဆောက်နေမယ်ဆိုတာ ကျွန်တော့် သဘောအရတော့ ဖြစ်နိုင်ခြေ ရှိတဲ့အပြင် အဓိပ္ပါယ်လည်း ရှိနေပါတယ်၊ အဲလို လုပ်နေလား ဆိုတာ အတိအကျ ပြောနိုင်ဖို့ ကက်ပတိန် ဗိုဂဲလ် နဲ့ သူရဲ့
လုပ်ဖေါ်ကိုင်ဖက် ‌တွေ မှာ ခုထိ လက်ဆုပ်လက်ကိုင် ပြနိုင်မယ့် သက်သေ အထောက်အထားလည်း မရှိသေးဖူး ဆိုတော့ ရန်သူဟာ ကလေ့စ် ကို တိုက်လာလိမ့်မယ်လို့ပဲ ကျွန်တော် ယုံကြည်ထားဆဲ ဖြစ်ပါတယ်၊ ကလေ့စ်ကို တိုက်ဖို့ဆိုတာ စစ်ရေးအရရော၊ မဟာဗျူဟာအရပါ တွက်မယ်ဆိုရင် ဖြစ်နိုင်ခြေ အများ ဆုံး ရှိနေပါတယ်၊ ဒါကို ကျွန်တော်တို့ ဘယ်နည်းနဲ့မှ လစ်လျုရှုလို့ မရပါဘူး"



ဟစ်တလာက ဂရုတစိုက် နားထောင်နေပြီး၊ စကားဆုံးသည်နှင့် "ကဲ...ကက်ပတိန် ဗိုဂဲလ် ကကော ဖီးမာရှယ်ရဲ့ သုံးသပ်ချက်ကို ဘာများ ပြောချင်သေးလဲ"




ဗိုဂဲလ်က မော့ကြည့်လိုက်၍ သူ့ကို စိုက်ကြည့်နေသော ဗွန် ရွန်စတက်၏ အေးစက်သော မျက်လုံးများ နှင့် သွားဆုံမိသည်။ ဗိုဂဲလ်သည် သူ့အနေနှင့် စကားကို အလွန် သတိထားပြီး ပြောရတော့မည် ဆိုသည်ကို ရိပ်စားမိနေပြီ ဖြစ်သည်။