ရုရှား၏ ငွေမည်းများ အဘယ်ကြောင့် ဗြိတိန်တွင် အမြောက်အများ ရောက်နေရသနည်း

by Hla Soewai - Feb 09 2022

ယူကရိန်း ပြဿနာ ဖြစ်လာချိန်မှစ၍ ရုရှား သမ္မတ ပူတင်၊ ကရိုနီ များ နှင့် ၎င်းတို့ နှင့် ဆက်နွယ်နေသော ကုမ္ပဏီများအပေါ် အနောက်နိုင်ငံ များမှ နည်းလမ်းပေါင်းစုံ ဖြင့် ဒဏ်ခတ် အရေးယူသွားမည် ဆိုသော ခြိမ်းချောက်မှု များ ထွက်ပေါ်လာခဲ့သည်။ ဗြိတိန်ကလည်း နိုင်ငံ၏ စီးပွားရေး ထဲတွင် ဝင်ရောက် စီးမျော လိုက်ပါနေသော ငွေမည်းဟု ယူဆရသော ရုရှား ငွေကြေးများ အား ဖေါ်ထုတ် အရေးယူ သွားမည်ဟု ထပ်မံ ကြွေးကျော်လာခဲ့သည်။



လန်ဒန်သည် ကာလကြာမြင့်စွာ ကပင် ရုရှား မီလျံနာများ၏ ကစားကွင်း ဖြစ်နေခဲ့သည်။ ကမ္ဘာ ဘဏ္ဍာရေး အကျပ်အတည်း ကြီး ဖြစ်ပွားလာခဲ့ပြီး
နောက်တွင် ဗြိတိန်သည် ပြည်ပ မှ အရင်းအနှီးများ ရရှိအောင် နိုင်ငံတွင်း ရင်းနှီး မြုပ်နှံလာပါက နေထိုင်ခွင့် ဗီဇာများ ထုတ်ပေးမည်ဟု  ဆွဲဆောင်လာခဲ့ချိန်တွင် တော့ ရုရှားတို့ ငွေထုတ်ပိုက်၍ လန်ဒန်သို့ တဖွဲဖွဲ ရောက်ရှိလာခဲ့ကြသည်။



Transparency International ခေါ် ကမ္ဘာ အကျင့်ပျက် ခြစားမှူ ဖေါ်ထုတ်ရေး အဖွဲ့ကြီးက လန်ဒန် ရှိ အိမ်‌ခြံမြေ များတွင် ရုရှားတို့ ဝင်ရောက်မြုပ်နှံထားသည့် တန်ဖိုးသည် ဒေါ်လာ ၂ ဘီလီယံခန့် ရှိနေပြီး ပိုင်ဆိုင်မှု များကို အခွန် ကင်းလွတ်ခွင့် ပြုထားသည့် နိုင်ငံများ ရှိ အခွံချည်း သက်သက်သာ ရှိသော ကုမ္ပဏီ များ မှတဆင့် ထိန်းချုပ်ထားသည်။



အိမ်ခြံမြေများ အပြင် ရုရှား အခွင့်ထူးခံများသည် ဗြိတိသျှ ဘော်လုံးအသင်းများ နှင့် သတင်းစာများကိုလည်း ပိုင်ဆိုင်ထားကြပြန်သည်။ တက္ကသိုလ် ကျောင်းတိုက်ကြီးများသို့လည်း ငွေကြေးများ ထည့်ဝင်၍ ၎င်းတို့၏ အမည်များကို မှည့်ခေါ်စေခဲ့သည်။ သားသမီးများအားလည်း ကောင်းပေ့ညွန့်ပေ ဆိုသော ကျောင်းများသို့ စေလွှတ်ခဲ့ကြပြီး နိုင်ငံရေး ပါတီများ (အများအားဖြင့် ကွန်ဆာဗေးတစ်ပါတီ) သို့ အလှုငွေများ ထည့်ဝင်ပြီး ချည်းကပ်ထားကြသည်။



ထို့ပြင် ဗြိတိသျှ ဥပဒေ အကျိုးဆောင် ‌ကုမ္ပဏီကြီးများ၊ လူထု ဆက်ဆံရေး ကုမ္ပဏီကြီးများ နှင့် ငွေမဲ ခဝါချ သည့် လုပ်ငန်း များ လုပ်ကိုင်နေသည်ဟု သံသယ ရှိသော ကုမ္ပဏီ များ၏ အဓိက ဖေါက်သည်များလည်း ဖြစ်လာသည်။


လန်ဒန်တွင် လာရောက် ရင်းနှီးမြုပ်နှံ နေထိုင်ကြသည့် ရုရှား အခွင့်ထူးခံများသည် အပြင်ပန်းအားဖြင့် တရားဝင် လုပ်ငန်းများ လုပ်ကိုင်နေကြသော်လည်း နောက်ကွယ်တွင်မူ ငွေကြေး ခဝါချမှူများ ရှိနေကြောင်း အားလုံးက ရိပ်စားမိကြပြီး ဖြစ်သည်။


၂၀၂၀ တွင် တင်သွင်းသော ဗြိတိသျှ ပါလီမန် ထောက်လှန်းရေး ကော်မတီ အစီရင်ခံစာတွင် လန်ဒန်သည် ရုရှားတို့ အတွက် Laundromat ခဝါဆိုင်ကြီး ဖြစ်လာနေပြီဟု ပါရှိလာခဲ့သည်။


နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများက ပူတင် နှင့် ပတ်သက်နေသော ရုရှား အခွင့်ထူးခံ များ၏ ဗြိတိန် တွင် ပိုင်ဆိုင်နေမှု များသည် ရုရှား အတွက် Achilles Heel ဖြစ်နေသည်ဟု ထောက်ပြခဲ့သည်။


ဗြိတိန် တွင် ၂၀၁၇ ခုနှစ်က ပြ‌ဋ္ဌာန်းခဲ့သော Unexplained Wealth Orders အရ မိမိတို့ ဝင်ငွေ မည်သို့မည်ပုံ ရရှိထားသည်ကို အထောက်အထား မပြနိုင်ပါက သိမ်းယူခွင့် ရှိသည်၊ ယခုထိ အဆိုပါ ဥပဒေ ဖြင့် သိမ်းယူရန် အမိန် လေးခုသာ ထုတ်ပြန်နိုင်ခဲ့ပြီး တခုတလေမျှ ပူတင် နှင့် ပတ်သက်နေသူများ မပါဝင်ခဲ့ပေ။


သို့သော် ၂၀၁၈ တွင် ဆာလီဗြူရီ ရှိ ရုရှား သူလျိုဟောင်း တဦး ဖြစ်သည့် Sergei Skripal အား အဆိပ်ခတ်မှု ကြီး ဖြစ်ပွားလာပြီးနောက်တွင် ဗြိတိသျှ အစိုးရက ရုရှား တို့ အပေါ် အနည်းငယ်ပို၍
တင်းကျပ်လာခဲ့သည်။



အဓိက ပစ်မှတ် အဖြစ် ချဲလ်ဆီး ဘောလုံး အသင်း ပိုင်ရှင် မစ္စတာ အာဗရမ်နိုဗစ်ခ်ျ ကို အာရုံစိုက်လာခဲ့ကြသည်။ ဗြိတိန်မှ ၎င်း၏ ဗီဇာကို သက်တမ်းတိုးပေးရန် အချိန်ဆွဲလာခဲ့သဖြင့် နောက်ဆုံးတွင် အစ္စရေး နိုင်ငံသား အဖြစ် ခံယူခဲ့သည်။



ယခုအချိန် သည် ဗြိတိသျှ အစိုးရသည် အလုပ်နှင့် သက်သေပြနိုင်မှု အားနည်းနေဆဲပင် ဖြစ်သည်။ ဘဏ္ဍာရေး ဌာန နှင့် အစိုးရ ရှေ့နေများသည်လည်း လူအင်အား ငွေအင်အား မလုံလောက်၍ စီးပွားရေး ရာဇဝတ်မှု များ နှိမ်နှင်းရေးတွင် ထင်တိုင်း မပေါက် ဖြစ်လာနေရသည်။


ဤသည်ကလည်း ဘရက်ဆစ် နှင့် ကိုဗစ် အရေးများကြောင့် ဦးစားပေး အဆင့်မှ လျော့ကျသွားခဲ့ခြင်း
ပင် ဖြစ်သည်။


ကိုးကား - "Why does so much dodgy Russian money end up in Britain? From the Economist (Feb 4th 2022)