D-Day နောက်ကွယ်မှ သူလျို မဟုတ်သော သူလျိုများ (၁၁၇)

by Hla Soewai - Feb 11 2022

"ဗိုလ်ချုပ် ကနယ်ရစ် က အမျိုးသမီး တွေကို အေး
ဂျင့် အဖြစ် ယုံယုံကြည်ကြည် သုံးလေ့မရှိဘူး လို့ ကျုပ် အမြဲလို ထင်ထားခဲ့တာကလား၊ အမျိုးသမီးတွေက စိတ်ခံစားမှု ကို ရှေ့တန်းတင်လွန်းပြီး ဓမ္မဓိဌာန်ကျကျ တွေးခေါ်မှု အားနည်းတယ်ဆိုပြီး
လျို့ဝှက် လုပ်ရမယ့် လုပ်ငန်းတွေ နဲ့ မဖြစ်ဘူးလို့ ယုံကြည်ထားတဲ့ လူတယောက်"



"အခု လက်ရှိ အေးဂျင့်က ဒီလိုမျိုး ချို့ယွင်းချက်တွေ မရှိဘူးလို့ ကျွန်တော် အာမခံနိုင်ပါတယ် ဟား
ရိုက်ခ်ျ ဖူးဟား ခင်ဗျာ"



"ရန်သူ စည်းဝိုင်းထဲကို အမျိုးသမီး အေးဂျင့် တယောက် ထည့်တာကို ကျုပ်ကိုယ်တိုင်လည်း သဘောမတွေ့လှဘူး ဆိုတာ ဝန်ခံရတော့မှာပဲ၊ အရင်တုံးကလည်း SOE က ပြင်သစ်ထဲကို ဒီလိုပဲ အမြဲ လွှတ်နေကျ၊ ဘာဖြစ်လဲဆိုတော့ သူတို့ အဖမ်းခံရရင် ရန်သူက အမျိူးသမီးဆိုပြီး မညှာဖူး၊ အမျိုးသားတွေ နဲ့ တန်းတူထားပြီး နှိပ်စက်ခဲ့ကြတာချည်းပဲ၊ အမျိူသမီး တွေ အဲ့လို အဖြစ်ရောက်အောင် တွန်းပို့နေတာကိုက စိတ်မကောင်းစရာပေပဲ"။ ဟင်းမလားက ပြောလက်စ စကားကို ခဏ ရပ်လိုက်ပြီး လေအေး
တချက် ကို တဝကြီး ရှုသွင်းလိုက်ပြန်သည်။



"ဗိုလ်ချုပ် ကနယ်ရစ်က  ရှိနေတဲ့ကြားက မောင်ရင် အောင်မြင်အောင် လုပ်နိုင်ခဲ့တဲ့ အတွက် ပိုပြီးတော့တောင် ချီးကြူးရဦးမယ်"


"ဟား ရိုက်ခ်ျ ဖူးဟား ဘာဆိုလိုမှန်း ကျွန်တော် မရှင်းဘူး ဖြစ်နေတယ်"



"ဆိုလိုတာကတော့ အပ်ဗဲယားမှာ ဗိုလ်ချုပ် ကနယ်ရစ် ဆက်နေရမယ့် ရက်‌တွေက လက်ချိုးရေတွက်လို့ ရနေပြီ၊ သူရဲ့ လုပ်ဆောင်ချက်တွေ အပေါ် ကျုပ်တို့ သဘောမကျ ဖြစ်လာနေတာ အတော်ကြာပြီ၊ အရည်အချင်း မရှိဘူးလို့ အနည်းဆုံး ပြောလို့ရတယ်၊ နောက်တချက်က ကျုပ် သံသယ ရှိနေတာသာ မှန်မယ်ဆိုရင် သူဟာ ဖူးဟား အပေါ်လည်း သစ္စာဖေါက်နေတယ် ဆိုတာပဲ"



"ဟား ရိုက်ခ်ျ ဖူးဟား..ဒါတွေ ကျွန်တော် မသိ....."


ဟင်းမလားက သူ့စကားကို အဆက်မခံပဲ လက်ကာပြလိုက်သည်။


"မောင်ရင့်အနေနဲ့ ဗိုလ်ချုပ် ကနယ်ရစ်အပေါ် အတိုင်းအတာ တခုအထိ သစ္စာစောင့်သိရမယ်လို့ ခံယူထားတာ ကျုပ်သိပါတယ်၊ မောင်ရင် အခုလို
အပ်ဗဲယား မှာ ချက်ခြင်းလို ရာထူး တွေ တဆင့်ပြီး တဆင့် တက်လာတာလည်း သူ့ကြောင့်ကိုး၊ မောင်ရင် အခု သူနဲ့ ပတ်သက်ပြီး ဘာပဲ ပြောလာ ပြောလာ ကျုပ်ရဲ့ သူ့အပေါ် ယူဆထားချက်က ပြောင်းမှာ မဟုတ်ဘူး၊ ပညာရှိ သတိဖြစ်ခဲ သဘောနဲ့ အကြံတခု
တော့ ပေးချင်တယ်၊ ရေနစ်တဲ့ လူကို ဆယ်ဖို့ ကြုံလာရင် သတိထားပါ ဆိုတာပဲ၊ အဲ့လို လူမျိုးက ကိုယ့်ပါ
ဆွဲချ သွားနိုင်လို့ပဲ"



ဗိုဂဲလ်က ဘာစကားမှ ဆက်မပြောနိုင်လောက်အောင်
ဆွံ့အသွားခဲ့သည်။ ခွေးဟောင်သံ တဖြေးဖြေး နှင့် သဲ့သဲ့သာ ကြားလာရပြီး တဖြေးဖြေး တိတ်ဆိတ်သွားတော့သည်။ တိုက်နေသော လေ က အရှိန်ပြင်းလာသဖြင့် မြေပြင်ပေါ်ရှိ နှင်းများ လွင့်ပျံ့ထွက်လာနေသဖြင့် လမ်းကိုပင် သဲသဲကွဲကွဲ မမြင်ရတော့၊
ဗိုဂဲလ်လည်း မိုင်းများ ချထားသည့် နေရာသို့ ရောက်လာပြီးလားဟုပင် တွေးမိလာသည်။ နောက်ကို ပြန်လှည့်ကြည့်လိုက်ရာ SS သက်တော်စောင့် နှစ်ယောက်က သူတို့ နောက် မလှမ်းမကမ်းမှ လိုက်လာနေသည်ကို တွေ့လိုက်ရသည်။


ဟင်းမလားက "အခုပဲ ဖေဖေါ်ဝါရီ လထဲ ရောက်လာနေပြီ၊ ဒီလကုန်တာနဲ့ သူ့ကို ရာထူးက ဖယ်ရှားပစ်ဖို့က အတော်လေးကို ကြိမ်းသေနေပြီ၊ အဲ့ကျရင် ကျုပ် အနေနဲ့က အပ်ဗဲယား အပါအဝင် ဂျာမဏီ မှာ ရှိတဲ့ လုံခြုံရေး နဲ့ ထောက်လှန်းရေး အေဂျင်စီ တွေအားလုံး ကျုပ် လက်အောက်မှာပဲ တစည်းတရုံးထဲ ထားဖို့ ရည်ရွယ်ထားတယ်"


အပ်ဗဲယားသာ ဟင်းမလား လက်အောက် ရောက်သွားပါက လွန်စွာ ရယ်ဖွယ် ကောင်းမည့် အဖြစ်ပင်၊ အလေးအနက် ပြောနေတာ မဟုတ်ပါစေနဲ့ဟု ဗိုဂဲလ်
ဆုတောင်းလိုက်မိသည်။


"မောင်ရင် က အ‌တော့်ကို အရည်အချင်းနဲ့ ပြည့်ဝတဲ့ လူတယောက်ဆိုတော့ အပ်ဗဲယားမှာပဲ ဆက်ရှိစေချင်တယ်၊ ဒီတိုင်းတော့ ဘယ်ဖြစ်ပါ့မလဲ၊ ရာထူးကိုလည်း သိသိသာသာ တိုးပေးရပေမပေါ့"



"ကျေးဇူးပါ ဟား ရိုက်ခ်ျ ဖူးဟား" ဟု ပြောလိုက်သည့် စကားသည် အခြားတယောက်ယောက်က သူ့အစား ဝင်ပြောပေးသလို ခံစားလိုက်ရသည်။


"အတော်လေး အေးလာပြီပဲ၊ ပြန်လှည့်မှ ဖြစ်တော့မယ်"


သူတို့လည်း နောက်က လိုက်လာသည့် အစောင့်များကို ဖြတ်လာခဲ့သည်၊ အစောင့်များလည်း သူတို့နှစ်ယောက် စကား ပြောနေသံများ မကြားရလောက်သည့် နေရာ ရောက်မှ နောက်က ပြန်လိုက်လာကြသည်။


"လန်ဒန်က အေးဂျင့်ကို ပြန်ခေါ်မထုတ်ပဲ ဒီတိုင်း ဆက်ထားဖို့ သဘောတူညီမှု ရခဲ့တာကို ကျုပ် အတော် ဝမ်းသာမိတယ်၊ အခုလို အချိန်မျိုးမှာ အလုပ်သင့်ဆုံးပဲ၊ နောက်တချက်က ‌ကိုယ်ရဲ့ ဆုံးဖြတ်ချက်ကို ပုဂ္ဂလိက ခံစားချက်က ဖုံးလွှမ်းသွားတာမျိုး အဖြစ်မခံတာ အကောင်းဆုံးပဲ
ဟား ဗိုဂဲလ်"


ဗိုဂဲလ် က လျှောက်နေသည့် ခြေလှမ်းများကို ရပ်လိုက်ပြီး ဟင်းမလား၏ အသက် မပါလှသော မျက်လုံးအစုံကို စိုက်ကြည့်လိုက်ရင်းက "ဘာကို ဆိုလိုတာလဲ ခင်ဗျ" ဟု မေးလိုက်သည်။



"ကျုပ်ကို အရူးတယောက်လိုတော့ သဘောမထားစေချင်ဘူး၊ ဘရီးဂိတ်ဖူးဟား ရှလင်းဘတ်က ပြီးခဲ့တဲ့ အပတ်ထဲတုန်းက ကိစ္စတခုနဲ့ မက်ဒရစ် ကို ရောက်သွားတော့ ‌အဲ့ဒီမှာ မောင်ရင့် ရဲ့ မိတ်ဆွေ နဲ့ ဆုံဖြစ်ခဲ့တယ်၊ အီမီလီယို ရိုမီယိုလေ၊ ဆီ‌ညှော် ရိုမီယိုက
မောင်ရင်ရဲ့ တန်ဖိုး အထားဆုံး အေးဂျင့် အကြောင်း အကုန်ပြောပြခဲ့တယ်"


ဗိုဂဲလ် က အီမီလီယို သည် ရှလင်းဘတ်လို လူမျိုးကို အကုန် ဖွင့်ပြောလိုက်သည်ကို စိတ်ထဲက ကျိန်ဆဲနေမိသည်။ ဟင်းမလားကိုလည်း သူနှင့် မဆိုင်သည့် ကိစ္စများ တွင် ဝင်စပ်စုနေမှုကိုလည်း အ‌တော်လေး ခံပြင်းသွားမိပြန်သည်။


နောက်က လိုက်လာသော SS အစောင့်များက အခြေအနေ တင်းမာလာပုံကို ရိပ်စားမိဟန် ရှိသည်၊ ရှေ့သို့ မသိမသာ တိုးလာခဲ့ကြသည်။



"ဒီအမျိုးသမီးက အတော်လေး လှတယ်လို့လည်း သိလိုက်ရတယ်၊ ဒီလို မိန်းမမျိုးကို လက်လွတ်စပယ် ဘယ်လုပ်ချင် ပါ့မလဲ၊ သူ့ကို ဒီ ပြန်ခေါ်ပြီး တနေရာမှာ လူမသိ သူမသိ ဖွက်ထားချင်ပေမပေါ့၊ ဒါပေမယ့် ကျုပ် ပြောမယ်၊ သူ့ကို အင်္ဂလန်မှာပဲ ဆက်ထားရမယ်၊ ရှင်းပါတယ်နော် ကက်ပတိန် ဗိုဂဲလ်"



"ရှင်းပါတယ် ဟား ရိုက်ခ်ျ ဖူးဟား"


"ရှလင်းဘတ်မှာလည်း ချို့ယွင်းချက်တွေ ရှိနေတာပဲ၊ အဲ့တာ ဘာ‌ ‌တွေလဲဆိုတော့ မောက်မာတယ်၊ ကြွားကြွားဝါဝါ လုပ်တတ်တယ်၊ ပြီးတော့ အပြာ ဓါတ်ပုံ တွေကို စွဲစွဲလမ်းလမ်း သိမ်းထားတာမျိုး တွေပဲ၊ ဒါပေမယ့် သူက ပါးရည်နပ်ရည် ရှိတယ်၊ လုပ်ရည်ကိုင်ရည် နဲ့ ပြည့်စုံတဲ့ ထောက်လှန်းရေး အရာရှိတယောက်၊ နောက်ပိုင်း မောင်ရင် သူနဲ့ အတူ တွဲလုပ်တဲ့ အခါကျ သဘောကျလာမှာ"




ဟင်းမလားက ပြောပြောဆိုဆို နှင့် ရုတ်ခြည်းလှည့်
ထွက်သွားသည်။ ဗိုဂဲလ် တယောက်သာ အအေးကြီးထဲတွင် တုန်တုန်ခိုက်ခိုက်ဖြင့် ကျန်ခဲ့တော့သည်။


*****************


ဗိုဂဲလ် ကားဆီ ပြန်ရောက်လာသည့် အခါ အသင့်စောင့်နေသော ကနယ်ရစ်က "မောင်ရင် ဘာဖြစ်လာလဲ၊ မျက်နှာလည်း မကောင်းပါလား" ဟု ဆီးမေးလိုက်သည်။ "အေးကွာ...ငါလည်းပဲ ကြက်ခြံ သမားနဲ့ စကားပြောပြီးတိုင်း အဲ့လို ဖြစ်ခဲ့တာချည်းပဲ၊ အေး...တခုတော့ ရှိတယ်ကွ၊ မျက်နှာ အမူအယာ မပျက်အောင် ထိန်းတဲ့ နေရာမှာတော့ မောင်ရင့်ထက်
သာတယ် ပြောရမှာပဲ"



ကားဘေးမှ ကုတ်ခြစ်သံလိုလို ကြားလိုက်ရ၍ လှည့်ကြည့်လိုက်သည့်အခါ ကနယ်ရစ်က တံခါး ဖွင့်ပေးလိုက်၍ ခွေး နှစ်ကောင်စလုံး အထဲသို့ ခုန်ဝင်လာပြီး ဗိုဂဲလ် ခြေထောက်နားတွင် လှဲအိပ်လိုက်ကြသည်။ ကနယ်ရစ်က ရှေ့က ‌ကာထားသောမှန်ကို လက်နှင့် ခေါက်လိုက်ဖြင့် ကားသည် ဂိတ်တံခါးရှိရာသို့ မောင်းထွက်လာခဲ့သည်။ ဗိုဂဲလ်လည်း နောက်တွင် ကျန်ခဲ့သော အိမ်ကြီးကို ကြည့်ကာ တဖြေးဖြေး နှင့် စိတ်သက်သာရာ ရလာခဲ့တော့သည်။


"တပ်ကြပ် ကောင်လေးက ဒီည တော့ မောင်ရင် လုပ်ခဲ့တာတွေ အတွက် ကျေနပ်ပြီး ကျန်ခဲ့လေရဲ့" ဟု ပြောလိုက်သော ကနယ်ရစ် အသံတွင် ရွံရှာမှုများ ရောပြွမ်းနေသည်။ "ဒါနဲ့ ဟင်းမလားကကော၊ မောင်ရင်နဲ့ လမ်းလျှောက်နေတုံး ငါ့နောက်ကြောများ ဓါးနဲ့ ထိုးဖို့ ကြံနေတာ ပြောသေးလား"


"ဟား ဗိုလ်ချုပ်..... "



ကနယ်ရစ်က ‌ရှေ့ကို ကိုင်းပြီး ဗိုဂဲလ် ပုခုံးပေါ် လက်တင်လိုက်သည်၊ ပြာလဲ့‌ နေသော သူ့မျက်လုံး အစုံတွင် ဗိုဂဲလ် တခါဖူးမျှ မမြင်ဖူးခဲ့သည့် အကြည့်တမျိုးကို တွေ့လိုက်ရသည်။


"အစစ အရာရာ သတိထား ကပ်၊ မောင်ရင် အခု အလွန် အန္တရာယ်များတဲ့ ကစားပွဲမျိုး ကစားနေရပြီ ဆိုတော့" ဟု ပြောရင်း နောက်သို့ ပြန်မှီကာ မျက်လုံးများကို မှိတ်လိုက်သည်၊ ချက်ခြင်းဆိုသလိုပင် အိပ်မောကျသွားတော့သည်။


*****************************