D-Day နောက်ကွယ်မှ သူလျို မဟုတ်သော သူလျိုများ (၁၁၈)

by Hla Soewai - Feb 13 2022

အခန်း (၃၉)

LONDON


ဗီကာရီ တို့ စစ်ဆင်ရေး ၏ လျို့ဝှက် အမည်ကို "ပါတီပွဲကြီး" ဟု အမည်ပေးထားသည်၊ မည်သူက မည်သည့် အတွက်ကြောင့် ထိုသို့ ပေးခဲ့ခြင်း ဆိုသည်ကိုလည်း ဗီကာရီ မသိ၊ စစ်ဆင်ရေး သည် ကြီးမားကျယ်ပြောပြီး ရှုပ်ထွေးနိုင်သည့် သဘောရှိသဖြင့် ဗီကာရီ အဖို့ စိန့်ဂျိမ်း လမ်းရှိ MI-5 ဌာနချုပ် မှ နေ၍ ကြီးကြပ်ကွပ်ကဲဖို့က မဖြစ်နိုင်တော့ပေ၊ ထို့အတွက် ကွပ်ကဲရေး စခန်း အဖြစ် ဝက်စ် ဟော်ကင် လမ်းရှိ ခြံနှင့် ဝင်းနှင့်  ခန့်ခန့်ညားညား ရှိပုံရသည့် နှစ်ထပ်တိုက် တလုံးကို ရွေးချယ်ခဲ့သည်။


ဧည့်ခန်းအားလည်း တယ်လီဖုန်းများ၊ ဝိုင်ယာလက်စ် စက်များ တပ်ဆင်လိုက်ပြီး ကွပ်ကဲရေး ရုံးခန်း အဖြစ် အသွင်ပြောင်းပစ်ကာ လန်ဒန် မြို့ ပြ မြေပုံကားချပ် ကြီးကိုလည်း နံရံပေါ်တွင် ပင်အပ် နှင့် တွဲထားလိုက်သည်။ အပေါ်ထပ် စာကြည့်ခန်းကိုတော့ သူ နှင့် ဟာရီ တို့ နှစ်ယောက်၏ သီးသန့် ရုံးခန်း အဖြစ် ယူလိုက်ကြသည်။ စောင့်ကြည့်ရန် တာဝန်ပေးထားသူ များ နှင့် မီးဖိုဆောင် အတွက် အစားအသောက် ဖြည့်တင်းပေးရမည့် လူများ အား နောက်ဖေးပေါက်မှ ဝင်ထွက်ရန် သတ်မှတ်ပေးခဲ့သည်။ အချက်အပြုတ် အတွက် လက်နှိပ်စက် စားရေးမများက လိုလိုလားလားပင် တာဝန်ယူခဲ့ကြသည်။ ညနေစောင်းမှ ရောက်လာသော ဗီကာရီ ပင် မီးဖိုချောင်ရှိ မီးဖိုပေါ်မှ ‌အငွေ့တထောင်းထောင်းနှင့် မွှေးပျံ့စွာ ထွက်လာသည့် ပေါင်မုန် မီးဖုတ်နှင့် ဝက်သားကျပ်ကင် အနံ့ကြောင့် ကြက်သေ သေသွားခဲ့ရသည်။



စောင့်ကြည့်ရမည့် သူတဦးက သူ့အား အပေါ်ထပ် စာကြည့်ခမ်း ရှိရာသို့ ခေါ်လာခဲ့သည်။ မီးလင်းဖိုမှ မီးသွေးနံ့ ရနေသည်။ အခန်းထဲရှိ လေသည် ပူပြီး
ခြောက်သွေ့နေသည်။ သူလည်း ရေများနှင့် စိုရွှဲပြီး ကပ်‌နေသော မိုးကာကို ခက်ခက်ခဲခဲ ချွတ်လိုက်ပြီး အင်္ကျီချိတ်နှင့် ချိတ်ကာ တံခါးနောက်ဖက်ရှိ တန်းတွင် တင်ထားလိုက်သည်။


ကောင်မလေး တယောက်က သူ့အတွက် လ္ဘက်ရည်တခရား လာချပေးသဖြင့် ချက်ခြင်းလို ခွက်ထဲ ငှဲ့ထည့် လိုက်သည်။ ဗီကာရီ သည် ဂျော်ဒန်ကို စစ်ကြောမေးမြန်းခဲ့ပြီး နောက်ပိုင်း ကောင်းကောင်း အိပ်ခဲ့ ရခြင်း မရှိသေး၍ ပင်ပန်း နွမ်းနယ် လာပြီဖြစ်သည်။ ကားပေါ်တွင် တမှေးလောက် မှေးလိုက်ဦးမည်ဟူသော စိတ်ကူးသည်လည်း သူနှင့် အတူ စကား စမြည်ပြောရင်း လိုက်မည်ဟု ပြောလာသော ဘုသီကြောင့် ပျက်ပြယ်သွားခဲ့ရသည်။


"ပါတီပွဲကြီး" စစ်ဆင်ရေး တခုလုံးကို ဘုသီက ထိန်းချုပ်ထားသည်။ ဗီကာရီ တာဝန်က ဂျော်ဒန်ကို လိုအပ်သလို စေခိုင်းရန် နှင့် ကက်သရင်း ဘလိတ်ကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့ ဖြစ်လာသည်။ တချိန်တည်းမှာပင် သူလျိုကွန်ယက်ကြီးတွင် ပါဝင် လှုပ်ရှားနေသည့် လူအားလုံး နှင့် ဘာလင် နှင့် မည်သို့မည်ပုံ ဆက်သွယ်နေသည် ဆိုသည်ကို ဖေါ်ထုတ်ရန်လည်း ပါဝင်နေသည်။ ဘုသီသည် သူ့လူ ကိုယ့်ဖက်သား ဖြစ်လာ ရေး အကောင်အထည် ဖေါ်ရမည့် လုပ်ငန်းများကို ကြီးကြပ်နေသည့် နှစ်ဆယ်ဦး ကော်မတီအား တိုက်ရိုက် ဆက်သွယ် အစီရင်ခံရမည် ဖြစ်သည်၊ နှစ်ဆယ်ဦး ကော်မတီဟု အမည်ပေးထားခြင်းမှာလည်း Double Cross ဆိုသည့် အင်္ဂလိပ်စကားသည် ရိုမန် ဂဏန်း အက္ခရာ XX နှင့် တူညီနေသောကြောင့်ပင် ဖြစ်သည်။



ဘုသီ နှင့် နှစ်ဆယ်ဦး ကော်မတီသည် ဂျော်ဒန်၏ ဘရိဖ်ကေ့စ်ထဲ ထည့်ပေးပြီး ဂျာမန်တို့အား လမ်းလွဲ‌‌ ပေးမည့် သတင်းများကို တာဝန်ယူ ဖန်တီးပေးရမည် ဖြစ်သည်။ မည်သို့သော လုပ်ကြံ သတင်းများ လည်း ဆိုသည်ကိုတော့ ဘုသီက သူ့ကို ‌ပြောမပြခဲ့ပေ။ ဘယ်လို ရည်ရွယ် ၍ လုပ်သည်ကို ဗီကာရီက သိပြီး ဖြစ်သည်။ ဂျာမန် သူလျို ကွန်ယက် အသစ်ကြီး ရှိနေသည် ဆိုသည်ကို သူကိုယ်တိုင် ဂျော်ဒန် ကို ခြေရာခံနိုင်၍သာ ထုတ်ဖေါ်နိုင်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ သူ့အား အရံ အဖြစ် ချောင်ထိုးခဲ့ပြီး ဘုသီက တာဝန်ခံ အဖြစ် နေရာယူလာသည့်
သဘောပင် ဖြစ်သည်။


"ဘိ အသစ် ပါလား" ဟု အခန်းထဲ ဝင်ဝင်ချင်း ဟာရီက ပြောလိုက်သည်၊ သူ့အတွက် ခရားထဲမှ လ္ဘက်ရည်ကို ခွက်ထဲသို့ ငှဲ့ထည့်ပြီး နွေးသွားအောင် မီးလင်းဖိုနား ကပ်ပြီး ကျောပေးထိုင်ချလိုက်သည်။ "ဂျော်ဒန်ကော"


"အပေါ်ထပ်မှာ အိပ်နေတယ်"


"တော်တော် တုံး တဲ့ကောင်"


"အဲ့ဒါ အခု ကျုပ်တို့ရဲ့ တော်တော်တုံးတဲ့ကောင် ဖြစ်လာနေပြီ ဆိုတာ မမေ့နဲ့၊ ကဲ..ဘာတွေထူးလဲ"


"ထူးတာတော့ လက်ဗွေရာတွေပဲ"


"ဘာ"


"လက်ဗွေရာတွေလေ၊ သူရဲ့ စာကြည့်ခန်းထဲက ရလာတဲ့ ဂျော်ဒန် ဟာ မဟုတ်တဲ့ အခြား တယောက်ယောက်ရဲ့ လက်‌ဗွေရာတွေကို ပြောတာ၊ စားပွဲပေါ်တို့၊ မီးခံသေတ္တာ အပြင်ဖက်တို့မှာ တွေ့လာခဲ့တာ၊ ဂျော်ဒန် အပြောအရတော့ သန့်ရှင်းရေး လာလုပ်ပေးတဲ့ အမျိုးသမီးကို တခါမှ အခန်းထဲ အဝင်မခံဘူး ဆိုတော့ ဒီလက်ဗွေရာတွေက ကက်သရင်း ဘလိတ်ရဲ့ ဟာ တွေပဲ ဖြစ်မယ်"


ဗီကာရီသည် ခေါင်းကို ဖြည်းဖြည်းချင်း ခါရမ်းလိုက်သည်။


"ဂျော်ဒန် အိမ်ပြန်နေဖို့ အဆင်သင့် ဖြစ်နေပြီ၊ ကြွက် အီးပေါက်တာတောင် ကြားနိုင်လောက်အောင် တအိမ်လုံး အနှံ့ မိုက်ကရိုဖုန်း‌ တွေ တပ်ထားပြီးပြီ၊ အိမ်ရှေ့အိမ်က မိသားစုကိုလည်း တနေရာ ပြောင်းနေကြဖို့ ပြောပြီး ကျွန်တော်တို့ရဲ့ စောင့်ကြည့်ရမယ့် လူတွေပါ ချထားပြီးသွားပြီ၊ မြင်ကွင်း အ‌တော်ကောင်းတယ်၊ အိမ်နား ကပ်လာတဲ့ ဘယ်သူ့ကို မဆို ဓါတ်ပုံ ရိုက်ယူထားဖို့လည်း တခါတည်း မှာထားခဲ့တယ်"


"ကက်သရင်း ဘလိတ် နဲ့ ပတ်သက်ပြီးကော ဘာထူးသေးလဲ"


"သူ့ ဖုန်းနံပတ်ကို ခြေရာခံလိုက်တော့ အားလ် ကုပ် ဖက်က တိုက်ခန်း တခန်း ဖြစ်နေတယ်၊ အဲ့တာနဲ့ လမ်းတဖက်က တိုက်ခန်းတခန်း မှာ ကျွန်တော်တို့ အဖွဲ့ နေရာယူပြီးသွားပြီ"


"တော်ပါပေတယ် ဟာရီ"


ဟာရီက ဗီကာရီ အား အတန်ကြာအောင် စိုက်ကြည့်နေလိုက်ပြီး မှ "ကျွန်တော် ကို တမျိုး မထင်နဲ့နော်၊ အာစရိ ပုံ ကြည့်ရတာ ငရဲပြည်က ပြန်လာသလို ဖြစ်နေပြီ"


"ကျုပ်လည်း ဘယ်အချိန်က နောက်ဆုံး အိပ်ခဲ့လည်း ဆိုတာတောင် မမှတ်မိနိုင်အောင် ဖြစ်နေပြီ၊ မောင်ရင်ကော ဘယ်လိုလုပ် နေနိုင်နေရတာတုန်း"



"ကျွန်တော်တော့ ဘင်ဇီဒရင်း နဲ့ လ္ဘက်ရည် ကျကျ ချည်း လှိမ့်သောက်နေတာပဲ"


"အေးဗျာ..ကျုပ်လည်း အခု တခုခု စားပြီး တရေးလောက် ရအောင် မှေးလိုက်ဦးမယ်၊ မောင်ရင်ကော"


"ကျွန်တော်တော့ ဒီည အတွက် အစီအစဉ် ရှိထားပြီးသား"


"ဂရေ့စ် ကလာရင်ဒန် နဲ့လား"


"သူက ညစာ အတူစားဖို့ ခေါ်ထားတယ်၊ ကျွန်တော်တို့ နောက်အပတ်တွေထဲမှာ အားတဲ့ အချိန်ရယ်လို့ ရှိမှာ မဟုတ်တော့ အခွင့်အရေး ရတုန်း သွားမလားလို့"


ဗီကာရီက ထိုင်နေရာမှ ထလိုက်ပြီး ခွက်ထဲသို့ လ္ဘက်ရည် ငှဲ့ထဲ့လိုက်ပြန်သည်။ "ဟာရီ...မောင်ရင်နဲ့ ဂရေ့စ်တို့ ရင်းနှီးနေတာကို ကျုပ်အနေနဲ့ အခွင့်အရေး ယူတယ်လို့တော့ သဘောမထားစေချင်ဖူး၊ ဖြစ်နိုင်မယ် ဆိုရင် ကျုပ်ကို ကူညီတဲ့ အနေနဲ့ နာမည်လေး တခု နှစ်ခု လောက်ကို စာရင်းရုံး က ဖိုင်တွေထဲ ရှိမလားလို့ သူ့ကို ပြောပြီး ရှာခိုင်းလို့ ရမလား"


"ကျွန်တော် ပြောကြည့်မယ်လေ၊ ဘယ်သူတွေလဲ"


ဗီကာရီသည် လ္ဘက်ရည် ခွက်ကို ကိုင်လျက်က မီးလင်းဖို ရှေ့ ရှိ ဟာရီ ဘေးတွင် ရပ်လိုက်သည်။


"ပီတာ ဂျော်ဒန်၊ ဝေါကာ ဟာဒီဂန် နဲ့ ဘရွမ်းလို့ အမည်ပေးထားတဲ့ လူတယောက်"


************************


ဂရေ့စ် သည် အတူ အိပ်ယာ မဝင်ရသေးမီ အစားကို အရင် စားလေ့စားထ မရှိ၊ ကိစ္စပြီးသွား၍ ဟာရီသည် သူမ ကုတင်ပေါ်တွင် ပက်လက်လှဲရင်းက စီးကရက် ကို ရှိုက်ဖွာနေသည်။ ဓါတ်ပြားစက်မှ လွင့်ပျံ့လာနေသော ဂရင်း မေလာ၏ သီချင်းကို နားစွင့်‌နေပြန်သည်။ ဂရေ့စ်ကတော့ မီးဖိုထဲဝင်ပြီး စားဖို့သောက်ဖို့ ချက်ပြုတ်နေ၍ ပန်းကန်ခွက်သံများ ကြားနေရသည်။ ဆယ်မိနစ်‌လောက် အကြာတွင် အိပ်ခန်းထဲ ပြန်ဝင်လာသည်၊ ညဝတ် အင်္ကျီကို သူမ၏ သေးသွယ်သော ခါးပေါ်တွင် ပြီးစလွယ် ချည်နှောင်ထားသည်၊ လက်ထဲတွင်လည်း လင်ပန်း နှင့် ညစာ အတွက် ထည့်ယူလာသည်၊ ညစာ ဆို၍လည်း ထွေထွေထူးထူး မဟုတ်ပြန်၊ စွတ်ပြုပ် နှင့် ပေါင်မုန့်သာ ဖြစ်သည်။



ဟာရီက လှဲနေရာမှ ထထိုင်လိုက်ပြီး ကုတင်ခေါင်းရင်း အုံးတား နှင့် မှီထိုင်လိုက်သည်။ ဂရေ့စ်က ကုတင် ခြေရင်းရှိ  ခြေဆင်းဘုတ် နှင့် မှီထိုင်လိုက်သည်။ သူ့အားလည်း စွတ်ပြုပ် ပန်းကန်ကို လှမ်းပေးသည်၊ အချိန်ကား သန်းကောင်နားကပ်နေပြီ ဖြစ်၍ သူတို့ နှစ်ယောက်စလုံး ဆာလောင်နေကြပြီ ဖြစ်သည်။ ဟာရီက သူမ အခုလို စားနေသောက်နေသည်ကို ကြည့်ရင်းက စိတ်ထဲ ကြည်နူးလာမိသည်။ သူမ၏ ညဝတ်အင်္ကျီ ရှေ့ ရင်ကွဲကြားမှ တွေ့နေရသော ခန္ဓာကိုယ်အလှကိုလည်း မျက်စိ စားပွဲထိုင်နေမိပြန်သည်။


သူ့ကြည့်နေသည်ကို သတိထားမိသွားသဖြင့် "ရှင် ဘာတွေများ စဉ်းစားနေတာလဲ ဟာရီ ဒေါလ်တန်"


"ကိုယ့်စိတ်ထဲမှာ အခုလို နေနေရတဲ့ ဘဝလေး ဘယ်တော့များ အဆုံးသတ်သွားတော့မလဲ ကို တွေးနေမိတာပါ၊ ကိုယ့်ဘဝ မှာ ညတိုင်း ဒီလိုမျိုး ပဲ နေသွားချင်နေမိတယ်"


သူ့စကားကြောင့် သူမ၏ မျက်နှာသည် ပြိုတော့မည့် မိုးကဲ့သို့ ဖြစ်လာသည်၊ ဂရေ့စ်သည် သူမ၏ စိတ်ခံစားမှုကို နဲနဲလေးမျှ ပင် ဖုန်းကွယ်နိူင်စွမ်း မရှိသူ ဖြစ်သည်၊ ပျော််စရာရှိလျှင် မျက်နှာတခုလုံး ဝင်းပလာတတ်ပြီး စိတ်ဆိုးစရာနှင့် ကြုံလျှင် သူမ၏ စိမ်းဖန့်သော မျက်လုံးများက ချက်ခြင်းဆိုသလို မှုန်ကုပ်ကုပ် ဖြစ်လာသည်။ ဝမ်းနည်းစရာ ဖြစ်လာသည့်အခါ သူမတကိုယ်လုံး မလှုပ်မယှက် ငြိမ်သက်သွားတတ်ပြန်သည်။


"ဟာရီ  အဲ့လိုမျိုးတွေ မပြောပါဖူးလို့ ကျမတို့ အစကတည်းက ကတိခံထားကြတာလေ"


"အေးပါကွာ....အခုလည်း အမှန်တရား ဆိုတော့ လွှတ်ကနဲ ထွက်သွားမိတာပါ"


"တခါတရံ မှာ အမှန်တရား ဆိုတာကို ကိုယ့်စိတ်ထဲထားတာ အကောင်းဆုံးပဲ၊ ပါးစပ်က ထုတ်မပြောရင် တဖက်လူကို ထိခိုက်တာတွေ ဘာတွေ ဖြစ်လာနိုင်စရာ မရှိဘူး"


"ဂရေ့စ်..ကိုယ်တော့ မင်းကို ချစ်နေမိ..."

ဂရေ့စ်သည် လက်ထဲက ဇွန်းကို လင်ဗန်းထဲသို့ ဆောင့်ကြီးအောင့်ကြီး ပစ်ချလိုက်ရင်းက.
"ဟာရီ...ရှင့်စကား ဒီမှာတင်ရပ်၊ ရှေ့ဆက်မပြောနဲ့တော့၊ ရှင်ဟာလေ တခါတခါ အတော် လက်ပေါက်ကပ်တဲ့ လူမျိုး၊ အရင်တုံးက‌တော့ ကျမနဲ့ တွေ့တိုင်း စိတ်ထဲ အပြစ်ရှိသလို ခံစားရလို့ မတွေ့တော့ဖူး ပြောပြီး အခုကျ‌တော့ ကျမကို ချစ်နေမိပြီလို ပြောလာပြန်ပြီ"


"အဲ့ဒီ အတွက် ကိုယ်စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်၊ တကယ်ပါ၊ ကိုယ်တို့တတွေ တယောက်ကို တယောက် မလိမ်ညာပဲ အမှန်‌အတိုင်း ပြောနိုင်လိမ့်မယ်လို့ လည်း ထင်ထားခဲ့လို့ပါ"


"ကောင်းပြီ၊ ဒါဆို ကျမကလည်း အမှန်အတိုင်း ပြောရတော့မပေါ့၊ ကျမ အနေနဲ့ ကျမ တန်ဖိုး အထားဆုံး
ကျမ အပေါ်လည်း အင်မတန်မှ‌ ကောင်းတဲ့ယောက်ျားတယောက်ကို လက်ထပ်ထားတဲ့ အတွက် သူ့ စိတ်ကို ထိခိုက်မသွားစေချင်ဘူး၊ ဒါပေမယ့် ကျမ အခု ရဲစုံထောက် တဖြစ်လဲ စပိုင် တွေ လိုက်ဖမ်းနေတဲ့ ဟာရီ ဒေါလ်တန် ဆိုတဲ့ လူကို အရူးအမူး ချစ်နေမိပြီ၊ ဒီသောက်သုံးမကျတဲ့ စစ်ကြီး ပြီးသွားတဲ့ အခါကျရင် ကျမ အဖို့ ချစ်တဲ့လူကို စွန့်လွှတ်ပစ်ရတော့မယ်၊ ဒါကို တွေးမိတိုင်းလည်း ကျမ ရင်မှာမချိအောင် ခံစားရတယ်" ဟု ပြောရင်း မျက်ရည်များ ဝဲလာပြန်သည်၊ "ဒီတော့ ကျမတို့ ဒီအကြောင်းတွေ မပြောပဲ နေကြရအောင်၊ ကဲ..ရှင်လည်း ရှင့် ပန်းကန်ထဲက စွပ်ပြုတ်ကို ကုန်အောင် သောက်၊  ပြီးရင် ကျမတို့ ဒီပြင် အကြောင်းတွေ ပြောကြရအောင်လား၊ ကျမလည်း စာရင်းရုံးမှာ တနေကုန် ဒီ သောက် ဂျာဂို ဆိုတဲ့လူရယ်၊ သူ့ရဲ့ ဆေးတံကြီးနဲ့ နှစ်ပါးသွားနေရတယ်၊ ကျမ လည်း အပြင်လောကကြီး ဘာတွေ ဖြစ်နေလဲ ဆိုတာလည်း သိချငိတယ်"


"ကောင်းပြီ၊ ဒါဆိုရင် ကိုယ့်ဖက်က အကူအညီတခု တောင်းစရာ ရှိနေတာ ပြောမယ်"


"ဘယ်လို အကူအညီ မျိုးလဲ"


"အလုပ်နဲ့ ဆိုင်တဲ့ အကူအညီမျိုးပဲ"


"သေလိုက်ပါတော့၊ ကျမ က sex နဲ့ ပတ်သက်တဲ့ အကူအညီမျိုးများ ပြောမလားလို့"