ဒေါ် အောင် ဆန်း စု ကြည် ဘာဖြစ်ခဲ့လဲ(1)

by Hla Soewai - Aug 12 2019

(၁) လျမ်းလျမ်းတောက် စံပြ လူသား

ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် ပထမဆုံး စတင် တွေ့ဖူးခဲ့သည့် အချိန်က ၂၀၁၂ နိုဝင်ဘာလအတွင်း က ဖြစ်သည်။ ရာသီဥတု ၏ အထုအထောင်း ကို ကာလကြာမြင့်စွာ ခံခဲ့ရပြီးသော်လည်း မပြုမပြင်ပဲ ထားခဲ့သဖြင့် အိုဟောင်းနေပြီ ဖြစ်သော သူမ၏ အမှတ် (၅၄) တက္ကသိုလ်ရိပ်သာ လမ်း အိမ်တွင် ဖြစ်သည်။ သူမက မျှော်လင့်ချက်များ အပြည့်နှင့် ဖြစ်နေသည်ကို မျက်နှာတွင် အတိုင်းသား မြင်နေရသည်။ ဘာရက် အိုဘာမား၊ ဟီလာရီ ကလင်တန်၊ မကြာသေးမီကမှ အမေရိကန် သံအမတ်ကြီး အဖြစ် လျာထား ထားသည့် ဒါးရက် မစ်ချဲလ် နှင့် အတူ ကျွန်တော်ပါ စားပွဲဝိုင်းတခုတွင် အတူ ဝိုင်းထိုင် ဖြစ်ခဲ့ကြသည်။ ထိုအချိန်က သူမသည် အသက် ၆၇ နှစ် အရွယ် ဖြစ်ပြီး သူမ၏ ရှည်လျားသော ဆံပင်ထက်တွင် ပန်းတပွင့် ပန်ထားပြီး ကျက်သရေ က္ကုန္ဒြေ အပြည့်နှင့် အတော်ကို တင့်တယ်လှပေသည်။ သူမ၏ ကျောက်ဘက်ရှိ စာအုပ်စင်ပေါ်တွင် အတော်ဟောင်းနွမ်းနေပြီ ဖြစ်သော စာအုပ်များ ထံ ကျွန်တော် မျက်စိရောက်သွားခဲ့သည်။ သူမအဖို့ အတင်းအကျပ် အကျယ်ချုပ်ဖြင့် ချုပ်နှောင်ခံထားရသည့် ဆယ်စုနှစ် နှစ်ခု ခန့်ရှိခဲ့မည့် ကာလများ အတွင်း အဆိုပါ စာအုပ်များနှင့်သာ အဖေါ်လုပ်နေရရှာပေလိမ့်မည်ဟု လည်း တွေးလိုက်မိပြန်သည်။ နံရံပေါ်ရှိ ဓါတ်ပုံထဲမှ မဟတ္တမ ဂန္ဒီကြီးက ရင့်ကျက်သည့် အပြုံးဖြင့် ကျွန်တော်တို့ကို စိုက်ကြည့်နေပေသည်။

အဆိုပါ တွေ့ဆုံခဲ့မှုတွင် ပါဝင်ခဲ့သည့် လူသုံးဦးက သူတို့ ဘဝတွင် အောင်မြင်မှု ဒီရေများ အမြင့်ဆုံးသို့ တက်နေခဲ့သည့် အချိန်များကို ပိုင်ဆိုင်နေကြသူများဟု ဆိုက မှားမည်မထင်ပေ။ အိုဘာမားသည် ဒုတိယ အကြိမ် သမ္မတ သက်တမ်းကို ပြန်လည် ရရှိကာစလည်း ဖြစ်သည်။ ဟီလာရီ ကလင်တန်သည်လည်း လာမည့် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စတင် ပြင်ဆင်နေသည့် အချိန်လည်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ၂၀၁၀ တွင်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲ တွင် သူမ၏ ပါတီမှ တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီး လွှတ်တော်အမတ် ဖြစ်လာကာစ လည်း ဖြစ်သည်။ မကြာမီကာလ ကပင် လူစုလူဝေး ပြုလုပ်ခြင်းကို တရားမဝင်ဟု သတ်မှတ်ထားသော နိုင်ငံတခု တွင် သမ္မတ အိုဘာမား ၏ မော်တော်ကားတန်းကို လူအများက လမ်းဘေးဝဲယာမှ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်ကို တွေ့ခဲ့ရသည်။ နောက်ပိုင်းတွင် အိုဘာမားသည် ရန်ကုန်တက္ကသိုလ်ထဲတွင် မိန့်ခွန်း ပြောကြားမည်လည်း ဖြစ်သည်။ တိုင်ပြည်ကား သူအပေါ် အုပ်မိုးထာသော အဝတ်စကြီးတခုကို ဆွဲမတင်လိုက်သလို မျိုး ခံစားနေရပုံရှိသည်။

သူမက လွှတ်တော်ထဲတွင် သူမ၏ ပါတီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဆောင်ရွက်မှုများကို ဂုဏ်ယူဝင့်ကြွားစွာ ပြောပြနေသည်။ စစ်တပ်၏ အကဲစမ်းလာမှုများကို ရင်ဆိုင်ခဲ့ရပုံ နှင့် လွှတ်တော်၏ လုပ်ငန်းစဉ်များကို လေ့လာသင်ယူနေရပုံများကိုပါ ရှင်းပြခဲ့ပြန်သည်။ ဤသည်ကလည်း သူမ တည်ဆောက်ချင်ခဲ့သည့် ဒီမိုကရေစီ ယန္တယား၏ မူလီ နှင့် မူလီခေါင်းများလည်း ဖြစ်သည်ဟု ဆိုပြန်သည်။ နိုင်ငံရေး အကျဉ်းသားတဦး အဖြစ်သာမက လွတ်လပ်ရေး ခေါင်းဆောင် အောင်ဆန်း၏ သမီးလည်း ဖြစ်သော သူမသည် မြန်မာပြည်သူတို့၏ ကျန်ရှိနေသေးသော မျှော်လင့်ချက်များ သိုလှောင်ထားရာ ဂိုဒေါင်ကြီး သဖွယ် ဖြစ်လာခဲ့ရပြီး စစ်အစိုးရအား ဆန့်ကျင်ရင်းက နိုင်ငံတကာက က စံထားလောက်သည့် လူတဦး ဖြစ်လာသည်။ ဤအချက်သည်ပင် သူမအား အစွမ်းထက်လှသည့် သင်္ကေတ တရပ် ဖြစ်လာစေခဲ့သည်။ သူမကတော့ ထိုသို့ နိုင်ငံတကာ က စံထားသူတယောက် ဖြစ်ခဲ့ရမှုကို စိတ်မဝင်စားကြောင်း နှင့် ကျွန်မသည် နိုင်ငံရေး သမား တယောက် ဖြစ်လာနေခဲ့တာကြောင့်ပါ ဟု ဗြိတိသျှ လေယူလေသိမ်း ပါ အင်္ဂလိပ် စကား ဖြင့် အိုဘာမား အား ပြတ်သားစွာ ပြန်လည် တုန့်ပြန်ခဲ့သည်။

တွေ့ဆုံအပြီးတွင် အိုဘာမား၏ ယာဉ်တန်းကြီးကား သူမကို ထောက်ခံရန် ရောက်လာသူများကြားမှ ကျော်ဖြတ်ကာ မောင်းနှင် ထွက်ခွာလာခဲ့သည်။ လူများက သူမ၏ ဓါတ်ပုံ ပိုစတာများကို ကိုင်ဆောင်ထားခဲ့ကြသည်ကိုလည်း သတိပြုမိလိုက်သည်။ “ကျွန်တော်လည်း ပိုစတာထဲက မျက်နှာ ဖြစ်ခဲ့ဖူးတယ်၊ အချိန်ကြာလာရင်တော့ ဟောင်းနွမ်းသွားရစမြဲပဲလေ” ဟု ကားနောက်ခန်းတွင် ထိုင်ရင်း လိုက်ပါလာသော အိုဘာမား ပြောခဲ့သည့် စကားကို ကျွန်တော် အမှတ်ရမိခဲ့သည်။

ထိုအချိန်က သူ့စကားသည် မဖြစ်နိုင်သည်များကို ရေရွတ်နေသလို ယူဆမိခဲ့သည်။ ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်သည် ဗားကလပ် ဟေဗယ်၊ လက်ခ်ျ ၀ဲလ်ဆာ နှင့် နယ်ဆန် မင်ဒဲလားတို့နှင့် တတန်းစားတည်း လွန်စွာမြင့်မားသော နေရာတွင် ရပ်တည်နေချိန်လည်း ဖြစ်သောကြောင့်ပင်။ ၁၉၈၈ ခုနှစ် တိုင်းပြည်၏ နိုင်ငံရေး ဆန့်ကျင် အုံကြွမှုကြီးထဲသို့ ပါဝင်လာခဲ့ချိန်ကစပြီး သူမသည် ဖမ်းဆီးခံခဲ့ရသည်၊ အကျယ်ချုပ် ချထားခြင်းလည်း ခံခဲ့ရသည်။ အာဏာရ စစ်အစိုးရ၏ သူမ၏ အသက်ကို ရန်ရှာမှုကိုလည်း ကျော်လွှားလွန်မြောက်နိုင်ခဲ့သည်။ သူမ၏ သတ္တိ၊ ဇွဲ၊ ချက်ကျကျ ပိုင်ပိုင်နိုင်နိုင် ပြောဆိုနိုင်မှုများကြောင့် ၁၉၉၁ တွင် နိုဘဲလ် ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပြီး ကမ္ဘာတွင် အထင်ရှားဆုံး အစိုးရနှင့် ဆန့်ကျင်သူ တဦး ဖြစ်လာခဲ့ရသည်။ “အကြောက်တရားသည်သာ ထောင်အစစ် ဖြစ်သည်။ စစ်မှန်သော လွတ်လပ်မှု ဆိုသည်ကား အကြောက်တရား မှ ကင်းလွတ်ခြင်းဖြင့်သာ ရရှိနိုင်မည်” ဟူသော သူမ ရေးသားခဲ့သည်များက လွန်စွာ ကျော်ကြား လူကြိုက်များခဲ့ရသည်။

သို့သော် အိုဘာမား ပြောခဲ့သည်များက ရှေ့ကို ကြိုတင်နမိတ်ဖတ်သည့်အလား ဖြစ်လာခဲ့ရသည်။ ရွေးကောက်ပွဲတွင် သူမ၏ ပါတီ အနိုင်ရရှိခဲ့ပြီးနောက် အစိုးရ အဖွဲ့ထဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာခဲ့သည်။ ၂၀၁၆ ဧပြီလမှ စ၍ ဝန်ကြီးချုပ် ရာထူးနှင့် ညီမျှသည်ဟု ပြော၍ရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ရာထူးကို ရယူခဲ့သည်။ ထို့နောက်ပိုင်းတွင် မြို့ပြ အခွင့်အရေး များ နှင့် စာနယ်ဇင်း လွတ်လပ်ခွင့်များကို ကန့်သတ်လာခဲ့သည်။ ရိုဟင်ဂျာ ဆိုသူ ခုနှစ်သိန်းခန့် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးခိုလှုံခဲ့ရသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့ အခေါ် လူမျိုးရေး သန့်စင်မှုကြီး ပေါ်ပေါက်လာခဲ့ရသည်။

မြန်မာ သမိုင်းကြောင်းသည် အစိတ်အပိုင်းများစွာ ဆက်စပ်နေပြီး ရှုပ်ထွေးပွေလီမှုများ နှင့် ပြည့်နှက်နေသည်ဟု ဆိုရမည် ဖြစ်သည်။ မြန်မာရှေးဟောင်း ဘုရင်နိုင်ငံတော်များ၏ နယ်နမိတ်သည်လည်း အိမ်နီးချင်း နိုင်ငံများ၏ အတက်အကျ ကို လိုက်၍ နယ်ခြားသည် ပြောင်းလဲနေခဲ့ပြန်သည်။ ဗြိတိသျှ တို့ ရာစုနှစ်တခုနီးပါး အုပ်ချုပ်ခံခဲ့ရပြီး ဂျပန်တို့၏ ဆက်လက်သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး နောက် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးကို ရရှိလာခဲ့သည်။ ထို့နောက်တွင်တော့ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးဟု ပြော၍ရသည့် ပြည်တွင်းစစ် ဒဏ်ကို ယခုတိုင် ခံစားနေခဲ့ရသည်။ ၁၉၆၂ မှစ၍ စစ်တပ်၏ တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း အုပ်ချုပ်မှု အောက်သို့ သက်ဆင်းခဲ့ရပြန်သည်။ ၂၀၁၁ နောက်ပိုင်းတွင် မွန်းကျပ်လာနေသော စစ်အုပ်ချုပ်ရေး ကို တဝက်တပျက် လှစ်ဟပေးလာခဲ့သည်။ တရားမျှတမှု ရှိသည်ဆိုယုံမျှ ပြော၍ရသည့် ရွေးကောက်ပွဲများကို ကျင်းပပေးခဲ့ပြီး၊ နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးခဲ့သည်။ မြန်မာပြည်သူများအားလည်း အင်တာနက်နှင့် ထိတွေ့ခွင့်ပေးခဲ့ပြီး ကမ္ဘာစီးပွားရေး နယ်ပယ်ထဲသို့ ခြေချလာခဲ့သည်။ ထိုသို့ သော နည်းဖြင့် ပေါ်ထွန်းလာခဲ့သော ခေတ်မှီ မြန်မာနိုင်ငံတော်ကြီးသည်ကား ငြိမ်းချမ်းရေး အရသာ ကိုတော့ ခံစားနိုင်ခွင့် မရသေးယုံမက နယ်ခြားဒေသများကိုပင် အပြည့်အဝ ထိမ်းချုပ်နိုင်ခြင်း မရှိခဲ့သေးပေ။