ဗိုလ်ရှုခံ မှ လုပ်ဖြစ်ပါလေစ

by Hla Soewai - Feb 14 2022

မင်းအောင်လှိုင်သည် ဗိုလ်ရှု့ခံ စင်မြင့်ကြီးပေါ်မှနေ၍ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် အခက်အခဲများ ကြားမှ ပင်လုံစာချုပ် ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့သည့် ၇၅ နှစ်မြောက် စိန်ရတုဟု ဆိုကာ ပြုလုပ်သွားခဲ့သော်လည်း ပင်လုံစာချုပ်ကြီး၏ ဗိသုကာ ကြီး အမည်ကိုတော့ တလုံးတပါဒမျှပင် ထည့်သွင်းပြောဆိုသွားခဲ့ခြင်း မရှိပေ။

 

သို့သော် ၎င်းအား အုံနှင့်ကျင်းနှင့် ဆန့်ကျင်နေကြသည့် ပြည်သူ့ တော်လှန်ရေး အင်အားစုများ ကြောင့်တိုင်းပြည်တဝှမ်း ဒုက္ခရောက်နေရသည်ဟု အပြစ်ပုံချသွားခဲ့သည်။ သူ့တွင် ထိုအရေး ကို စစ်အင်အားမှလွဲ၍  အခြားနည်းဖြင့် မည်သို့ ဖြေရှင်းရမည် ဆိုသည်ကိုတော့ ခေါင်းထဲတွင် ရှိပုံမရပေ။

 

လက်ရှိ တိုင်းပြည်တွင် ဖြစ်ပေါ်နေမှုများကို ထင်ဟပ်စေသည့် အပြောအဆိုများလည်း မပါရှိခဲ့ပေ။

 

၎င်းအား ထောက်ခံသူများကပင် စစ်တပ်ဖက်မှ တခုခု လိုက်လျောပေးလျှင် အရှိန်တန့်သွားနိုင်သည်ဟု ယုံကြည်နေကြသည်။

 

အကျဉ်းသား ၈၁၄ ဦးအား လွတ်ငြိမ်းချမ်းသာ ခွင့် ပေးမည်ဆိုသော်လည်း မည်သူတွေ ပါဝင်နေသည်ကိုတော့ သဲသဲကွဲကွဲ မသိရသေးပေ။ သာမန် ရာဇဝတ်သားများကိုပင် စစ်ထဲဝင်ဖို့ အပေးအယူ လုပ်၍ ပြန်လွှတ်ပေးခြင်းမျိူးလည်း ဖြစ်နိုင်ဖွယ် ရှိနေသည်။

 

၎င်းစီစဉ်ထားသည့် အခမ်းအနားကို စိတ်ချယုံကြည်စွာ ကျင်းပရဲခြင်း မရှိသဖြင့် မနက် လေးနာရီ မှစ၍ တနိူင်ငံလုံးကို အင်တာနက် ဖြတ်တောက်ပစ်ခဲ့ကြောင်း ပြည်ပသတင်းဌာနများက ဖေါ်ပြခဲ့ကြသည်။

 

မြန်မာအရေး အား အစဉ်တစိုက် လေ့လာသုံးသပ်နေသည် ဒေးဗစ် မေသီဆန်က "အနုပညာ တင်ဆက်မှု" တခုထက် မပိုဟု ပြောဆိုသွားခဲ့သည်။

 

လက်ရှိတွင် ၎င်း၏ အပြုအမူ များကြောင့် ပြည်ထောင်စုနေ့တွင် စည်းလုံးရမည့်အစား ပို၍ပင် ကွဲပြဲသွားခဲ့သည်ဟု ဆိုသည်။

 

နိုင်ငံတော် အတိုင်ပင်ခံအား စကားပြောစက် အိမ်တွင် တွေရှိမှု အတွက် ထောင်ဒဏ်ချမှတ်ခဲ့သော်လည်း ၎င်းတို့အား ဆယ်စုနှစ်တခု ကျော်သည်အထိ လက်နက်ကိုင် တိုက်ခိုက်နေသော AA အဖွဲ့ဝင်များကို မူ "ရာဇဝတ်ကြောင်း" အရ မည်သို့မျှ အရေးမယူ ဟုပင် ၎င်းတို့ ထုတ်ဝေသော သတင်းစာများတွင် ပါရှိလာခဲ့သည်။

 

ရွေးကောက်ပွဲ အကြို မဲ‌ဆွဲ ယာဉ်တန်းအား အိမ်ရှေ့ထွက် လက်ပြခဲ့သည် ဆိုကာ သမ္မတကြီးအား ထောင်ဒဏ် အပြစ်ပေးခဲ့သော်လည်း ယခုလို အခမ်းအနားကြီး လုပ်ခဲ့မှု ကိုကော မည်သို့သော တရားသူကြီးကကော  အရေးယူ နိုင် ခွင့် ရှိပေဦးမည်နည်း။

 

မင်းအောင်လှိုင်၏ ဈေးပေါပေါ နှင့် ကမ်းလှမ်းထားသော သံလွင်ခက် ဆိုသည်ကိုလည်း မည်သူကမျှ အရေးတယူ မလုပ်ခဲ့ကြပေ။

 

ကေအင်ယူ တပ်မဟာ (၅) ၏ ကြေညာချက်ကြောင့် ဖာပွန်ရှိ အာဏာသိမ်း အဖွဲ့လက်အောက်တွင် ဆက်လက် အမှုထမ်းနေသည့် ဝန်ထမ်းများ ရာနှင့်ချီ၍ ထွက်ခွာနေကြသည်ဟု သတင်းများက ဆိုသည်။ ဤသည်က ၎င်းတို့၏ ဖိနှိပ်အုပ်ချုပ်ရေး ယန္တရား များ စတင် ပြိုလဲလိုက်လာနေမှု၏ ရှေ့ပြေးဖြစ်လာနိုင်သည်။

 

နိုင်ငံလုံး ဆိုင်ရာ အထွေထွေ သပိတ်ကော်မတီမှ အင်းစိန်ထောင်အတွင်း အစာငတ်ခံ သပိတ်တိုက်ပွဲကို ဆင်နွဲလျက် ရှိနေသည်ဟု ပြည်သူများကို အသိပေးလာခဲ့သည်။ 

 

ပြည်သူများကလည်း မိမိတို့အိမ်များရှိ တီဗီများကို ပိတ်ထားခြင်း၊ ၎င်းတို့ ပြုလုပ်နေ ပုံများကို ဆိုရှယ်မီဒီယာများ ပေါ်တွင် မတင်ပဲ ပေယျာလကန်ပြုကာ ဆန္ဒပြခဲ့ကြပြီး နေပြည်တော် နှင့် ရန်ကုန်တွင် ဗုံးများ ပေါက်ကွဲခဲ့ကြသည်ဟု အေပီ ဝိုင်ယာသတင်းအား ကိုးကား၍ ကမ္ဘာမီဒီယာများတွင် ဖေါ်ပြလာခဲ့ကြသည်။ မင်းအောင်လှိုင်တယောက် ဗိုလ်ရှု့ခံမှ လုပ်ဖြစ်ပါလေစ ဟုပင် ထင်စရာပင် ဖြစ်လာရသည်၊ နေ့တွင်းချင်း သိချင်သည်ဆိုက အခမ်းအနားသို့ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ခဲ့ရသူ က ကျိန်တွယ်ပြောဆိုမှသာ ယုံရပေတော့မည်။

 

တကယ်တမ်းတွင်မူ မင်းအောင်လှိုင်က လုပ်ဖြစ်သည် မလုပ် ဖြစ်သည်ဖြစ်စေ၊  သူကိုယ်သူ ဘုရင် ဖြစ်သည်ဟုပင် ကြေငြာ သည် ဖြစ်စေ ပြည်သူ့ တို့ ဘက်ပေါင်းစုံမှ ဆင်နွှဲနေသော တော်လှန်ရေးကြီး အောင်မြင်ရေး လောက် အရေးမပါဆိုသည်ကိုတော့ အားလုံးက နှလုံးသွင်းထားပြီး ဖြစ်သည်။ 

 

ပြည်သူများ နေ့စဉ်နှင့် အမျှ အကြမ်းဖက် စစ်တပ်၏ သတ်ဖြတ်ခြင်း ခံနေရသည်မှာ ယနေ့အထိ ဆိုလျှင် ၁,၅၄၇ ဦး ရှိသွားခဲ့ပြီ ဖြစ်သည်။ အကျဉ်းထောင်များထဲတွင် ၉,၀၈၇ ဦး ရှိနေပြီး UNHCR စာရင်းဇယားများအရ  မိမိတို့ အိုးအိမ်များကို စွန့်ပစ်ကာ ထွက်ပြေးတိမ်းရှောင်နေကြရသည့် ပြည်သူများ ရှစ်သိန်းခန့် ရှိနေ၍ ၂၀၁၇ အတွင်း တဖက်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်သွားသည့် ရိုဟင်ဂျာ အရေအတွက်ထက်ပင် ကျော်လွန်သွားပြီ ဖြစ်သည်။

 

အဆိုပါ ရှစ်သိန်းခန့်သော ပြည်သူများကို ယခု အချိန်အထိ မည်သည့်ပြည်ပ အဖွဲ့အစည်းကမမျှ ထိထိရောက်ရောက် ကူညီပေးနိုင်ခွင့် မရပဲ ဖြစ်နေသည်။

 

လက်ရှိတွင် မြန်မာအရေးအား နိုင်ငံတကာမှ ထိထိရောက်ရောက် ဖြေရှင်းရမည့်အစား ဒုတိယ ကမ္ဘာစစ်ကြီး မတိုင်မီက ပြင်သစ် နှင့် အင်္ဂလိပ်တို့မှ လက်နက် တပ်ဆင်နေသည့် ဟစ်တလာအား appeasement ချော့မြူ ခဲ့ကြသလို လုပ်နေကြဆဲပင် ဖြစ်သည်၊ ထိုသို့ ချော့မြူသည့် မူဝါဒ ကျင့်သုံးခဲ့ကြသည့် အတွက်လည်း ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားလာခဲ့ပြီး လူ သန်းပေါင်း ၇၀ မှ ၈၅ သန်း အထိ သေဆုံးခဲ့ရသည့် ကြေကွဲဖွယ်ရာ အဖြစ်ဆိုးကြီး နှင့် ကြုံလာခဲ့ရသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!