D-Day နောက်ကွယ်ကသူလျှိုမဟုတ်သောသူလျှိုများ (၁၁၉)

by Hla Soewai - Feb 15 2022

“မင်းတို့ ရုံးမှာ ရှိတဲ့ ဖိုင် စာရင်းထဲမှာ ကိုယ်သိချင်တဲ့ လူတွေရဲ့ နာမည် တခု နှစ်ခု လောက် ရှိမရှိ မသိမသာ ကြည့်ပေးပါလား”

 

“ရတယ်လေ၊ ဘယ်သူတွေလဲ”

 

ဟာရီက နာမည်များကို ပြောပြလိုက်သည်။

 

“အိုကေ၊ ကျမ အတတ်နိုင်ဆုံး ရှာကြည့်ပေးမယ်”

 

ဂရေ့စ်က ပြောရင်း သူမ ပန်းကန်ထဲက စွပ်ပြုပ် ကို ကုန်အောင် သောက်လိုက်ပြီး ဟာရီ သောက်ပြီးသည်အထိ စောင့်ကြည့်နေပြန်သည်၊ သောက်ပြီးသည့်အခါ ကျမှ ပန်းကန်များကို လင်ဗန်းပေါ်တွင် ထပ်ပြီး သူမ ကုတင်ဘေးက ကြမ်းပြင်ပေါ် တွင် ချထားလိုက်သည်။ ထို့နောက် မီးကို ပိတ်လိုက်ပြီး ကုတင်ဘေးက စင်ပေါ်ရှိ ဖယောင်းတိုင်ကို ထွန်းလိုက်ကာ သူမကိုယ်ပေါ်က ညဝတ်အင်္ကျီကို ချွတ်ချလိုက်ပြီး ဟာရီ ဘေးတွင် ဝင်လှဲလိုက်သည်။

 

သူတို့ ချစ်တင်းနှီးနှောသည့် ကိစ္စဝိစ္စများ ပြီးသွားချိန်တွင်တော့ သူမကိုယ်သည် ပျော့ခွေပြီး ချွေးများ နှင့် စိုစွတ်နေသည်။ သူမ၏ နှာဝမှ ထွက်လာသော လေပူများက ဟာရီ လည်ဂုတ်ကို လာထိနေသည်။

 

“ရှင် အမှန်အတိုင်း ပြောတာ ကြားချင်တယ်ဆို၊ ခုန ပြောတာ အမှန်တွေပဲ”

 

“ကိုယ်လည်း မင်းကို အရိုးသားဆုံး ပြန်ပြောရမယ် ဆိုရင်၊ မင်းပြောတဲ့ စကားကြောင့် ကိုယ်စိတ်ထဲ ထိခိုက်သွားတာမျိုး မရှိဘူး”

                                                ****************

နောက်တနေ့ မနက် ဆယ်နာရီ ကျော်လောက်တွင်တော့ ပီတာ ဂျော်ဒန်သည် ဝက်စ် ဟာကင် လမ်းပေါ်ရှိ ဗီကာရီ တို့ နေ သော အိမ် အပေါ်ထပ် စာကြည့်ခန်းထဲမှ ကက်သရင်း ဘလိတ်၏ ဖုန်းနံပတ်ကို လှည့်နေသည်။

 

ဂျော်ဒန်၏ တမိနစ်မျှသာ ကြာသည့် ဖုန်းစကား ပြောဆိုနေမှုသည် ဗြိတိသျှ ဘုရင် လုံခြုံရေး တပ်ဖွဲ့၏ ကြားဖြတ် နားထောင်သမျှ ထဲတွင် အတော်များများက ထပ်တလဲလဲ ပြန်နားထောင်ရသည့် အထိ ကာလအတော်ကြာ မှတ်တမ်းဝင်သွားခဲ့သည်။ ဗီကာရီ ကိုယ်တိုင်လည်း အကြိမ်တရာ မက ပြန်နားထောင်ခဲ့ရသည်။ စိန်ကို အပြစ်အနာ အဆာ မရှိ စစ်ဆေးနေသည့် ရာဖြတ် တယောက်အလား ထပ်တလဲလဲ စစ်ဆေးနေခြင်းလည်း ဖြစ်သည်။ အသံဖမ်းယူထားသည့် ကော်ပီကို စိန့် ဂျိမ်း လမ်းရှိ ဌာနချုပ်သို့ မော်တော် ဆိုင်ကယ် ဆက်သားဖြင့် ပို့ပေးလိုက်သည်။ ဘုသီလည်း သူလိုပင် အထပ်ထပ် စစ်ဆေးခဲ့ပြန်၍ တနာရီခန့်ကြာအောင် သူ၏ ရုံးခန်းဝရှိ မီးက အနီရောင် လင်းနေခဲ့သည်။

 

ပထမ အခါတွင်တော့ ဗီကာရီသည် ဂျော်ဒန် အသံကိုသာ ကြားနေရသည်၊ ဂျော်ဒန်သည် သူရှိနေရာနှင့် ပေအနည်းငယ် အကွာတွင် ရပ်နေပြီး သူ့ကို ကျောပေးထားသည်၊ သူ့မျက်လုံးများက မီးလင်ဖို ရှိ မီးတောက်ကိုသာ စိုက်ကြည့်နေသည်။

 

“ကိုယ်လည်း အခုမှ ဖုန်းဆက်နိုင်တော့တဲ့ အတွက် တောင်းပန်ပါတယ်၊ အလုပ်တွေကလည်း အရမ်းကို များနေလို့၊ လန်ဒန်က နေ အပြင်ထွက်ရတဲ့ ခရီးက ထင်ထားတာထက် တရက်လောက် ပိုကြာသွားတယ်၊ ဒီကြားထဲ ဖုန်းဆက်ဖို့ကလည်း ဘယ်လိုမှ အခွင့်မသာဘူး ဖြစ်နေလို့”

 

ထို့နောက် အသံတိတ်သွားပြီး တဖက်မှ တောင်းပန်ဖို့ မလိုကြောင်း ပြန်ပြောသံ ထွက်လာသည်။

 

“ကိုယ်လည်း မင်းကို အရမ်းကို လွမ်းနေမိတယ်၊ တချိန်လုံးလည်း မင်းအကြောင်းပဲ တွေးနေမိတယ်”

 

အသံတိတ်သွားပြန်ပြီး တဖက်မှ သူလည်း အရမ်းကို သတိရနေကြောင်း၊ နောက်တခါ ပြန်တွေ့ရမည့် အချိန်ကို စောင့်နေရသည်မှာ စိတ်မရှည်တော့ကြောင်း ပြန်ပြောနေသည်။

 

“ကိုယ်လည်း မင်းကို တွေ့ချင်နေတယ်၊ အဲ့တာကြောင့်လည်း ဖုန်းဆက်လိုက်ရတာ၊ မီယာဘဲလ်မှာ ကိုယ် ဘုတ်ကင် လုပ်ထားတယ်၊ နေ့လည်စာ စားဖို့ အားတယ် မဟုတ်လား”

 

အသံတိတ်သွားပြန်ပြီး တဖက်မှ အစီအစဉ်ကို သဘောကျကြောင်း ပြန်ပြောလာသည်။

 

“ဒါဆိုရင် နေ့လည် တနာရီလောက် အဲ့မှာ တွေ့ကြတာပေါ့”

 

အသံတိတ်သွားပြန်သည်၊ တဖက်မှ သူ့အား I love you ဟု ပြန်ပြောသဖြင့် ဂျော်ဒန်ကလည်း I love you too, darling” ပြန်ပြောလိုက်သည်။

 

ဖုန်းပြောပြီးသွားချိန်တွင်တော့ ဂျော်ဒန်သည် ဘာစကားမှ မပြောပဲ တိတ်ဆိတ်နေသည်၊ သူ့ကို အကဲခတ်နေသော ဗီကာရီက ချက်ခြင်းလို ကားလ် ဘက်ကာ ကို အမှတ်ရလိုက်မိသည်၊ ဗီကာရီက သူ့အား လုပ်ကြံ သတင်းများ ပို့ခိုင်းသည့် အခါတိုင်း မျက်နှာမကောင်း ဖြစ်သွားတတ်သည်။ သူတို့နှစ်ယောက်လည်း စစ်တုရင် ထိုးရင်း အချိန်ဖြုန်းနေလိုက်ကြသည်။ ဂျော်ဒန်သည် စစ်တုရင်ကို သင်္ချာပညာရှင်တဦးလို အတိအကျ တွက်ချက်ပြီး ထိုးတတ်သူတဦး ဖြစ်သည်။ ဗီကာရီကတော့ လှည့်ဖျား မြူဆွယ်သည့် ဗျူဟာမျိုးဖြင့် ကစားတတ်သည်။ သူတို့ကစားနေစဉ်တွင် အောက်ထပ်ရှိ ကွပ်ကဲရေး ရုံးခန်း ဆီမှ စောင့်ကြည့်ရန် တာဝန်ပေးထားသူများ အပြန်အလှန် စကားပြောနေသံများနှင့် လက်နှိပ်စက် ရိုက်သံ တဖျောင်းဖျောင်းကိုသာ ကြားနေရသည်။ ဂျော်ဒန်သည် ဗီကာရီကို အပြတ်အသတ် နိုင်နေသဖြင့် ပွဲကို အရှုံးပေလိုက်ရတော့သည်။

 

နေ့လည်မွန်းတည့်ချိန်တွင်တော့ ဂျော်ဒန်သည် သူ့အား ပေးထားသော အခန်းသို့ သွားပြီး ယူနီဖောင်းကို လဲလှယ်ဝတ်ဆင်လိုက်သည်။ ဆယ်နှစ်နာရီ ဆယ့်ငါးမိနစ် လောက်တွင်တော့ အိမ်နောက်ဖက်တံခါးမှ အပြင်သို့ ထွက်လာပြီး ဌာနမှ ပေးထားသော ရုံးကားပေါ်သို့ တက်သွားတော့သည်၊ ဗီကာရီ နှင့် ဟာရီလည်း ကွပ်ကဲရေး ရုံးခန်းထဲတွင် အသင့်နေရာယူလိုက်ကြသည်၊ ဂျော်ဒန်ကတော့ ပတ်ခ်လိန်း ရှိ စားသောက်ဆိုင်သို့ အရေးကြီး အကျဉ်းသား တယောက်လို ခေါ်ဆောင်သွားခြင်း ခံနေရပြီ ဖြစ်သည်။ သူ့အား ဘလက်ဘန်း လမ်းကို မျက်နှာမူထားသော SHAEF ဌာနချုပ် ၏ နောက်ပေါက်မှ အထဲသို့ ခေါ်သွားခဲ့သည်။ ခြောက်မိနစ် ခန့် ကြာသည့်အထိ ဗီကာရီ မှ စောင့်ကြည့်ရန် တာဝန်ပေးထားသူများ နှင့် အဆက်ပြတ်သွားခဲ့သည်။

 

ဂျော်ဒန်သည် SHAEF ဌာနချုပ် ၏ ရှေ့ပေါက်မှ ၁၂း၃၅ တွင် အပြင်သို့ ထွက်လာခဲ့သည်၊ သူ့လက်ထဲတွင်လည်း ဘရိဖ်ကေ့စ်ကို လက်ကောက်ဝတ်တွင် သံကြိုးနှင့် တွဲချည်ကာ ရင်ပြင်ကို ဖြတ်လျှောက်လာပြီး အခြား တံခါးပေါက် တခုသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်၊ ဂျော်ဒန် မြင်ကွင်းမှ ပျောက်ကွယ်သွားချိန်သည် ဆယ်မိနစ်ခန့် ကြာသွားခဲ့သည်။ သူပြန်ပေါ်လာသည့် အခါတွင်တော့ လက်ထဲတွင် ဘရိ့ဖ်ကေ့စ် ပါမလာတော့ပေ။ ဂရိုဗီနာ စကွဲယားမှ အပ်ဒလေ တောင်ပိုင်း လမ်းသို့ လျှောက်သွားပြီး ထိုမှတဆင့် ကာဇွန်လမ်းဖက်သို့ ထွက်သွားသည်။ သူနောက်တွင်တော့ ဗီကာရီ ဌာနရှိ စောင့်ကြည့်ရန် တာဝန်ပေးထားသူများထဲမှ အတော်ဆုံး သုံးယောက် ဖြစ်သည့် ကလိုက်ဖ် ရိုချ်၊ တိုနီ ဘလဲယား၊ လီယိုနတ် ရိဗ် တို့က မသိမသာ နောက်ယောင်ခံ လိုက်လာခဲ့ကြသည်။ သူတို့ထဲမှ တဦးတလေကမျှ ဂျော်ဒန်အား ရန်သူဖက်မှ တန်ပြန် စောင့်ကြည့်နေသည့် အရိပ်လက္ခဏာ မတွေ့ခဲ့ကြရပေ။

 

၁၂း၅၅ တွင်တော့ ဂျော်ဒန်သည် မီယာဘဲလ် သို့ ရောက်လာခဲ့သည်။ သူသည် ဗီကာရီ ညွှန်ကြားထားသည့်အတိုင်း အပြင်တွင် ရပ်စောင့်နေခဲ့သည်။ နေ့လည် တနာရီ တိတိတွင်တော့ တက္ကဆီ ကားတစီးသည် စားသောက်ဆိုင် ‌ရှေ့သို့ ထိုးဆိုက်လာသည်။ ကားထဲမှ အရပ်မြင့်မြင့်၊ မြင်သူတကာအား ဆွဲဆောင်နိုင်သည့် ရုပ်ရည်ပိုင်ရှင် အမျိုးသမီးတဦး ကားထဲမှ ထွက်လာသည်၊ သူမအား ဌာန၏ အတော်ဆုံး ဓါတ်ပုံဆရာ ဂျင်ဂျာ ဘရက်ရှော မှ လမ်းတဖက်တွင် အဆင်သင့် ရပ်ထားသော ဌာနပိုင် ဗင်ကား နောက်မှ ဓါတ်ပုံ တဖြတ်ဖြတ် ရိုက်ယူလိုက်သည်။ ကက်သရင်း ဘလိတ်က ဂျော်ဒန်လက်ကို လှမ်းကိုင်ကာ ပါးကို နမ်း၍ နှုတ်ဆက်လိုက်သည်၊ ဘရက်ရှောလည်း ပုံ ခြောက်ပုံခန့် ရအောင် အမိအရ ဓါတ်ပုံ ရိုက်ယူ နိုင်ခဲ့သည်။

 

ဖလင်လိပ်များအား ဝက်စ် ဟာလ်ကင် လမ်း ရှိ အိမ်သို့ အမြန် ပြန်ပို့ပေးလိုက်သည်။ ကူးယူထားသည့် ဓါတ်ပုံများက ဂျော်ဒန်တို့ နေ့လည်စာ စားပြီးချိန်လောက်တွင်တော့ ကွပ်ကဲရေး အခန်းထဲရှိ ဗီကာရီ စားပွဲ ပေါ် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

 

အားလုံး ပြီးစီးသွားချိန်တွင်တော့ ဘလဲယား၊ ရိဗ် နှင့် ရိုချ် တို့ သုံးဦးစလုံးက သူတို့ နောက်ယောင်ခံ လိုက်ခဲ့သည့် ဂျာမန် အေးဂျင့် များထဲတွင် သူမအား ဘယ်သူမှ မမှီဟု တညီတညာတည်း အသံထွက်လာခဲ့သည်၊ သူတို့ထဲမှ အမှားတခုခု လုပ်လိုက်မိသည်နှင့် ပွဲသိမ်းသွားနိုင်လောက်အထိ အန္တရာယ်များလှသည်ဟု ဝန်ခံလာခဲ့ကြသည်။

 

မီယာဘဲလ်မှ ထွက်လာပြီးနောက် ကက်သရင်း နှင့် ဂျော်ဒန်တို့သည် ဂရိုဗီနာ စကွဲယားဖက်သို့ အတူတူ ပြန်လျှောက်လာခဲ့ကြသည်။ ရင်ပြင်၏ အနောက်တောင် ထောင့်တနေရာတွင် ရပ်လိုက်ကြပြီး နှစ်မိနစ်ခန့်ကြာအောင် စကားစမြီ ပြောနေကြသည်။ ထိုအတောအတွင်း ဂျင်ဂျာ ဘရက်ရှောမှ ပုံပေါင်းများစွာ ရိုက်ယူ နိုင်ခဲ့ပြန်သည်။ ထို့နောက် ပါးခြင်းကပ်ကာ နှုတ်ဆက်လိုက်ပြီး ဂျော်ဒန်က ရုံးချုပ်ရှိရာဖက် ပြန်လျှောက်လာခဲ့ပြီး ကက်သရင်းက တက္ကဆီကို တားကာ ကားထဲ ဝင်ထိုင်လိုက်သည်။ ဘလဲယား၊ ရိုချ် နှင့် ရိဗ် တို့လည်း ဗင်ကားထဲသို့ အမြန်ပြေးဝင်လိုက်ကြပြီး ရီးဂျင့် လမ်း အတိုင်း အရှေ့ဖက်သို့ ဦးတည်မောင်းနေသော တက္ကဆီ နောက်သို့ မောင်းလိုက်လာခဲ့ကြသည်။

 

ထိုမှတဆင့် တက္ကဆီသည် မြောက်ဖက်ရှိ အောက်စဖို့ လမ်းသို့ ရောက်လာခဲ့ပြီး ထိုးရပ်သွားသည်၊ တက္ကဆီသမားအား ကားခ ပေးပြီး ဆင်းလာသော ကက်သရင်း ဘလိတ်ကို တွေ့လိုက်ရသည်။

 

ထို့နောက်တွင်တော့ သူမသည် အောက်စဖို့ လမ်း အတိုင်း လျှောက်သွားသည်။ ရိုချ်အဖို့က သူကြုံခဲ့ရသမျှထဲတွင် နောက်ယောင်ခံ လိုက်သူများ ရှိက ခြေရာဖျောက်သည့် အတတ်ပညာကို အကျွမ်းကျင်ဆုံး သရုပ်ပြသွားနိုင်ခဲ့သည်ဟု အလန့်တကြား ဝန်ခံလာရပြန်သည်။ စတိုးဆိုင် အနည်းဆုံး ဒါဇင်ဝက်ခန့် ရှေ့တွင် ရပ်ခဲ့ခြင်း၊ လာခဲ့သည့် လမ်းသို့ နှစ်ကြိမ်ခန့် ပြန်လှည့်လျှောက်ခြင်း၊ တကြိမ်တွင် အရမ်းမြန်လွန်း၍ ဘလဲယားသည် ကော်ဖီဆိုင် တခုထဲသို့ ဒိုင်ဗင် ထိုးရမတတ် ကသောကမျော ဝင်ပြေးခဲ့ရသည်။

 

တိုတင်ဟမ် ကုတ် လမ်းပေါ်အရောက်တွင်တော့ မြေအောက်ရထား ဘူတာရုံထဲ ဆင်းသွားပြီး ဝါတာလူးသို့ သွားရန် လက်မှတ်ဝယ်လိုက်သည်၊ ရိုချ် နှင့် ရိဗ် တို့ နှစ်ဦးလည်း သူမနှင့် အတူ ရထားပေါ် တက်လိုက်လာနိုင်ခဲ့သည်၊ ရိုချ်သည် သူမနှင့် တတွဲတည်းတွင် ပေနှစ်ဆယ်ခန့် အကွာတွင် ‌နေရာယူလိုက်သည်။ ရိဗ် ကတော့ ကပ်လျက်တွဲ မှ လိုက်လာခဲ့သည်။ လိုက်ကက်စတာ ဘူတာသို့ အရောက် ရထားတံခါးများ ပွင့်သွားသည့် အခါတွင်တော့ သူမသည် ရှေ့ဆက်စီးမည့်ဟန်ဖြင့် မလှုပ်မယှက် ထိုင်မြဲ ထိုင်နေသည်၊ ထို့နောက်တွင်တော့ သူမသည် ရုတ်ခြည်းဆိုသလို မတ်တပ်ရပ်လိုက်ပြီး ပလက်ဖေါင်းပေါ်သို့ လှမ်းထွက်လိုက်သည်။ ရိုချ်သည် တံခါးပြန်ပိတ်တော့မည့်ဆဲဆဲ သူမနောက်သို့ လိုက်ရန် အတင်းတိုးထွက်လိုက်ရသည်၊ ရိဗ်ကတော့ မည်သို့မျှ ဆင်းခွင့်မသာတော့သဖြင့် ရှေ့ဆက်လိုက်သွားရပေတော့သည်။

 

သူမသည် လှေကားမှ တဆင့် လူအုပ်ကြီးထဲ ရောနှော ပျောက်ကွယ်သွားတော့သည်။ ရိုချ်လည်း ခေတ္တခဏမျှ မျက်ခြေပြတ်သွားခဲ့သည်၊ လမ်းပေါ်ရောက်သွားသည့် အခါတွင်တော့ သူမသည် ချာရင်း ကရော့စ် လမ်းကို အလျင်အမြန် ဖြတ်ကူးလိုက်ပြီး လိုက်ကက်စတား စကွဲယား ဘူတာ သို့ ဆင်းသည့်အပေါက်မှ ပြန်ဆင်းသွားတော့သည်။

 

ရိုချ်သည် မှတ်တိုင်တွင် ရပ်ထားသော ကားပေါ်သို့ တက် ပါသွားသည်ကို မြင်လိုက်ရသည်ဟု ကျိန်တွယ် ပြော၍ ရလောက်အောင် သေချာသည်ဟု စိတ်ထဲက ထင်နေမိသော်လည်း တနေခင်းလုံး လိုလို သူ၏ မမှားသင့်သော အမှားအတွက် အပြစ်တင် မဆုံး ဖြစ်နေခဲ့သည်။  သူလည်း ချက်ခြင်းလို လမ်းကို အပြေးအလွှားကူးကာ ပလက်ဖေါင်းမှ ခွာကာစ ဖြစ်နေသော ဘတ်စ်ကား ပေါ်သို့ ခုန်တက်လိုက်သည်။  ဆယ်စက္ကန့် အတွင်းမှာပင် သူ၏ အမှားကို ရိပ်စားမိသွားခဲ့သည်။ သူမြင်လိုက်သည်က ကက်သရင်း ဘလိတ် မဟုတ်ပဲ အခြား အမျိုးသမီး တယောက် ဖြစ်နေသည်။ နောက်မှတ်တိုင်တွင် ချက်ခြင်း ပြန်ဆင်းလိုက်ပြီး ဗီကာရီထံ ဖုန်းဆက် ပြီး သူတို့ အား ခြေရာ ဖျောက်သွားခဲ့ပြီ ဆိုသည်ကို အကြောင်းကြားလိုက်သည်။

 

အားလုံး ပြန်ဆုံမိကြသည့် အခါတွင်တော့ ဘလဲယားက သူ့အမှားကြောင့်၊ ရိဗ်က လက်မခံပဲ သူ့ကြောင့် ဖြစ်ရသည်ဟု ပြောပြန်သည်။ ရိုချ်က အားလုံးထဲတွင် သူက စီနီယာ ဖြစ်သောကြောင့် သူ့တွင် တာဝန် အရှိဆုံးဟု ပြောလိုက်ရသည်။