D-Day နောက်ကွယ်ကသူလျှိုမဟုတ်သောသူလျှိုများ (၁၂၁)

by Hla Soewai - Feb 18 2022

ဗီကာရီသည် အပေါ်ထပ်ရှိ စာကြည့်ခန်းထဲတွင် စောင့်နေသည်၊ အောက်က ကလေးမလေးများက သူ့အတွက် နောက်ဆုံးဝင်လာသော သတင်းများကို တခုပြီး တခု ယူလာပေးနေသည်။

 

၂၁၁၅ နာရီ - အားလ်ကုပ် ရှိ စောင့်ကြည့်နေသူများ ထံမှ ကက်သရင်း ဘလိတ် သည် သူမ၏ တိုက်ခန်းမှ ထွက်သွားသည်ကို တွေ့လိုက်ရသည်၊ ပူးတွဲ ပါ ဓါတ်ပုံ ကို ကြည့်ရန်။

 

၂၁၁၇ နာရီ - ကက်သရင်း ဘလိတ်သည် မြောက်ဖက်ရှိ ကရွမ်းဝဲလ် လမ်းဖက်သို့ ဦးတည် လျှောက်သွားသည်၊ မိမိတို့ဖက်မှ တဦးက ခြေလျှင် နောက်ယောင်ခံ လိုက်သွားသည်၊ ကျန် အဖွဲ့က ဗင်ကား ဖြင့် လိုက်ခဲ့သည်။

 

၂၁၂၀ နာရီ - ကက်သရင်း ဘလိတ်သည် တက္ကဆီ တစီးဖြင့် အရှေ့ဖက်သို့ ဦးတည် ထွက်သွားသည်။ စောင့်ကြည့် ကား သည် ခြေလျင် သမားကို ကားပေါ်တင်ခေါ်ကာ တက္ကဆီ နောက်သို့ လိုက်ခဲ့သည်။

 

၂၁၃၅ နာရီ - ကက်သရင်း ဘလိတ်သည် မာဘဲလ် အပ်ချ် တွင် တက္ကဆီ ပေါ်မှ ဆင်းသည်။ ဗင်ကား ပေါ်မှ နောက်ထပ် လူသစ် တဦးက ခြေလျင် ထပ်လိုက်သွားသည်။

 

၂၁၄၀ နာရီ - ကက်သရင်း ဘလိတ်သည် အောက်စဖို့ လမ်းပေါ်တွင် နောက်ထပ် တက္ကဆီ တစီး ပေါ်တက်သွားသည်၊ စောင့်ကြည့် ယာဉ်သည် သူမ အား မျက်ခြေပြတ်လုမတတ် ဖြစ်သွားခဲ့သည်၊ လမ်းလျှောက်လိုက်သွားသူ အား ခေါ်တင်ရန်ပင် အချိန်မရ ဖြစ်သွားသည်။

 

၂၁၅၀ နာရီ - ပီကာ ဒဲလီ ဆပ်ကပ်စ် လမ်းတွင် တက္ကဆီပေါ်မှ ဆင်းသွားပြီး အနောက်ဖက်သို့ လျှောက်သွားခဲ့သည်၊ နောက်ထပ် ကားပေါ်မှ လူတယောက်က သူမနောက်မှ ခြေလျင် လိုက်သွားသည်။ စောင့်ကြည့် ယာဉ်က နောက်မှ လိုက်လာခဲ့သည်။

 

၂၁၅၃ နာရီ - ကက်သရင်း ဘလိတ်သည် ဘတ်စ်ကား တစီး ပေါ် တက်သွားသည်၊ စောင့်ကြည့်ယာဉ်မှ နောက်မှ လိုက်ခဲ့သည်။

 

၂၁၅၇ နာရီ - ကက်သရင်း ဘလိတ် ဘတ်စ်ကားပေါ်မှ ဆင်းသည်၊ ဂရင်း ပတ်ခ် ပန်းခြံထဲသို့ ဝင်သွားသည်၊ မိမိတို့ အဖွဲ့မှ တယောက် နောက်က လိုက်သွားသည်။

 

ငါးမိနစ်ခန့်အကြာတွင် ဟာရီ အခန်းထဲသို့ ဝင်လာသည်၊ “ကျွန်တော်တို့ ဂရင်းပတ်ခ် ထဲမှာ မျက်ခြေပြတ်သွားတယ်၊ နောက်ကို ပြန်လျှောက်လာလို့ ကျွန်တော်တို့ လူလည်း ရှေ့ဆက်လျှောက်ခဲ့ရတယ်”

 

“ကိစ္စမရှိဘူး ဟာရီ၊ ကျွန်တော်တို့ သူဘယ်သွားလဲဆိုတာ သိရပြီ ပဲ”

 

သို့သော် နောက်ပိုင်း မိနစ် နှစ်ဆယ် လုံးလုံး သူမ ကို မတွေ့ခဲ့ကြရတော့၊ ဗီကာရီလည်း အောက်ထပ်သို့ ဆင်းလာပြီး ကွပ်ကဲရေး အခန်းထဲတွင် စိတ်လှုပ်ရှားစွာဖြင့် ခေါက်တုန့်ခေါက်ပြန် လျှောက်နေသည်၊ မိုက်ကရိုဖုန်း မှတဆင့် ဂျော်ဒန်သည် သူမကို စောင့်ရင်း အိမ်ထဲတွင် သွားလာနေသံကို ကြားနေရသည်။ သူ့နောက်ကို လိုက်လာသူများကို များ မြင်သွားခဲ့ပြီလား၊ စောင့်ကြည့်ယာဉ်ကိုပဲ သတိထားမိသွားပြီလား၊ ဂရင်းပတ်ခ် ထဲမှာများ ရန်ပြုခံခဲ့ရသလား၊ နောက်အေးဂျင့် တဦး နှင့် တွေ့နေသလား၊ ထွက်ပြေးဖို့ ကြိုးစားနေတာ များလား စသည့် မေးခွန်းများ ဖြင့် ခေါင်းထဲတွင် ချာချာလည် နေသည်။

 

အပြင်ဖက်က စောင့်ကြည့်သည့်ကား ပြန်ဝင်လာသံကို နှင့် ကားပေါ်မှ ဆင်းပြီး အိမ်ထဲသို့ ဝင်လာသော ခြေသံများကို ကြားလိုက်ရသည်၊ သူတို့ ဒီတကြိမ်လည်း အနှပ်ခံခဲ့ရပြန်ပြီ၊ ထို့နောက် ဘုသီဆီမှ ဖုန်းဝင်လာသည်၊ သူလည်း သူ၏ ရုံးခန်း မှနေ၍ စစ်ဆင်‌ရေးကို စောင့်ကြည့်နေ၍ ဘာတွေ ဖြစ်ကုန်ပြီလဲ ဆိုတာ သိချင်နေသည်။ ဗီကာရီက အကြောင်းစုံကို ပြောပြလိုက်သည့် အခါ တစုံတခုကို မသဲမကွဲ ရေရွတ်ရင်း ဖုန်းချသွားသည်။

 

နောက်ဆုံးတွင် ဂျော်ဒန်၏ အိမ်မှ အသံဗလံများ ကြားလာရသည်။

 

၂၂၂၅ နာရီ - ကက်သရင်း ဘလိတ် ဂျော်ဒန် အိမ်တံခါးဝ သို့ ချည်းကပ်လာနေသည်။ ကက်သရင်း ဘလိတ် လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်သည်။

 

ထိုသတင်းမျိုးကို ဗီကာရီ စောင့်ပြီး နားထောင်နေဖို့မလို၊ ဂျော်ဒန်အိမ်၏ လူခေါ်ခေါင်းလောင်း အပါအဝင် တအိမ်လုံး အနှံ့ အသံဖမ်းစက်များ တပ်ဆင်ထား ပြီး ဖြစ်၍ ကွပ်ကဲရေး အခန်းမှနေ၍ လေကြောင်း အန္တရာယ် အချက်ပေးသံ အလား အတိုင်းသား ကြားနေရသည်။


 **************************

ဗီကာရီက မျက်လုံးကို ပိတ်ပြီး ထွက်ပေါ်လာမည့် အသံကို နားစွင့်နေသည်၊ အခန်းတခုမှ တခု သို့ ရွေ့ရှားနေသံများ နှင့် အတူ အသံက နိမ့်လိုက် မြင့်လိုက် ထွက်ပေါ်လာနေသည်။ မိုက်ကရိုဖုန်း ဖမ်းယူရရှိနိုင်သည့် အကွာအဝေး အဆုံး မှ နောက်တခု ရှိရာဖက် ကူးပြောင်းသွား၍ ဖြစ်သည်။

 

ဗီကာရီသည် သူတို့ အချင်းချင်း တောင်စဉ်ရေမရ ပြောနေသံများကို နားထောင်ရင်း အဲလစ် ဆင်ဆမ် ၏ အချစ် ဝတ္တုထဲမှ စကားပြောခန်းများကို ပြန်အမှတ်ရသွားမိပြန်သည်။

 

“ထပ်သောက်ပါဦးလား၊ ထဲ့လိုက်မယ်”။ “ရတယ် တော်ပြီ”၊ “ဘာစားဦးမလဲ၊ ဆာနေမှာပေါ့”၊ “မဆာဘူး၊ စောစောကတင်ပဲ တခုခု စားထားပြီးပြီ၊ အခု လောလောဆယ် ကိုယ်အရမ်း လိုချင်နေတာ တခုပဲ ရှိတယ်”

 

ထို့နောက် သူတို့ နှစ်ဦး အပြန်အလှန် နမ်းရှုံ့နေသံကို ကြားရပြန်သည်။ ဗီကာရီသည် ဖုန်းကွယ်ထားမှု တခုခု ရှိမရှိ ဆိုသည်ကို အကဲခတ်ရန် သူမ၏ စကားသံ တွင် မူပျက်နေခြင်း ရှိမရှိကို သိရရန် ဂရုတစိုက် နားထောင်နေသည်။ ဂျော်ဒန် အိမ် ရှေ့ တဖက်လမ်းရှိ အိမ်တွင် အဆင့်သင့် စောင့်ဆိုင်းနေကြသော အဖွဲ့ ရှိနေပြီး ဖြစ်သည်။ တခုခု  သံသယ ရှိသည် ဟု သူယူဆသည်နှင့် ချက်ခြင်း ဝင်ဖမ်းရန် သူ၏ အမိန့်ကို စောင့်ဆိုင်းနေကြသူများလည်း ဖြစ်သည်။ ‌ဂျော်ဒန်အား ဘယ်လောက်ချစ်ကြောင်း ပြောနေသံများ ကြားရ၍ သူ့စိတ်ထဲတွင် ဟယ်လင်ကို သတိရသွားမိပြန်သည်။ ထို့နောက်တွင် စကားသံများ တိတ်ဆိတ်သွားတော့သည်။ ဖန်ခွက်ချင်း ထိသံများ၊ လက်ဆေးဇလုံမှ ရေကျသံများ ကြားရပြီး မကြာမီမှာပင် အပေါ်ထပ်သို့ တက်သွားသော ခြေသံများကို ကြားလာရသည်။  ထိုလှေကား တဝိုက်တွင် မိုက်ကရိုဖုန်း တပ်ဆင်ထားခြင်း မရှိ၍ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။ 

 

ထို့နောက် ဂျော်ဒန်၏ ကုတင်ပေါ်သို့ တက်လိုက်၍ ကုတင်မှ တကျွိကျွိ မြည်သံ ထွက်လာသည်၊ ထို့နောက် တီးတိုး စကားပြောသံများ နှင့် အတူ အဝတ်အစားများ ချွတ်နေသံများ ကြားရသည်။ 

 

ဗီကာရီက ဟာရီဖက် လှည့်လိုက်ပြီး “ကဲ..ကျွန်တော်လည်း အပေါ်ထပ် တက်လိုက်ဦးမယ်၊ ဒီအမျိုးသမီး လှုပ်ရှားလာသံကြားရင် သာ ကျွန်တော်ကို လာခေါ်” ဟု ပြောလိုက်သည်။

 

 *****************************

အမျိုးသမီး ၏ ခြေသံ ဖွဖွ နင်းသံကို ပထမဦးဆုံး ကြားလိုက်ရသူက ကလိုက်ဖ် ရိုချ်ပင် ဖြစ်သည်။ ထို့နောက် ဂျင်ဂျာ ဘရက်ရှောလည်း ကြားခဲ့သည်၊ ဟာရီကတော့ ဆိုဖာရှည်ကြီး ပေါ်တွင် အိပ်မောကျနေပြီ ဖြစ်သည်။ သူ၏ ရှည်လျားသော ခြေထောက်များကို ဆိုဖာလက်တန်း ကို ကျော်၍ တွဲလောင်းကျနေသည်။

 

ရိုခ်ျ က သူ့ဖိနပ်ဦး နှင့် ထိုးကာ ဟာရီကို လှမ်းနှိုးလိုက်သည်။ ဟာရီက ပြူးပြူးပြဲပြဲ နှင့် ထလာပြီး အသံကို နားစွင့်လိုက်သည်။ ချက်ခြင်းလို အပေါ်ထပ်သို့ ကသောကမျော ပြေးတက်သွားသည်။

 

ဗီကာရီ လည်း သူ့ ရုံးတွင် ရှိသည့် ညအိပ် ပျော်ပွဲစား ထွက် လျင် သုံးသည့် ကုတင်ကို ယူလာခဲ့သည်၊ သူ့အကျင့် အတိုင်း မီးဖွင့်လျက်သား အိပိပျော်နေသည်။

 

ဟာရီ က ပခုံးကို ကိုင်ကာ လှူပ်နှိုးလိုက်သဖြင့် ချက်ခြင်းလို လူးလဲထကာ လက်မှနာရီကို ကြည့်လိုက်သည်။ နာရီ လက်တံက မနက် နှစ်နာရီ လေးဆယ့်ငါးမိနစ် သို့ ညွှန်ပြနေသည်။ သူတို့ နှစ်ဦးသား စကား တခွန်းမျှမပြောပဲ လှေကားမှ တဆင့် အောက်ရှိ ကွပ်ကဲရေး အခန်းထဲသို့ ဆင်းလာကြသည်။

 

ဗီကာရီ သည် ဖမ်းမိထားသော ဂျာမန်အေးဂျင့် တဦး၏ ကင်မရာ ကို စမ်းသပ်ပြီး ဖြစ်၍ အသံကို ချက်ခြင်း ဆိုသလို မှတ်မိလိုက်သည်။

 

ကက်သရင်း ဘလိတ်သည် ဂျော်ဒန်၏ စာကြည့်ခန်းထဲသို့ ရောက်နေပြီ ဖြစ်သည်။ သူတို့ ပေးထားသော "ပါတီပွဲကြီး" ၏ ပထမသုတ် အဖြစ် ဖန်တီးပေးထားသော  စာရွက်စာတမ်း အတုများကို ဓါတ်ပုံ တဖြတ်ဖြတ် ရိုက်နေသည်။ 

 

တမိနစ်လောက် အကြာတွင်တော့ အသံတိတ်သွားခဲ့သည်။ စာရွက်စာတမ်းများကို နေရာတကျ ပြန်ထားနေသံများကို  ကြားနေရသည်။ ထို့နောက်တွင်တော့ မီးခံသေတ္တာ တံခါး အား ပိတ်လိုက်သည့် အသံ ထွက်လာသည်။ ထို့နောက် ကလစ် ဟူသော မီးခလုတ် ပိတ်သံကို နှင့် အတူ တဆက်တည်း ဆိုသလို လှေကား ပေါ်သို့ ပြန်တက်သွားသည့် ခြေသံကို ကြားလိုက်ရပေတော့သည်။

 

***************************