D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၂၄)

by Hla Soewai - Feb 22 2022

၁၉၄၀ တွင် Ml-5 ကို ပြန်လည် ဖွဲ့စည်းလာခဲ့သည်။ MI-5 အား ၁၉၀၉ ခုနှစ် ကတည်းက တည်ထောင်ပြီး အုပ်ချုပ်လာခဲ့သည့် ညွန်ကြားရေးမှုးချုပ် ဗာနွန် ကဲလ် အား ချာချီသည် ရုတ်ခြည်းဆိုသလို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ဆာ ဒေးဗစ် ပီထရီအား တာဝန်ယူစေခဲ့သည်။ ဘုသီ သည် ပီထရီနှင့် အိန္ဒိယ မှာ ရှိစဉ်ကတည်းက သိကျွမ်းခဲ့ပြီး ဖြစ်သည်။ ထို့အတွက်လည်း ဘုသီသည် လည်း ရာထူး တက်သွားခဲ့ပြီဖြစ်သည်။


ထို့အတွက် သူထိန်းချုပ်ထားသော ပီလီကန် ကို ဆက်လက် ကိုင်တွယ်သွားနိုင်ရန် အယ်ဖရက်လို လူမျိုး လိုအပ်လာသည်။ သို့သော် ပီလီကန် ကို လက်လွတ်စပယ် ပစ်ထား၍ မဖြစ်သေး၊ နောက်ကွယ် မှ တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားဦးမှ ဖြစ်မည်လည်း ယူဆသည်။


ပီလီကန်သည် လွန်စွာ အရေးပါသော နှစ်ဖက်သူလျို တဦး ဖြစ်၍လည်း ရုံးက ကင်တင်းကိုတောင့် မမေးမစမ်းပဲ ဖြောင့်ဖြောင့်မတ်မတ် ရောက်အောင် မသွားတတ်သည့် လူမျိုးထံ ပုံအပ်ထား၍ မဖြစ်သေး၊ ထို့အပြင် လောလောဆယ် ပီလီကန် နှင့် ရှလင်းဘတ်ခ် တို့ ပတ်သက်နေသည့် အနေအထားသည်လည်း လွန်စွာမှ စိတ်ဝင်စားဖို့ ကောင်းလာနေသည်။



ရှလင်းဘတ်သည် ပီလီကန်ထံမှ ပထမဆုံး ရရှိခဲ့သော အစီရင်ခံစာကို အထူး ကျေနပ်အားရနေသည်။ အထဲတွင် ပါရှိသည်များက အားလုံး သဘောကျစရာ ခြည်း ဖြစ်နေသော်လည်း တကယ်တမ်းတွင် မဟာမိတ်တို့အား မည်သို့မျှ အန္တရာယ် မပေးနိုင်သည့် အကြောင်းအရာ များသာ ဖြစ်သည်။ လက်နက်ခဲယမ်း ထုတ်လုပ်‌နေမှု အခြေအနေ၊ တပ်များ၏ လှုပ်ရှားမှု၊ ဗုံးဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားခဲ့ သည့် အတိုင်းအတာ အစရှိသည်တို့ ဖြစ်သည်။



ရှလင်းဘတ်သည် သူရရှိသော သတင်းများကို ပေးပို့နေသူသည် NKVD အတွက် လူသစ်စုဆောင်းပေးနေသည့် ဂျုး ကွန်မြူနစ် တ‌ယောက် ဖြစ်သည်ကိုပင် အမှု မထားနိုင်တော့ပဲ လက်ခံရရှိသည့် သတင်းများအပေါ် ယစ်မူးနေသည်။ သူ နှင့် SS တဖွဲ့လုံးက အပ်ဗဲယား ရှိ ကနယ်ရစ် မှစ၍ ဝါရင့် ထောက်လှန်းရေး အရာရှိများ အားလုံးကို ရွံရှာ မုန်းတီးနေကြသူများလည်း ဖြစ်သည်။


ယင်းနှင့်အတူ ကနယ်ရစ်က ဖူးဟား ထံ ပေးပို့နေသည့် သတင်းများကို အယုံအကြည် မရှိ ဖြစ်လာကြသည်။ ရှလင်းဘတ်က သူစောင့်နေသည့် အခွင့်အရေး ရလာပြီဟု ယုံကြည်လာသည်။ ပီလီကန်မှတဆင့် ဗြိတိန်တွင် သူ၏ ကိုယ်ပိုင် သူလျို ကွန်ယက်ကြီး တခု တည်ဆောက်ကာ ရလာသော သတင်းများကို သူ နှင့် ဟင်းဒရစ်ခ်ျ ဟင်းမလားတို့ ထံ တိုက်ရိုက် ပေးပို့ခိုင်းမည်၊ ဤနည်းဖြင့် အပ်ဗဲယား အဖွဲ့အား ချောင်ထိုး နိုင်တော့မည် ဖြစ်သည်ဟုရှု့မြင်လာသည်။



ဘုသီဖက်ကလည်း အခွင့်အရေး တရပ် ‌ရရှိလာပြီဟု ယူဆထားပြန်သည်။ ပီလီကန်၏ ကွန်ယက်ကို အသုံးချ၍ ရည်ရွယ်ချက် နှစ်ခု ပြည့်မြောက်အောင် ပြုလုပ်နိုင်စွမ်း ရှိလာသည်။ နှစ်ဖက်ခွ သူလျိုများမှ တဆင့် ကနယ်ရစ် ထံ ပေးပို့နေသော သတင်းမှားများကို ပီလီကန် ကွန်ယက်ဖြင့် သတင်းအမှန်ဟု ထင်မြင်လာ‌အောင် ထပ်၍ အတည်ပြု နိုင်ရန် နှင့် တချိန်တည်း မှာပင် ဂျာမန် ထောက်လှန်းရေး အဖွဲ့ နှစ်ဖွဲ့အကြား သံသယများ နှင့် မယုံမကြည် ဖြစ်လာအောင် သပ်လျိုသွားနိုင်ရန် တို့ ပင် ဖြစ်သည်။



ထိုသို့ ဖြစ်လာရန် သိမ့်မွေ့စွာ ထိန်းညှိ လှုပ်ရှားသွားနိုင်မှ ဖြစ်ပေမည်။ MI-5 အနေဖြင့် ကနယ်ရစ်အား လက်ရှိ ရာထူးတွင်ပင် ဆက်လက်တည်မြဲနေရန်ကို လိုလားသည်။ ကနယ်ရစ် စေလွတ်ထားသော သူလျို ကွန်ယက်ကြီး တခုလုံးနီးပါးကို ဖေါ်ထုတ်နိုင်ခဲ့သဖြင့် လိုသလို ထိန်းချုပ် အသုံးချ၍ ရနေသည်။ သူတို့ အချင်းချင်းအကြား မကျေနပ်မှုများ၊ သစ္စာမဲ့မှုများ ဖြစ်လာအောင် မီးထိုးပေးထားရန်သာ လိုသည်။



ဘုသီသည် ပီလီကန် မှ တဆင့် ရှလင်းဘတ်ခ်ထံ သတင်းများ စတင်ပေးပို့လာခဲ့သည်။ သူ ပေးပို့သည့် သတင်းများသည်လည်း ကနယ်ရစ် ၏ သစ္စာစောင့်သိမှု အပေါ် သို့လော သို့လော ထင်စရာ ဖြစ်စေမည့် သတင်းမျိုးများသာ ဖြစ်သည်။ သို့သော် ရှလင်းဘတ်ခ် မှ ကနယ်ရစ် နောက်ကြောကို ဓါးနှင့် ထိုးနိုင်လောက်အောင် အထိတော့ ခိုင်လုံသည့် သတင်းမျိုးလည်း မဖြစ်စေရ၊ လက်ကို သွေးစွန်းယုံလောက် အနာတရ ဖြစ်စေယုံသာ။




၁၉၄၂ တွင်တော့ ဘုသီ ၏ ကစားပွဲသည် ထိန်းမရအောင် ဖြစ်လာခဲ့သည်။ ရှလင်းဘတ်ခ် သည် ကနယ်ရစ်၏ အပြစ်များကို စာရင်းပြုစုပြီး ဟင်းမလားထံ တင်ပြခဲ့သည်။ ထို့အတွက် နှစ်ဖက်ခွ သူလျိုများကို ကိုင်တွယ်နေသည့် ကော်မတီသည် ဒီတိုင်းကြည့်နေ၍ မဖြစ်တော့ဟု ဆုံးဖြတ်ကာ ကနယ်ရစ်အား သူ့လည်ပင်း ကြိုးကွင်းစွပ်လာသည့် အရေးကို ဖြေလျော့နိုင်ရန် အရိုး အရင်း သတင်းလေးများ ပေးမှ ဖြစ်မည်ဟု ဆုံးဖြတ်လာခဲ့သည်။ ပေးသည့် သတင်းသည်လည်း ဖူးဟားထံ တိုက်ရိုက် တင်ပြနိုင်လောက်သည့် တန်ဖိုးကြီး သတင်းထူးမျိုးလည်း ဖြစ်ရမည်၊ သို့မှသာ သူ၏ အပ်ဗဲယားသည် ထိရောက်မှု ရှိနေဆဲ ဖြစ်သည်ကို သက်သေပြနိူင်မည်လည်း ဖြစ်သည်။



ကော်မတီ၏ လုပ်ရပ်က အသုံးတည့်သွားခဲ့သည်၊ ဟင်မလားလည်း ရှလင်းဘတ်ခ် ၏ ဖိုင်ကို အံဆွဲထဲ့ ထည့်၍ သိမ်းထားလိုက်ရပြီး မြေခွေးအိုကြီး ကနယ်ရစ်သည်လည်း သူ၏ ရာထူးတွင် ဆက်၍ တည်မြဲသွားခဲ့သည်။


**************



ဘုသီက သူ့ခွက်ထဲသို့ ကော်ဖီ ထပ်ငှဲ့ထဲ့လိုက်ပြန်သည်။ ဗီကာရီ အဖို့က ပထမ တခွက်ကိုပင် ကုန်အောင် မသောက်နိုင် ဖြစ်နေသည်။ သူ၏ တဝက်တပျက် ကျန်နေဆဲ ဖြစ်သော ကော်ဖီခွက်သည် ပြတင်းပေါက် ဘောင်ပေါ်တွင် ရှိနေဆဲ ဖြစ်သည်။ နောက်ဖေးလမ်းကြားထဲရှိ ကလေးများကတော့ လေတိုက်နေသည့် ကြားမှပင် ဆော့ကစားနေကြဆဲ ဖြစ်သည်။ လေနှင့်အတူ မိုးက ပါလာခဲ့ပြီ ဖြစ်၍ သူတို့ အခန်းထဲတွင် မှောင်မဲလာနေသည်။



အိမ်ကြီးတအိမ်လုံးလည်း မနက်ပိုင်းက ကြားခဲ့ရသော ဆူဆူညံညံ အသံများ ထွက်မလာတော့ပဲ တိတ်ဆိတ်သွားသည်။ ဘုသီ အခန်းထဲလမ်းလျှောက်နေ၍ ကြမ်းခင်းက ထွက်လာသော တကျွီကျွီ မြည်သံကိုသာ ကြားနေရသည်။ ဗီကာရီ က ပြတင်းပေါက်မှ မျက်နှာကို ခွာလိုက်ပြီး ဘုသီဖက် လှည့်ကြည့်လိုက်သည်။ ဘုသီ ပုံသည် ဖေါ်ချွတ် ကချေသည်များ ကြားထဲ ရောက်နေသည့် ဘုန်းတော်ကြီး တပါးလို ဖြစ်နေသည်။ သို့သော်လည်း သူလက်ရှိ အနေအထားကို ကျေနပ်နေသည့် ဟန် ရှိသည်။ စပိုင်များပင် တခါတရံ သူတို့၏ လျို့ဝှက်ချက်များကို ပြောရသည်ကို နှစ်သက်တတ်ကြသည်ပင်။



ဘုသီက သူ၏ အပေါ် ကုတ်အင်္ကျီထဲ လက်နှိုက်ကာ စာရွက်တရွက်ကို ဆွဲထုတ်လာပြီး ဗီကာရီထံ လှမ်းပေးလိုက်သည်။ ဗီကာရီ မှ အရင်က သူ့ထံ တင်ပြခဲ့သည့် မီမို ဖြစ်နေသည်။ မီမိုထဲတွင် လုံခြုံရေး ဆိုင်ရာ သတိပေးချက် တရပ် ထုတ်ပြန်ရန် တောင်းဆိုထား ခဲ့သည်။ ဗီကာရီက စာရွက်၏ ဘယ်ဖက် အပေါ်ဆုံး ထောင့်တွင် "ဆက်လက် ဆောင်ရွက်ရန်" ဟု တံဆိပ်တုံး နှိပ်ထားသည်ကို တွေ့ လိုက်ရသည်။ တံဆိပ်တုံး၏ ဘေးတွင် ဘုသီ၏ လက်မှတ် အတို ထိုးထားသည်။ ဘုသီက ဗီကာရီ လက်ထဲက စာရွက်ကို ပြန်ဆွဲယူသွားပြီး ပီလီကန်အား ပေးလိုက်ပြန်သည်။



ပီလီကန် ထံမှ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်ကို ပထမဆုံး အကြိမ် တွေ့လာရသည်။ ဗီကာရီ စာကို စားပွဲပေါ် တင်ကာ မီးခလုတ်ကို ဖွင့်လိုက်သည်။ သူ့ နောက်တွင် ရပ်နေသော ဗီကာရီသည် ပီလီကန် မျက်မှန် အမည်းနောက်ရှိ မျက်လုံးများ အလင်းရောင်နှင့် နေသားမကျ၍ မျက်မှောင်ကုတ်လိုက်သည်ကို တွေ့နေရသည်။ ပီလီကန်သည် ဖတ်ပြီးသွားသည်နှင့် သူ့ အင်္ကျီအိတ်ထဲမှ ၁၉၄၀ က ရှလင်းဘတ်ခ် ပေးထားသော ဂျာမန် လုပ် ကင်မရာ ကို ထုတ်လိုက်ပြီး ဓါတ်ပုံ ဆယ်ပုံခန့်ကို ဝါရင့် ကင်မရာမင်း တယောက်အလား အလင်းအမှောင် နှင့် ထောင့် ကို အကျအန ချိန်ကာ ရိုက်ယူနေသည်။ ပြီးသည်နှင့် ကင်မရာအား ဟော့ခ် ဖက်သို့ လှည့်ကာ ချိန်ပြီး နှစ်ပုံခန့် ရိုက်ယူကာ အိပ်ထဲ ပြန်ထည့်လိုက်သည်။



"ပီလီကန် က ဒီညပဲ လစ္စဘွန်းကို သွားဖို့ရှိနေတယ်၊ ရှလင်းဘတ်ခ် နဲ့ သူ့ မိတ်ဆွေတွေက တွေ့ချင်တယ် ဆိုပြီး ချိန်းထားလို့၊ ဒီတခါကျရင်တော့ ပီလီကန်ကို အသေးစိတ် မေးကြမြန့်းကြတော့မယ်လို့ ယူဆရတယ်"


"သူတို့ စစ်လားဆေးလား မလုပ်မီ ပီလီကန်ကနေ ဖလင်လိပ်ကို အရင် ထုတ်ပေးမယ်၊  နောက်တကြိမ် တီယာဂါးတင်းမှာ ရှလင်းဘတ် နှင့် ကနယ်ရစ် တို့ မြင်းအတူတူ စီးဖြစ်ချိန်ကျ  ရှလင်းဘတ်ခ်က သူသိလာသမျှတွေကို  ကနယ်ရစ်ကို ပြောပြလိမ့်မယ်။ အဲ့ကျရင် ကနယ်ရစ် နဲ့ ဗိုဂဲလ်တို့က ကက်သရင်း ဘလိတ်ဆီက ရထားတဲ့ "ပါတီပွဲကြီး"
စာရွက်စာတမ်း တွေကို ‌ ‌ရွှေထုတ်ကြီး ကောက်ရသလို မျိုး ဝမ်းသာအားရ နဲ့ အစစ်အမှန် ‌တွေပဲ ဆိုပြီး ယုံကြည်လာကြလိမ့်မယ်။ သူတို့ အေးဂျင့် ဟာ အခုအချိန်အထိ ရန်သူ မရိပ်မိအောင် လှုပ်ရှားနိုင်နေဆဲ ဖြစ်လို့ ဗြိတိသျှ ထောက်လှန်းရေး တဖွဲ့လုံး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်ကြပြီဟု ဂုဏ်ယူဝင့်ကြွားနေကြတော့မယ်၊ ဒီတော့ နောက်ပိုင်း ပိုးစာပင် စစ်ဆင်ရေး နဲ့ ပတ်သက်ပြီး သူတို့ အေးဂျင့် ပေးတဲ့ သတင်း မှန်သမျှကို အတိအကျပဲလို့ မှတ်ယူကြတော့မယ်၊ ကျွန်တော်ပြောတာ ရှင်းတယ် မဟုတ်လား အယ်ဖရက်"



ထို့နောက်တွင် ဘုသီ နှင့် ဗီကာရီ တို့ အခန်းထဲမှ ပြန်ထွက်လာခဲ့ကြသည်။ အလာတုန်းကလိုပင် ဘုသီက ရှေ့မှ ဦးဆောင်သွားသည်၊ အ‌မှောင်ထဲတွင် လှေကားကို ဆင်းရသည်မှာ တက်စဉ်ကထက် ပိုခက်ခဲလှသည်။ နှစ်ကြိမ်ခန့် ခြေချော်လက်ချော် ဖြစ်မည်စိုး၍ ဗီကာရီသည် ဘုသီ ဝတ်ထားသော ကက်ရှ်မီယား ကုတ်အင်္ကျီ ပုခုံးစ ကို ကိုင်ထားရသည်။



အလာတုံးက တွေ့ခဲ့ရသော ကြောင်က ပြန်ပေါ်လာပြီး သူတို့အား မာန်ဖီနေပြန်သည်။ ပတ်ဝန်းကျင် ရှိ အနံ့အသက်ဆိုးများကတော့ လာခဲ့စဉ်ကအတိုင်းပင်၊ လှေကားခြေရင်းသို့ ရောက်လာသည့် အခါ ဗီကာရီသည် ခင်းထားသော ဖယောင်းပုဆိုး ပေါ်ရှိ တခုခုကို သူ့ဖိနပ်နှင့် တက်နင်းမိသလို ခံစားလိုက်ရသည်။ ဘုသီက တံခါးကို ဖွင့်ထွက်သွားပြီး ဗီကာရီလည်း နောက်ကလိုက်လာခဲ့သည်၊ အပြင်ရောက်သည်နှင့် မိုးရေစက်များက သူ့မျက်နှာအား လာရောက်ထိမှန်ကုန်ပြီ ဖြစ်သည်။
 


ထိုကဲ့သို့သော နေရာမျိုးမှ အပြင်သို့ ပြန်ထွက်လာနိုင်၍ သူ့စိတ်ထဲတွင် မကြုံဖူးလောက်အောင် ပျော်ရွှင်သွားခဲ့မိသည်။ ကားဆီသို လျှောက်လာကြရင်းက ဘုသီကို အကဲခတ်ကြည့်လိုက်ရာ ဘုသီကလည်း သူ့ကို ကြည့်နေမှန်း သတိထားမိလိုက်သည်။


ဘုသီသည် သူ့အား ရှိမည်ဟု ထင်မထားခဲ့‌ သော သူလျိုတို့၏ လျို့ဝှက် ကမ္ဘာသို့ ခေါ်ယူပြသခဲ့ချေပြီ။


ဗီကာရီက ကားထဲသို့ ဝင်ထိုင်လိုက်သည်၊ ဘုသီလည်း သူ့ဘေးတွင် ဝင်ထိုင်ရင်းက ကားတံခါးကို ဆွဲပိတ်လိုက်သည်။ သူတို့ ကားသည် ကင်းစလန် လမ်းမှတဆင့် တောင်ဖက် မြစ်ရှိရာသို့ ဦးတည် မောင်းနှင်လာခဲ့သည်။ ဗီကာရီက ဘုသီဖက် တချက် လှည့်ကြည့်လိုက်ပြီး မျက်နှာကို တဖက်သို့ လွှဲလိုက်ပြန်သည်။ ဘုသီပုံက သူလုပ်ခဲ့သမျှ အတွက် ကျေနပ်နေပုံ ရသည်။



"ကျွန်တော်ကို ဒီလောက်အထိ လိုက်ပြစရာ မလိုပဲနဲ့ ဘာကြောင့် ပြရတာလဲ"


"ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် ပြချင်လို့ပဲ"


"ဒါဆိုရင် 'need to know' ဆိုတာကြီးက ဘယ်ရောက်သွားပြီလဲ၊ ဘာဖြစ်လို့လည်း ဆိုတော့ ဒါတွေ ကျွန်တော် သိဖို့မလိုဖူး ထင်လို့၊ ကျွန်တော် ရေးထားတဲ့ မီမိုကို ရှလင်းဘတ်ခ် ဆီ ရောက်အောင် ပို့လိုက်နိုင်ရင် ပြီးတာပဲ၊ ကျွန်တော်ကို ပြောနေစရာ မလိုပါဘူး"


"ခင်ဗျား ပြောတာ မှန်ပါတယ်"



"အဲ့တာ ဆို ဘာကြောင့် လုပ်ရတာလဲ၊ ကျွန်တော် အထင်ကြီးသွားအောင်လား"


"အဲ့တာလည်း အမှန်ပဲ၊ ကက်သရင်း ဘလိတ်ကို ပိုနေမြဲ ကျားနေမြဲ ဆက်ထားသင့်တယ် ဆိုတဲ့ ခင်ဗျားရဲ့ အိုင်ဒီယာကို အခု လူအတော်များများက အထင်ကြီး လာကုန်ကြပြီ၊ ကျွန်တော် အပါအဝင်ပေါ့၊ ကျွန်တော် ခင်ဗျားကို လျော့တွက်ခဲ့မိတယ်၊ ခင်ဗျားရဲ့ ညဏ်ပညာ ရင့်ကျက်မှု နဲ့ ရက်ရက်စက်စက် လုပ်တတ်တာမျိုးတွေကို ပဲ အယ်ဖရက်၊ ခင်ဗျားက သွေးအေးအေးနဲ့ ပီတာ ဂျော်ဒန်ကို စာရွက်စာတမ်း အပြည့်အစုံ ပါတဲ့ ဘရိဖ်ကေ့စ်ကြီး လက်က ကိုင်ပြီး သူ့အိပ်ခန်းထဲကို ပြန်ထည့်ပစ်ခဲ့တာကို ကြည့်တော့၊ ဒီကစားပွဲမှာ နောက်ထပ် တဆင့် ရှိသေးတယ် ဆိုတာကို ခင်ဗျား ခေါ်ပြရတော့တာပဲ ဗျို့"



"အခု လုပ်နေတာတွေကို ကစားပွဲ တခုလို့ ခင်ဗျား သဘောထားနေတာလား ဆာ ဘက်ဆယ်"



သူ့စကားကြောင့် ဘုသီက ပြုံးလိုက်သည်၊ ထိုသို့သော အပြုံးမျိုးက ဘုသီ၏ ကြောက်စရာ အကောင်းဆုံး လက်နက် တခုလည်း ဖြစ်သည်။ ထိုသို့သော အပြုံးမျိုးဖြင့် သူ၏ မိန်းမရှုပ်ခဲ့သည့် ကိစ္စများ အ‌တွက် ဇနီးဖြစ်သူ ပင်တီလုပ် တယောက် ပျော့ကျသွားအောင် လုပ်နိုင်ခဲ့သူ ဖြစ်သည်။

 

တင်ပြီးသမျှ အပိုင်းအားလုံးကို တစုတစည်းတည်း ဖတ်ရှုရန် "ရသစာ ပေ ကဏ္ဍဖြစ်သည့် အောက်ပါ လင့်ခ်

တွင်ကြည့်ရှု့နိုင်ပါသည်။

 

 

 

 

http://www.yawnathan.com/mm/news/Category/literature


*******************